သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရန်း ရွိုင်ရယ် ဝီစကီ စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


အခုတလော ရန်ကုန်မြို့မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ခလစာ တိုးရရေး၊ လုပ်ငန်းခွင် အခြေအနေ တိုးတက်စေရေး ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ အခုနောက်ဆုံး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက Grand Royal အရက်ချက်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။ အကြောင်းစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

နေ့စားအလုပ်သမားတွေ အနေနဲ့ လုပ်အားခ နည်းပါးတာကြောင့် ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြနေတဲ့ နေရာကို ရောက်ရှိခဲ့တဲ့ အလုပ်သမားတဦးရဲ့ ဖခင်ဖြစ်သူက အခုလို စပြောပြပါတယ်။

“ကျနော့်သမီးတွေက နံပါတ် 2 ဆိုက် ကျတာပေါ့၊ ညပိုင်းကျတယ်။ သွားတဲ့အခါ မနက်ဆိုက်သမားတွေက ဆန္ဒပြနေတဲ့အတွက် သူတို့လည်း မဝင်ဘဲနဲ့ အဲဒီမှာ ဆန္ဒပြတယ်။ ညကျတော့ မိုးချုပ်တော့ သူတို့ ပြန်ရသွားရမှာ ခက်တဲ့အတွက်၊ မနေ့က တောင်သူလယ်သမားနေ့ ပိတ်ရက်ဆိုတော့ ဒီနေ့ကျမှ နှစ်ဆိုက်ပေါင်းပြီး ညဂျူတီသမားရော၊ နေ့ဂျူတီသမားရော ဆန္ဒပြဖို့အတွက် မနက်က ကျနော့်သမီးတွေ သွားကြတယ်။ လူပေါင်း ၁,၀၀၀ ကျော်လောက် စက်ရုံရှေ့မှာ သူတို့ ဆန္ဒပြကြတယ်။”

အလုပ်သမားတွေ အနေနဲ့ နေ့စားအလုပ်သမားတွေရဲ့ လစာက အင်မတန် နည်းပါးပြီး လက်ရှိ ကုန်ဈေးနှုန်းနဲ့ဆို အတော်ကျပ်တည်းနေတာကြောင့် လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြတာလို့ ဆိုပါတယ်။

“ပါမင်းနင့် (Permanent) ဆိုရင် ပထမ ၈၀,၀၀၀ ရတယ်။ နေ့စားကျတော့ တနှစ်မပြည့်သေးတဲ့သူက တနေ့ကို ၁,၁၀၀ ရတယ်။ တနှစ်ပြည့်ပြီးတဲ့သူက တနေ့ကို ၁,၃၀၀ ရတယ်။ တနင်္ဂနွေတရက် အလုပ်ပိတ်တယ်။ အဲဒီအတွက်လည်း မရဘူး။ နောက် ရုံးပိတ်ရက် Gazetted Holiday တွေလည်း မရဘူး၊ နေ့စားဆိုတဲ့အတွက်။ နောက် စက်ရုံက သန့်ရှင်းရေးလုပ်မယ်၊ စက်ပျက်တယ်ဆိုပြီး သုံးလေးရက် နားရင်လည်း အဲဒီအတွက် လုပ်အားခ မရဘူး။

“အဲတော့ နေ့စား အလုပ်သမားက ၁,၁၀၀ ဆိုတော့ ပိတ်ရက်တွေ နှုတ်လိုက်တဲ့အခါ ၂၀,၀၀၀ ကျော် ၃၀,၀၀၀ တောင် မပြည့်ချင်ဘူး။ အဲဒီတော့ အခု ကုန်ဈေးနှုန်းနဲ့ဆို စားဝတ်နေရေး မပြေလည်တဲ့အတွက် သူတို့ ပါမင်းနင့် ဝန်ထမ်းတွေကျတော့ လစာကောင်းပြီးတော့ နောက်ထပ် ၃၀% တိုးပြီးတော့ နေ့စား အလုပ်သမားတွေကျတော့ တပြားမှ မတိုးတဲ့အတွက် သူတို့ မကျေနပ်လို့ ဆန္ဒပြတယ်။”

၃ ရက်နေ့ နေ့ခင်းပိုင်းမှာတော့ ဆန္ဒပြနေတဲ့သူတွေကို စက်ရုံက တာဝန်ရှိသူတွေက ညှိနှိုင်းပေးမယ်ဆိုပြီး စက်ရုံထဲကို ခေါ်သွားတာကိုပဲ သိခဲ့ရကြောင်း၊ သမီးဖြစ်သူကတော့ အခုချိန်ထိ အိမ်ပြန်မလာသေးကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“စက်ရုံမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက သူတို့ကိုခေါ်ပြီးတော့ စက်ရုံရှေ့မှာဆိုရင် ဘယ်လိုမှ ဆွေးနွေးလို့ မရဘူးတဲ့။ စက်ရုံထဲကို အကုန်လုံး ဝင်ကြပါ။ စက်ရုံထဲမှာ ဆွေးနွေးပါ့မယ်ဆိုပြီး သူတို့ကို အထဲကိုသွင်းလို့ ဝင်သွားကြတယ်တဲ့။ အပြင်မှာ ကျနော်ရောက်သွားတဲ့ အချိန်မှာ ၁၅ ယောက်လောက် ရှိတယ်၊ အလုပ်သမား ယူနီဖောင်း ဝတ်ပြီးတော့ ကောင်မလေးတွေ မေးကြည့်တော့ ကျနော့်သမီးတွေရော ဆိုတော့ အထဲမှာ သူတို့ ဆွေးနွေးဖို့ အထဲကိုခေါ်လို့ ဝင်သွားကြတယ်တဲ့။ ကျမတို့ကတော့ မဝင်ချင်လို့တဲ့ အပြင်မှာ စောင့်နေတယ်တဲ့။”

စက်ရုံတွင်းမှာ အောက်ခြေ လုပ်ငန်းတွေကို နေ့စား အလုပ်သမားတွေက လုပ်ခဲ့ရကြောင်း၊ ပင်ပန်းတဲ့ အလုပ်တွေကိုပဲ လုပ်ရတဲ့အတွက် သူတို့ကိုလည်း လစာတိုးပေးသင့်တယ်လို့ ယူဆကြောင်းလည်း ဆက်ပြောသွားပါတယ်။

“စက်ရုံမှာ နေ့စားသမားတွေက သန့်ရှင်းရေး၊ ပုလင်းဆေးရတယ်၊ ထည့်ပြီးသား ပုလင်းတွေကို သယ်ပြီး တံဆိပ်ကပ်တာတို့၊ သယ်ပို့ပေးတာတို့၊ ပါကင်လုပ်ပေးတာတို့၊ နောက် အရက်တွေကို ပုလင်းထဲ ထည့်ပေးရတာတို့ အကုန်လုံး သန့်ရှင်းရေးကအစ အကုန်လုပ်ပေးရတယ်။”

အာဏာပိုင်တွေဘက်က စောင့်ကြည့်မှုတွေ ရှိမရှိ နောက်ဆုံးအခြေအနေကို မေးမြန်းကြည့်ခဲ့ရာမှာတော့ …

“လုံခြုံရေးက အခုလောလောဆယ် ကျနော်တွေ့တာတော့ ထောက်လှမ်းရေးဆိုင်ကယ် ၅ စီးလောက်ပဲ တွေ့တယ်၊ အဲဒီမှာ။ အရပ်ဝတ်နဲ့ပေါ့။ သူတို့ ရှေ့က ဈေးဆိုင်တွေထဲမှာ ဝင်နေကြတယ်။”

စက်ရုံတွင်းက ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး Grand Royal Whisky စက်ရုံကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ဖြေကြားမယ့်သူ မရှိသလို ရွှေပြည်သာမြို့နယ် ရဲစခန်းကို ဆက်သွယ်တဲ့ အခါမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း စက်ရုံတချို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ တချို့စက်ရုံတွေကတော့ အနည်းဆုံး တလကို ကျပ် ၅,၀၀၀ လောက် တိုးပေးပြီး ဆန္ဒပြမှုတွေ မဖြစ်အောင် ကြိုတင် ကာကွယ်လိုက်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့အချိန်မှာ စက်ရုံအများစုက အလုပ်သမားတွေရဲ့ လုပ်အားခဟာ ကျပ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ သူတို့ရဲ့ တလလုံးလုပ်ခဟာ ဒေါ်လာ ၂၀ ကနေ ၃၀ ကြားလောက်မှာသာ ရတဲ့အတွက် အလုပ်သမားတွေ အနေနဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG