မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့အကြား စစ်ရေး ဆက်ဆံရေးတွေ ပိုတိုးလာနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စုဘက်က ပြောဆိုတဲ့အသံတွေ ဒီရက်ပိုင်းအတွင်း ပြန်ကြားလာရပါတယ်။ အထူးသဖြင့်တော့ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားဆီကနေ နျူကလီးယားလက်နက် ထုတ်လုပ်တဲ့ နည်းပညာရဖို့ ကြိုးစားနေတယ်ဆိုတဲ့ သံသယတွေ ပိုပိုပြီး ကြီးထွားလာနေတာကြောင့်ဖြစ်ပါတယ်။
၂၄ နှစ်လောက် သံတမန် အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပြီးမှ မြောက်ကိုရီးယားနဲ့ သံတမန် အဆက်အသွယ် ပြန်ထူထောင်ခဲ့တာဟာ စစ်လက်နက်ပစ္စည်း ကိစ္စက အဓိကပဲလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ထိ ရည်ရွယ်ချက်နဲ့ မြောက်ကိုရီးယားနဲ့ သံတမန် ပြန်ဆက်ဆံတယ် ဆိုရင်တော့ ရေရှည်မှာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးဖြစ်စေမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံက သူလျှိုတွေဟာ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး အဲဒီအချိန်က မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် (Chun Doo Hwan) နဲ့ အဖွဲ့ကို အာဇာနည်ကုန်းမှာ ဗုံးခွဲ လုပ်ကြံခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်မှာ တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝှမ် ဘာမှမဖြစ်ခဲ့ပေမဲ့ မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက တာဝန်ရှိသူ ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ် ဖြစ်ပြီးတဲ့နောက်မှာ မြန်မာက မြောက်ကိုရီးယားကို သံတမန် အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဗုံးခွဲတဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဘက်ကနေ မြန်မာနိုင်ငံကို လူသိရှင်ကြား တောင်းပန်တာမျိုး ခုချိန်ထိ မကြားရပါဘူး။
ဒါ့အပြင် မြောက်ကိုရီးယား အစိုးရဟာ သူ့ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မယ့် အကြံအစည်ကြောင့် နိုင်ငံတကာ မျက်နှာစာမှာ ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီအချိန်မှာပဲ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွေ ပြန်ထူထောင်ဖို့ မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေး အဆင့်မြင့် တာဝန်ရှိသူတွေ ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံအကြား ဆက်ဆံရေးကို နိုင်ငံတကာက အထူး စောင့်ကြည့်နေခဲ့ကြပါတယ်။
ဒီလို စောင့်ကြည့်နေတဲ့ ကြားထဲကမှ မြန်မာ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့ထိ မြောက်ကိုရီးယားနိုင်ငံကို လျှို့ဝှက်သွားရောက်ခဲ့တဲ့ သတင်းတွေ ပေါက်ကြားခဲ့ပါတယ်။ တခါ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး၊ ဝယ်ယူစုဆောင်းရေးမှာ အဓိက တာဝန်ရှိသူဖြစ်တဲ့ တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှူးချုပ်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးဟာ ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong-Il) ရဲ့ မွေးနေ့ပွဲကို သွားတက်ခဲ့ပါတယ်။
နိုင်ငံတကာမှာ ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနဲ့ သံတမန် အဆက်အသွယ် ပြန်ထူထောင်ဖို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့တာဟာ စစ်လက်နက်ပစ္စည်း ကိစ္စက အဓိကဖြစ်တယ်လို့ လက်ရှိ ဗြိတိန်နိုင်ငံမှာ နေထိုင်နေတဲ့ သံတမန် ဝန်ထမ်းဟောင်း တဦးဖြစ်သူ ဦးခင်မောင်ကြည်က ပြောပါတယ်။
“အဓိကက မြန်မာအစိုးရကလည်း အပယ်ခံဖြစ်နေတယ်။ သူတို့ကို လက်နက်ရောင်းတဲ့သူတွေက မရောင်းနိုင်တော့ဘူး၊ တရုတ်ကအစ။ သူတို့က လက်နက်ဝယ်တာလည်း အကြွေးတွေနဲ့ ဝယ်တယ်။ ပိုက်ဆံတွေလည်း သိပ်မပေးနိုင်ဘူး။ အဲဒီမှာ မြောက်ကိုရီးယားဘက်က သွားပြီးတော့ လက်နက်တွေကို အချောင်ရတဲ့နည်းနဲ့ သွားဝယ်တယ်။ လက်နက်လိုချင်တဲ့ ကိစ္စနဲ့ပဲ ပြန်ဆက်သွယ်တယ်လို့ ကျနော်တို့က သုံးသပ်တယ်။ အဓိက မြောက်ကိုရီးယားနဲ့ ဆက်ဆံတာကတော့ ထိပ်ပိုင်းက အုပ်ချုပ်နေတဲ့လူတွေ လက်နက် ဝယ်ချင်တဲ့ကိစ္စပေါ့ဗျာ။ နောက်ဆုံးမှာတော့ အဏုမြူလိုချင်တဲ့ ကိစ္စပေါ့။”
မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပေမဲ့ နိုင်ငံတကာ မျက်နှာစာမှာ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ၊ အပေးအယူ၊ အလျှော့အတင်းတွေကို အသုံးပြုပြီး ကစားပွဲတခုသဖွယ် တခြားနိုင်ငံတွေနဲ့ ကစားနေတဲ့ နိုင်ငံတခုပါ။ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း အထူးသဖြင့် အမေရိကန်ကို အန်တုပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ကစားချင်တဲ့ သဘောထား ရှိတယ်လို့ ပြောသူက အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ယာယီ တာဝန်ခံဟောင်းနဲ့ ထောက်လှမ်းရေး အရာရှိဟောင်း တဦးဖြစ်သူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ပါ။
“မြောက်ကိုရီးယားလို နေတော့ ဘာဖြစ်လဲကွာ၊ မြောက်ကိုရီးယားလို ဖြစ်လာရင် အမေရိကန်ကို ဘာဂရုစိုက်စရာ ရှိလဲဆိုတဲ့ ဒါ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်ခါစ ၉၂ ခုနှစ် အလွန်မှာ ပြောထားတဲ့စကားပါ။ နောက်တခုက ကျူးဘား၊ ကျူးဘားတောင်မှ အမေရိကားနားမှာ နေနေသေးတာ။ အမေရိကန်ကို ဂရုစိုက်စရာ လိုလားဆိုတဲ့ ဒီအတွေးအခေါ်မျိုး သူ့မှာရှိပါတယ်။ မြောက်ကိုရီးယားလို ဖြစ်လာရင် Regional မှာ Threat လုပ်မှာပါ။ အဲဒီလိုလုပ်ရင် အဓိကနိုင်ငံကတော့ ယိုးဒယား ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့ကလည်း တရုတ်ကို ရုရှားရယ်၊ နျူကလီးယားရယ်၊ မြောက်ကိုရီးယားရယ်နဲ့ ကစားနေတာပါပဲ။”
ကိုယ့်နိုင်ငံထဲဝင်ပြီး ဧည့်သည် ပြည်ပခေါင်းဆောင် တယောက်ကို ဗုံးခွဲလုပ်ကြံတဲ့ကိစ္စ ဘာမှ ဖြေရှင်းချက် မပေးခဲ့တဲ့ နိုင်ငံတခု၊ ကိုယ်တိုင်က နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြံစည်တာကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာပန်းမလှတဲ့ နိုင်ငံတခုနဲ့ ဆက်ဆံပြီး နျူကလီးယားလက်နက် ထုတ်တဲ့ နည်းပညာကို ရယူပိုင်ဆိုင်ဖို့ မြန်မာစစ်အစိုးရဟာ တကယ်ပဲ ကြိုးစားနေတယ် ဆိုရင်တော့ နိုင်ငံတကာကနေ ဒီ့ထက် ပိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ သေချာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီအချက်ကို ဦးခင်မောင်ကြည်ကလည်း သဘောတူပါတယ်။
“မြောက်ကိုရီးယားနဲ့ ဆက်ဆံခြင်းအားဖြင့် ပတ်ဝန်းကျင် နိုင်ငံတွေကလည်း မလိုလားဘူးဗျ။ အာဆီယံ နိုင်ငံတွေကလည်း မလိုလားဘူး။ တရုတ်၊ အိန္ဒိယကစပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်ကို တကမ္ဘာလုံးနဲ့ ဆန့်ကျင်ပြီး သူတို့ နျူကလီးယား လုပ်နေတဲ့ အကြံဉာဏ်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူမှ မလိုလားတဲ့အချိန်မှာ မြန်မာက ဆက်ဆံတယ်ဆိုတော့၊ မြန်မာကလည်း မြောက်ကိုရီးယားနဲ့ ဆက်ဆံတယ်ဆိုတာ တကယ့် ငပွကြီး ဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်က သူတို့ကို တနေ့ကျရင်တော့ ဝိုင်းပယ်ခံလာရမယ့် အခြေအနေ ရှိလာမှာပါ။ တကယ်တော့ ကျနော်တို့မြင်တာ အင်မတန် ကံဆိုးတာပေါ့ဗျာ။ မဆက်ဆံသင့်တဲ့ လူနဲ့ သွားဆက်ဆံတာ။”
မြောက်ကိုရီးယားပေါ်မှာ ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လေးစားလိုက်နာဖို့ အမေရိကန် အပါအဝင် တခြား နိုင်ငံတကာ အစိုးရတွေက မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။ မြန်မာအစိုးရကလည်း လေးစား လိုက်နာပါမယ်လို့ ကတိပေးထားပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာဖျက် နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ဖို့ မြန်မာနိုင်ငံက ကြိုးစားနေသလားဆိုတဲ့ သံသယနဲ့ စိုးရိမ်စိတ်တွေကတော့ ပျောက်မသွားဘဲ တိုးလာနေဆဲ ဖြစ်ပါတယ်။