နိုင်ငံကူးလက်မှတ်တွေ အသစ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာတွေကို ဧပြီလထဲမှာ ရပ်ဆိုင်းထားဖို့ နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာသံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနက အကြောင်းကြားထားတယ် ဆိုတာကို ဝါရှင်တန်မြို့တော် မြန်မာသံရုံးက သံမှူးကြီး ဦးကျော်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောပြပါတယ်။ ပတ်စ်ပို့် အသစ်တွေ ထုတ်ပေးဖို့ ရှိနေတဲ့အတွက် မေလကျမှ ပတ်စ်ပို့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်စတင်မှာဖြစ်တယ်လို့ သံမှူးကြီး ဦးကျော်ဝင်းက ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေ သုံးစွဲနေတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့်တွေကို နိုင်ငံတကာ အဆင့်မီ စက်နဲ့ဖတ်နိုင်တဲ့ machine readable passport တွေအဖြစ် ဧပြီလအမီ မဖြစ်မနေ လုပ်ရမယ်လို့ နိုင်ငံတကာ မြို့ပြလေကြောင်း ပျံသန်းမှု ဆိုင်ရာ အဖွဲ့အစည်း ICAO ကနေ စစ်အစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ICAO ရဲ့ စံနှုန်းအရ နိုင်ငံတကာလေဆိပ်တွေက လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေမှာ ခရီးသည်ရဲ့ အချက်အလက် တွေကို သိနိုင်ဖို့ ပက်စ်ပို့စ်တွေကို စက်နဲ့စစ်ဆေးကြပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံသားတွေ အသုံးပြုနေတဲ့ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့တွေမှာ အဲဒီလို အချက်အလက်တွေကို စက်နဲ့ဖတ်နိုင်ဖို့ လုပ်ထားတာမျိုး မဟုတ်တဲ့အတွက် ပတ်စ်ပို့ တွေကို အသစ်ပြောင်းဖို့ လိုအပ်နေတာပါ။
အခုတော့ ICAO ရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံသား ပက်စ်ပို့စ်တွေ အားလုံးကို machine readable ဖြစ်အောင် လုပ်ရမှာ ဖြစ်လို့ အပြောင်းအလဲကာလ အတွင်းမှာ ပတ်စ်ပို့ အသစ်ထုတ်ပေးတာ၊ သက်တမ်းတိုးတာတွေ အားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
တချို့သံရုံးတွေမှာဆိုရင် ပတ်စ်ပို့ သက်တမ်းကုန်ခါနီးသူတွေကို ဧပြီလမတိုင်ခင် သက်တမ်းတိုးကြဖို့ နှိုးဆော် ထားပါ တယ်။ ဗြိတိန်နိုင်ငံ လန်းဒန် သံရုံးမှာ မကြာခင်ကမှ ပတ်စ်ပို့် သက်တမ်းတိုးခဲ့သူ တယောက်ကလည်း သူ့ရဲ့ အတွေ့အကြုံကို ခုလို ပြောပြပါတယ်။
“ကျနော့် ပတ်စ်ပို့ က ဧပြီမှာကုန်မှာပေါ့နော်။ ကုန်မယ်ဆိုတော့ ကျနော်က ကြိုပြီးတော့ ဖုန်းဆက်ပြီး မေးကြည့်တာ ပေါ့နော်။ ဘယ်လို ဘာတွေ လိုမလဲ၊ ဘာစာရွက်စာတမ်းတွေ လိုမလဲဆိုတော့ သူပြောတဲ့ စာရွက်စာတမ်းတွေ ဝယ်ပြီးတော့ ဒီနေ့လာခဲ့ပါဆိုတော့ ကျနော် သွားလိုက်တယ်။ သွားလိုက်တော့ သံရုံးက ဘာပြောလဲဆိုတော့ - တလလောက် စောင့်ရ တယ်။ ရန်ကုန်ကနေ သံအမတ်တွေ လက်မှတ်တွေ ဘာတွေ ထိုးဖို့ဘာညာဆိုတော့။ သူက ရန်ကုန်ပို့ရတာကိုး။ ဒီတခေါက် ကျတော့ ခဏစောင့်လိုက်ပါဆိုတော့ အံ့သြသွားတယ်။ နေတွင်းချင်း ရလာခဲ့တယ်။ နေ့တွင်းချင်း တနာရီအတွင်းကို ရလာခဲ့တယ်။ ဆိုတော့ တခုတော့ ထူးခြားတယ်ပေါ့။ ခါတိုင်းက ဒီလို တခါမှမရဖူးဘူး။ ဘယ်သူ့ဆီကမှလည်း မကြားဖူးဘူး။ ပက်စ်ပို့စ် ထွက်လာပြီးတော့ ချက်ချင်းရတာဆိုတော့ တော်တော် အံသြသွားတယ်။ အရင်တုန်းက ကျနော် သက်တမ်းတိုး တုန်းကဆိုရင် ချက်ချင်းမရဘူးပေါ့နော်။ တလခွဲလောက် အနည်းဆုံး စောင့်ရတယ်။”
ဒါကတော့ လန်ဒန်က မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုတွေကို ဧပြီလမတိုင်ခင်မှာ လုပ်ပေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ စက်နဲ့ဖတ်နိုင်တဲ့ ပက်စ်ပို့စ် တွေကို စတင်ထုတ်ပေးတဲ့အခါမှာ သံရုံးဝန်ထမ်းတွေ၊ အစိုးရ အရာရှိတွေနဲ့ သင်္ဘောသားတွေကို အရင်ဦးစားပေးပြီး ထုတ်ပေးမယ်လို့ စုံစမ်းသိရပါတယ်။ နိုင်ငံတကာအဆင့်မှီ ပက်စ်ပို့စ်သစ်တွေကို စင်ကာပူအခြေစိုက် မြန်မာကုမ္ပဏီ တခုက ဂျာမဏီကုမ္ပဏီနဲ့ ပေါင်းပြီးလုပ်ပေးမှာလို့လည်း သိရပါတယ်။