သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကိစ္စ အရှေ့တီမောသမ္မတပြော


မြန်မာပြည်ဒီမိုကရေစီရရှိရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုတရပ်ကို အရှေ့တီမောသမ္မတ Jose Ramos-Horta က ဗြိတိန်နိုင်ငံ Bradford မြို့က Bradford တက္ကသိုလ်မှာပြုလုပ်တဲ့ PeaceJam ငြိမ်းချမ်းရေး ညီလာခံနဲ့ မနေ့က စတင်လိုက်ပါတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ သမ္မတ Jose Ramos-Horta ကို ကျမတို့ ဗွီအိုအေက ကိုဇော်ဝင်းလှိုင် က ဆက်သွယ် မေးမြန်းထားပါတယ်။

သမ္မတကြီးခင်ဗျား၊ ဒီတောင်းဆိုလှုပ်ရှားမှုဟာ ဘယ်လို လှုပ်ရှားမှုမျိုးဖြစ်တယ်ဆိုတာ အရင် ပြောပြပေးပါခင်ဗျ။ -

"ဒီတောင်းဆိုလှုပ်ရှားမှုဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးတောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကျနော့်အနေနဲ့ ပါဝင်ဆောင်ရွက်နေတာ ၁၀ စုနှစ် တစုကျော်ခဲ့ပါပြီ။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ကမ္ဘာတဝှမ်းမှာ တောင်းဆိုလှုပ်ရှားနေကြသူတွေ၊ ထောက်ခံအားပေးကြသူတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ကျနော် စလိုက်တာပါ။ နောက်ပြီးတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှု ဒီ့ထက်ပိုပြီး ကျယ်ပြန့် လာအောင် တခြား ဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးသလဲ ဆိုတာကိုလည်း ရှာဖွေ လုပ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။"

ဒီလှုပ်ရှားမှုကြီး အောင်မြင်အောင် ဘယ်လို နည်းလမ်းတွေကို အသုံးချသွားမလဲ ဆိုတာ ပြောပြပါဦးခင်ဗျ။ -

"ကမ္ဘာတဝှမ်းမှာရှိတဲ့ အများပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတွေ၊ လူမှုအဖွဲ့အစည်းတွေကတဆင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အရင့် အရင်က ပြုလုပ်ခဲ့ကြတဲ့ လှုပ်ရှားမှုတွေလိုပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးကျဉ်းသားတွေ အားလုံး လွတ်ပေးဖို့တွေအတွက် ကမ္ဘာတဝှမ်းက အစိုးရတွေအနေနဲ့ မြန်မာ့အရေးကို လက်ရှိ သူတို့ လုပ်ဆောင်နေကြတာ ထက် နှစ်ဆ ပိုလုပ်ကြဖို့အတွက် ထောင်ပေါင်းများစွာသော ပြည်သူတွေက လက်မှတ်ထိုး ထောက်ခံ တောင်းဆိုတဲ့ နည်း တွေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

သမ္မတကြီးအနေနဲ့ တခြား နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားတို့၊ မြန်မာ့အရေးမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေတဲ့ Jody Williams တို့လို ပုဂ္ဂိုလ်တွေနဲ့ရော ပူးပေါင်း လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။ -

"လုပ်မှာပေါ့ဗျာ။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ အများအပြားပါဝင်တဲ့ PeaceJam ငြိမ်းချမ်းရေးအဖွဲ့က ဦးဆောင်ပြီး ဒီလှုပ်ရှားမှုကို လုပ်တာပါ၊ ကျနော်ကိုယ်တိုင်က ဦးဆောင်ပြုလုပ်တာမဟုတ်ပါဘူး၊ ကျနော်က ဒီအထဲမှာ ပါဝင်တဲ့သူ တယောက်သာ ဖြစ်ပါတယ်။ ဒီအထဲမှာ တခြား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ အများကြီး ပါပါတယ်။"

ဒီလှုပ်ရှားမှုကို ဘယ်လောက်ကြာကြာ လုပ်ဆောင်သွားမှာပါလဲခင်ဗျ။ -

"မြန်မာပြည်မှာလည်း စစ်အစိုးရရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုအောက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်ဆိုတော့ ဒီလှုပ်ရှားမှုဟာ အနည်းဆုံး ဒီနှစ်ကုန်ပိုင်းလောက်အထိတော့ ကြာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမလား၊ ဝင်ပြိုင်ခွင့် ရကြမလားဆိုတာလည်း ကျနော်တို့ ခုချိန်ထိ မသိသေးဘူးလေ။"

သမ္မတကြီးကိုယ်တိုင်ကလည်း အင်ဒိုနီးရှား အာဏာရှင်အစိုးရ လက်အောက်မှာ ဖိနှိပ်မှုမျိုးစုံ ခံခဲ့ရဖူးတယ်ဆိုတော့ သမ္မတကြီးအမြင်မှာ မြန်မာပြည်မှာရော တနေ့ အရှေ့တီမောနိုင်ငံလို အာဏာရှင်တွေလက်အောက်ကနေ လွတ်မြောက် လာမယ် လို့ ထင်ပါသလားခင်ဗျ။ -

"ဟုတ်ကဲ့ ကျနော်ထင်ပါတယ်။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ စကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကလွဲပြီး တခြားထွက်ပေါက် မရှိပါဘူး။ ဒါမှလည်း မြန်မာပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်နိုင်မှာပါ။ လက်ရှိအခြေအနေမှာတော့ ကမ္ဘာ့ အရက်စက် အကြမ်းကြုတ်ဆုံး အာဏာရှင် နိုင်ငံအဖြစ်နဲ့ မြန်မာပြည်ဟာ မြောက်ကိုရီးယားနဲ့ တန်းတူ ရှိနေပါတယ်။ မြန်မာပြည်ကို အချိန်အကန့်အသတ်မရှိ သူတို့အနေနဲ့ ဆက်လက် အုပ်ချုပ်မထားနိုင်ဘူးဆိုတာ စစ်တပ်ကလည်း သိနေပါတယ်။"

သမ္မတကြီးအနေနဲ့ မြန်မာပြည်အပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတာတွေနဲ့ ပတ်သက်လို့ ပြောဆိုဖူးတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသဘောထား ရှိပါသလဲဆိုတာ ထပ်ပြီးကြားပါရစေခင်ဗျ။ -

"ပိတ်ဆို့အရေးယူမှုဟာ ဆင်းရဲသားပြည်သူတွေကို ထိခိုက်တဲ့အတွက် ကျနော့်အနေနဲ့ မလိုလားပေမဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်တာ၊ စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာတွေ၊ ဘယ်နိုင်ငံကမှာ စစ်အစိုးရကို စစ်လက်နက် ပစ္စည်းတွေ မရောင်းချရဘူးဆိုတဲ့ အားလုံး တညီတညွတ်တည်း သဘောတူတဲ့ ပိတ်ဆို့မှုမျိုးကိုတော့ ကျနော် ထောက်ခံပါတယ်။"

နောက်ဆုံးအနေနဲ့ မကြာခင်ကပဲ စစ်အစိုးရ တရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပယ်ချလိုက်တဲ့အပေါ်မှာ သမ္မတကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲ။ -

"ဒါဟာ လက်မခံနိုင်စရာကောင်းတဲ့ တရားလက်လွန် ဆုံးဖြတ်ချက်ပါ။ မြန်မာနိုင်ငံ တရားရုံးချုပ်အနေနဲ့ မှားယွင်းမှုကြီးတခု ကျူးလွန်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို ပယ်ချလိုက်တာကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရရဲ့ စစ်မှန်တဲ့ သဘောထားကို မြင်နိုင်သလို၊ မြန်မာနိုင်ငံ တရားစီရင်ရေးစံနစ်ဟာ လုံး၀ တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင် နေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ တရားစီရင်ရေးစနစ်ဆိုတာ မရှိပါဘူး။ အတုအယောင်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စံနစ်ဟာ စစ်တပ်ရဲ့ ကြိုးဆွဲခံထားရတဲ့ တရားရေးစနစ်သာ ဖြစ်ပါတယ်။"

ဗြိတိန်နိုင်ငံ Bradford တက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ PeaceJam ငြိမ်းချမ်းရေးညီလာခံမှာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတရပ် စတင်ခဲ့တာနဲ့ပတ်သက်လို့ ဒီလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်သူတဦးဖြစ်တဲ့ အရှေ့တီမော သမ္မတ Jose Ramos-Horta ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

Peace Jam ဆိုတာကတော့ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူငယ်တွေ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာနိုင်အောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေနဲ့ ပေါင်းကူးပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်း တခုဖြစ်ပါတယ်။ ဒီအဖွဲ့ကို အမေရိကန် ပြည်ထောင်စု Colorado ပြည်နယ်မှာ ၁၉၉၆ ခုနှစ်က Dawn Engle နဲ့ Ivan Suvanjieff ဆိုသူတို့က စတင် တည်ထောင် ခဲ့တာပါ။ အင်္ဂလန်နိုင်ငံ Bradford တက္ကသိုလ်က PeaceJam ဌာနခွဲကတော့ ဥရောပတိုက်ရဲ့ တခုတည်းသော ဌာနခွဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG