သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ


ကရင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ များလာတယ်လို့ မြန်မာနယ်စပ် စစ်ရေးအခြေအနေ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီလို ထိုးစစ်တွေ ဆင်ရာမှာ ဒေသခံလူထုတွေ အသက်ဆုံးရှုံးမှုတွေ ရှိသလို လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကေအဲန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့တွေ လှုပ်ရှားနေတဲ့ ကရင်ပြည်နယ် နယ်မြေဒေသတွေမှာ အခုဆိုရင် စစ်တပ်တွေက ထိုးစစ်တွေ ပိုပြီးလုပ်လာတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ တပ်တွေ ထိုးစစ်ဆင်မှု ပိုပြီး ပြုလုပ်ခဲ့တဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ ကေအဲန်ယူ တပ်မဟာ (၆) က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောထဲနေက ဗွီအိုအေကို အခုလိုပြောပါတယ်။

"တပ်မဟာ (၅) ဘက်မှာဆိုရင် ဇန်နဝါရီလ ၆ ရက်နေ့မှာ တပ်မဟာ (၅) က နအဖ စခန်းက မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေး အရေးကြီးတဲ့ စခန်တခုကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နအဖနဲ့ ဒီကေဘီအေ တပ်တွေ ဒေသအပေါ်မှာ ရွာသားတွေအပေါ်မှာ ရက်စက်လာတာတွေ့ရတယ်။ ကေအဲန်ယူ ဗဟိုသတင်းထုတ်ပြန်ချက်အရဆိုရင် ၂၀၁၀ မှာ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ (၅) နယ်မြေအတွင်းထဲမှာ တိုက်ပွဲတွေ များလာတယ်လို့ တွေ့ရတယ်။"

၂၀၁၀ နှစ်ဆန်းပိုင်းတွေမှာ စစ်အစိုးရက ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံ ကျေးရွာသားများ အနေနဲ့ နေရပ်ကို စွန့်ခွာ တိမ်းရှောင်ခဲ့ရသလို တောထဲမှာ ပုန်းအောင်းနေရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်တွင်းဌာနေစွန့်ခွာရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က အခုလိုပြောပါတယ်။

"ဇန်နဝါရီလ ၁၇ ရက်နေ့ကနေစပြီးတော့ ကစခ (၁၀) လက်အောက်ခံ တပ်ရင်းတွေဟာ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ ကျိုင်းတဲ ဆိုတဲ့ရွာကနေစပြီးတော့ ဝင်ရောက်တိုက်ခိုက်တယ်။ တိုက်ခိုက်တော့ ရွာသားတယောက်ကို ပစ်သတ်တယ်။ ပြီးတော့ အဲဒီမှာ အိမ်ခြေ ၁၀ လုံးကျော်ကို မီးရှို့သွားတယ်။ နောက်တော့ ၁၉ ရက်နေ့မှာ တခါ ထပ်ပြီးတော့ လူတယောက် ကို ပစ်သတ်လိုက်တယ်။ ဒူဝါစိုး ဆိုတဲ့ရွာဘေးနားမှာ။ အဲဒီမှာလည်း လူ ၂ ယောက်တောင် သေတယ်။ အဲဒီမှာလည်း ရွာသား ၁,၀၀၀ ကျော်လောက်က နေရပ်ကို စွန့်ခွာထွက်ပြေးပြီးတော့ တောထဲမှာ ပုန်းနေရတယ်။

“ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စပြီးတော့ ပြန်ပြီး ထိုးစစ်ကို ကျေးရွာအုပ်စုတွေမှာ ထိုးစစ် နောက်တခါ ထပ်ပြီးတော့ ဖြစ်လာ တယ်။ အဲဒီထိုးစစ်ကလည်း အဲဒီမှာ ပိုပြီးတော့ ကြီးလာတယ်။ စကခ (၁၀) လက်အောက် တပ်ရင်း ၅ ရင်းလောက် အဲဒီမှာ ပါလာတယ်။ ပါလာပြီးတော့ အဲဒီအချိန်မှာ အိမ်အားလုံးပေါင်း မီးရှို့လိုက်တာ အိမ်ခြေပေါင်း ၁၀၀ ပတ်ဝန်းကျင်လောက်ကို မီးရှို့သွားတယ်။ နောက်ပြီးတော့ အဲဒီမှာ ဆေးရုံတလုံးကိုလည်း မီးရှို့သွားတယ်။ ကျောင်းကတော့ အားလုံးပေါင်း ၁၁ လုံး က ပိတ်လိုက်ပြီးတော့ အားလုံးက တောထဲမှာပဲ ထွက်ပြေးပြီးတော့ ပုန်းပြီး တိမ်းရှောင်နေရတယ်။ ဆိုတော့ သူတို့ တိမ်းရှောင်နေရတဲ့သူတွေကလည်း အခက်အခဲတွေကတော့ အစားအသောက်ဆိုရင်လည်း တလွယ်စာလောက်ပဲ သယ်သွားနိုင်တယ်။ နောက်ပြီးတော့ တောထဲမှာ ဖြစ်သလိုပဲ အမိုးမရှိ၊ အကာမရှိ သစ်ပင်ဝါးပင်အောက်မှာပဲ ဒီအတိုင်းပဲ နေနေရတယ်လေ။"

ထိုနည်းတူ ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းမှာ ခလရ (၂၆၁) နဲ့ ခမရ (၄၂၁) တပ်ရင်းတို့ဟာ တိုက်ပု ကျေးရွာနဲ့ ရေသိုးကြီး ကျေးရွာသားတွေကို အတင်းခေါ်ပြီးတော့ တပ်စခန်းတွေကို ကာရံခိုင်းသလို ရေသိုးကြီးကျေးရွာက ရွာသူရွာသားတွေကိုလည်း အုန်းပင်းချောင်းကျေးရွာအထိ စစ်တပ်ရိက္ခာတွေ သယ်ဆောင်ဖို့ အတင်းစေခိုင်းနေတယ်လို့ ကရင်လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောပါတယ်။

အဲဒီလို စစ်အစိုးရနဲ့ ကေအဲန်ယူတို့ရဲ့ လက်နက်ကိုင် ပဋိပက္ခကြားမှာ ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံ ကျေးရွာသား တွေဟာ နေရပ်ကို စွန့်ခွာနေရပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲလို့ ပြည်တွင်းဌာနေ စွန့်ခွာခံရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG