မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဝ’ ပြည် သွေးစည်းရေး တပ်မတော် (United Wa State Army - UWSA) ဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ နောက်ဆုံးရက် သတ်မှတ်ထားတဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့အထိ မလိုက်နာဘဲ ပျက်ကွက်နေတာကြောင့် အင်အား (၃၀၀၀) ကျော်ရှိတဲ့ UWSA နဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party - UWSP) တို့ကို မတရားအသင်း ကြေညာဖို့ မြန်မာစစ်အစိုးရက စဉ်းစားနေတယ်။ ဒါကိုလည်း ဘေဂျင်း (Beijing) က တရုတ်အစိုးရကို မြန်မာစစ်အစိုးရက အကြောင်းကြားထားတယ် အစရှိတဲ့ နယ်စပ်ဒေသကလာတဲ့ သတင်းတွေကို ဒီရက်ပိုင်းအတွင်း တွေ့လာရပါတယ်။ UWSA နဲ့ မြန်မာစစ်အစိုးရတို့ ထိပ်တိုက်ရင်ဆိုင် တွေ့နေကြတဲ့ လက်ရှိအခြေအနေတွေကို တရုတ်-မြန်မာ နယ်စပ်က မြန်မာတပ်မတော်ကို စောင့်ကြည့်လေ့လာနေသူ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း နဲ့ UWSA တပ်မှာ စစ်မှုးထမ်းဆောင်ခဲ့ဘူးသူ ဦးအောင်ကျော်ဇော ကို ဦးရော်နီညိမ်း (ဗွီအိုအေ) က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့် လက်ထက်တုန်းက UWSA ကို ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်တောင်ပိုင်းကို ရွှေ့ပြီးနေရာပေးတဲ့အတွက် အဲဒီနေရာကို တပ်မဟာ ၁၇၁ လို့လည်းခေါ်တယ်။ အဲဒီနေရာကို မြန်မာစစ်အစိုးရက ပြန်တောင်းနေတယ်။ ဦးပေါက်ယူချန်း နဲ့ ဒု-ဗိုလ်မှုးကြီးရဲမြင့် (စရခ) တို့ရဲ့ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ တွေ့ဆုံမှုမှာ အဲဒီလို ပြန်တောင်းတယ်လို့ ပြောဆိုသံကြားရပါတယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် က စစ်အစိုးရတောင်းတဲ့အတိုင်း ဒီဒေသကို ပြန်ပေးနိုင်တဲ့ အနေအထား ရှိပါသလား။
ဦးအောင်ကျော်ဇော ။ ။ ဒီကိစ္စက ပေးတယ်ဆိုတာ ကျနော်တို့က တိုက်ယူရတာပါ။ ၁၉၈၀ ခုနှစ် ခွန်ဆာ လက်နက်ချတဲ့ ၉၅ အထိ ကျနော်တို့ ရဲဘော်တွေ ဒဏ်ရာရမှု ၂၀၀၀ ကျော်နဲ့ ရင်းနှီးပြီး ရယူထားတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒုတိယက ဘာလည်းဆိုတော့ ကျနော်တို့အဖွဲ့တွေ ပြောင်းလာပြီးနောက် ဒီဒေသမှာ လူဦးရေအချိုးအစားလည်း ပြောင်းလဲလာပြီးနောက် ဒီဒေသ တိုးတက်ရေးအတွက် ကျနော်တို့ လုပ်ခဲ့တာ နှစ်ပေါင်း ၁၅ နှစ် နီးပါးရှိပါပြီ။ ဒီဒေသဟာ အလတ်စားမြို့ပြ ပြည်ပက မြို့ပြတွေထက် အများကြီးသာတဲ့ မြို့ပြဖြစ်နေပြီ။ Cottage Industry တွေ၊ စိုက်ခင်းတွေ ရှိနေပြီးမှ သူက ပြန်ပေးရမယ်ဆိုတာတော့ လက်တွေ့အရ မဖြစ်နိုင်ပါဘူး။
ဦးရော်နီညိမ်း ။ ။ နဂိုတုန်းက ဒီဒေသက ဘယ်သူက ထိန်းချုပ်ထားတဲ့ဒေသပါလဲ။
ဦးအောင်ကျော်ဇော ။ ။ အရင်တုန်းကဆိုရင်တော့ ဒီနေရာက အင်မတန်မှ ရှုပ်ထွေးပါတယ်။ ရှမ်းတပ်ဖွဲ့တွေလည်းရှိတယ်၊ ချန်ရှီဖူး/ခွန်ဆာတပ်တွေရှိတယ်၊ WNA တပ်ဖွဲ့တွေလည်းရှိတယ်။ ကျနော်တို့က ၈၀ ခုနှစ်ကတည်းက ဒီဒေသကို တိုက်ခဲ့တာ နောက်ဆုံး ကျနော်တို့နဲ့ ခွန်ဆာတပ်တွေပဲ ကျန်ခဲ့ပါတယ်။ ဒါကြောင့်မို့ ၉၅ ခုနှစ်မှ ခွန်ဆာ လက်နက်ချရတဲ့ အဓိကအကြောင်းရင်းက ကျနော်တို့ရဲ့ တိုက်အားကြောင့် ဖြစ်ပါတယ်။ ဝပသ ရဲ့ တိုက်အားကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ၈၉ ကွန်မြူနစ်ပါတီက ခွဲထွက်ပြီးနောက်မှာ ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးနောက် ကျနော်တို့ဘာသာ စစ်ဒေသကို ချုပ်ကိုင်ဖို့ အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ၉၀ ခုနှစ် ပတ်ဝန်ကျင်မှာ တိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့ တိုက်ခိုက်ပြီး ၉၃-၉၅ တိုက်ပွဲတွေမှာ ဗမာစစ်တပ်က ကျနော်တို့ကို လက်နက်ကြီးကျည်ဆံ၊ လက်နက်ငယ်ကျည်ဆံ လိုလေသေးမရှိ ပေးခဲ့ပါတယ်။ ဒဏ်ရရသူတွေကို ကျိုင်းတုံဆေးရုံအပြင် မင်္ဂလာဒုံဆေးရုံအထိ တင်ပို့ပေးခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါအပြင် ဘာတွေများ ပံ့ပိုးမှု ရှိပါသလဲ။ လက်နက်ပစ္စည်းဆိုတဲ့နေရာမှာ ဝ’ ပြည် သွေးစည်းရေး တပ်မတော် က သုံးတဲ့ သေနတ်ကျည်ဆံ အမျိုးအစားဟာ ဗမာတပ်မတော်ကသုံးနေတာနဲ့ မတူတဲ့အတွက်ကြောင့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် သုံးတဲ့ကျည်ဆံမျိုး ထုတ်လုပ်နိုင်တဲ့အထိ တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာ လုပ်ပြီး ပံ့ပိုးခဲ့တယ်လို့ ကျနော်တို့ ကြားဘူးပါတယ်။
ဦးအောင်ကျော်ဇော ။ ။ အဓိကတော့ လက်နက်ကြီးကျည်ဆံပါ။ အထူးသဖြင့် ၉၄-၉၅ မှာ တော်တော်များများက ဖောဖောသီသီ နီးပါးလောက် ရပါတယ်။ အဓိက ပံ့ပိုးမှုက တောင်ပိုင်းကိုဆင်းတဲ့ တပ်တွေကို ဟိုတုန်းကလို တောင်ပေါ်က ဖြတ်မဆင်းရတော့ဘဲ တပ်မတော်က ကားတွေနဲ့ ပို့ပေးပါတယ်။ သူတို့ တိုက်လို့မရတဲ့ ကုန်းတွေမှန်သမျှ ကျနော်တို့ ဝပတ တပ်တွေက ဝင်ရောက်သိမ်းပိုက် တိုက်ခိုက်ရတာဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒီအချိန်က ၉၄-၉၅ နောက်ဆုံးပေါ့ UWSA က ဒီနေရာကို မရခင်အထိ အဓိက ဒီဘက်က ဘယ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလဲ။
ဦးအောင်ကျော်ဇော ။ ။ ချန်ရှီဖူးတပ်ကို အဓိကထား တိုက်ခဲ့တာပါ။ ခွန်ဆာရဲ့ တပ်ကိုပါ။ လွယ်မော်ကာကွယ်ရေးတပ်ကို တိုက်တာပါ။ ၉၅ ခွန်ဆာ လက်နက်ချပြီးနောက် ဦးရွက်ဆစ် တို့ ခွဲထွက်ပြီးနောက်မှာ ဦးရွက်ဆစ်တို့အဖွဲ့နဲ့ ၂၀၀၀ ပတ်ဝန်းကျင်မှာ တိုက်ရပါတယ်။ အဲဒီတုန်းက (၃၃) တပ်မမှုးက အခု ကစထမှုး ဖြစ်တဲ့ ဗိုလ်ခင်ဇော် ဖြစ်တယ်။ ဗိုလ်မောင်အေး ကိုယ်တိုင်မိုင်းဆပ်၊ မိုင်းတုံ ကိုလာပြီးတော့ ကွပ်ကဲတဲ့အခါမှာ တပ်မ (၃၃) တိုက်မရလို့ နောက်ဆုံး ဝ တပ်တွေနဲ့ တိုက်ရပါတယ်။ အဲဒီမှာ ဗိုလ်ခင်ဇော် ကို ဗိုလ်မောင်အေး က အကြီးအကျယ် စိတ်ဆိုးပါတယ်။ သူတို့ သုံးလေးရက် လေယာဉ်ပျံတွေ၊ အမြောက်တွေ ထိုးတိုက်တာ မရဘဲနဲ့ ဝတပ်တွေ ငါးနာရီကြာ ထိုးတိုက်ရခဲ့တဲ့ ကုန်းတွေအများကြီးပါ။ အဲဒါကြောင့် ဒီဒေသမှာ ဝပသ အနေနဲ့ အခြေချမှုလည်း ကြာတယ်၊ ဆုံးရှုံးထိခိုက် ဒဏ်ရာရမှု၊ အရင်းအနှီးပေးဆပ်ရမှုလည်း များပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အခုလက်ရှိ အနေအထားမှာ UWSA တပ်မဟာ (၁၇၁) က ထိန်းချုပ်ထားတဲ့ အခုပြောနေတဲ့ တောင်ပိုင်းနယ်မြေ ပတ်ပတ်လည်မှာ မြန်မာစစ်အစိုးရ တပ်တွေ ဘယ်လိုများ နေရာယူထားပါသလဲ။ အခြေချ စစ်ဗျူဟာတွေ၊ တပ်မ နည်းဗျူဟာတွေ။
ဦးအောင်ကျော်ဇော ။ ။ ပတ်ပတ်လည်မှာတော့ ကျနော်တို့ သိသလောက် မိုင်းတပ်တို့မှာ စကခ (၄) တို့၊ တာချီလိတ်တဝိုက်က တိုင်းတပ်တွေ၊ တြိဂံတိုင်းရဲ့ စစ်ဗျူဟာတွေ ရှိတယ်။ နောက်တခုက ရပခ တိုင်းအောက်က တပ်တွေ ဟိုပုန်းမှာ ဗျူဟာတခု ထိုင်တယ်။ ဟိုတုန်းကတော့ ဒု-တိုင်းမှုးကိုယ်တိုင် သွားထိုင်ပြီးတော့ အဲဒီနေရာကနေ ကွပ်ကဲတယ်။ တောင်ပိုင်း ဝသပ ရဲ့ အနောက်ဖက်ခြမ်းကို ဟိုပုန်းကနေ ထိန်းပါတယ်။ အဲဒီအထဲမှာ အထူးသဖြင့် မိုင်းဆတ်၊ မိုင်းတုံ တဝိုက်က တပ်အများစုက ဝိုင်းပတ်ထားသလိုပါဘဲ။ နောက်ကြောမှာ ထိုင်းနယ်စပ်။ ဒါပေမဲ့ ဒီကိစ္စက သိပ်ပြီ ပြဿနာ သိပ်မကြီးပါဘူး။ သူတို့တပ်တွေ တကယ်တမ်း ဒီနေရာကို တိုက်ခိုက်လို့ ရမယ်လည်း မထင်ပါဘူး။ ဝပသ ရဲ့ အဓိက အင်အားစု တပ်အင်အားအများစုရဲ့ အောက်မှာရှိပါတယ်။ ကျနော်တို့အောက်မှာ တပ်မဟာ (၅) ခု ရှိပါတယ်။
ဦးရော်နီညိမ်း ။ ။ အခုတခေါက် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် နဲ့ ဦးပေါက်ယူချန်း တို့ တွေ့ဆုံဖြစ်သွားတာ တရုတ်ဘက်က ဝင်ပြီးတော့ ကြားဝင်ပြောဆို စေ့စပ်ပေးလို့ ဆိုတဲ့နေရာမှာ တပ်မကြီးနှစ်ခုကိုလည်း မြန်မာစစ်အစိုးရဘက်က ခြေမြန်တပ်မဖြစ်ရင်ဖြစ်မယ်၊ စကခ တွေဖြစ်ရင်ဖြစ်မယ်။ အဲဒီတပ်မ နှစ်ခုလည်း အဲဒီနေရာကို ပို့ထားလိမ့်မယ်ဆိုပြီး တရုတ်ကတဆင့် ပြောစေချင်တဲ့စကားကို တရုတ်က ပြောပေးတယ်။ အဲဒါကြောင့် နောက်ဆုံးမှာ ဦးပေါက်ယူချန်း နဲ့ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တို့ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့က တန့်ယန်းမြို့မှာ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်ရပါတယ်။ အဲဒီတော့ တရုတ်ဘက်ကနေတဆင့် ပြောခိုင်းတယ်ဆိုတာ ဟုတ်နိုင်ခြေရှိပါသလား။
ဦးအောင်ကျော်ဇော ။ ။ ဒါကို နှစ်ပိုင်း ခွဲပြောပါမယ်။ ဖေဖေါ်ဝါရီလ (၆) ရက်နေ့မှာ ဗိုလ်ရဲမြင့် က လားရှိုးမှာ မနက်ပိုင်းမှာ SSA (Shan State Army) ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ညနေပိုင်းမှာ ကုမင်ကို သွားပါတယ်။ ခွန်းမိန်ကတဆင့် တရုတ်ပြည်ဘက်ကို သွားတိုင်းတယ်ပေါ့။ တိုင်တယ်ပြောမလား၊ ဆွေးနွေးတယ်ပြောမလား။
ဦးရော်နီညိမ်း ။ ။ ဘယ်သူတွေနဲ့ ဆွေးနွေးပါသလဲ။
ဦးအောင်ကျော်ဇော ။ ။ ယူနန်ပြည်နယ်ဆိုင်ရာ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ ကြားသိရပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟိုတလောတုန်းက မြန်မာနိုင်ငံကို လာသွားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်ဘက်က စစ်ဒေသအကြီးအကဲနဲ့ တွေ့ဆုံဖို့ ရှိပါသလား။
ဦးအောင်ကျော်ဇော ။ ။ ချန်ဒူးစစ်ဒေသက တပ်မှုးကြီးနဲ့ တွေ့ချင်မှ တွေ့မယ်ထင်တယ်။ ကျနော်တို့ သိသလောက်ကတော့ ယူနန်ပြည်နယ် ခေါင်းဆောင်တွေနဲ့ တွေ့တယ်လို့ ကြားရပါတယ်။ တွေ့ဆုံပွဲမှာ ဖိအားသဘောတော့ မဟုတ်ဘူး၊ အကြံပြုတာပေါ့။ အဲဒီလို ကြားရပါတယ်။ အဲဒီ မတိုင်ခင်ကတည်းကလည်း ဦးပေါက်ယူချန်း က လားရှိုးကို မသွားနိုင်တာ ပွင့်ပွင့်လင်းလင်းပြောရရင် ကျန်းမာရေးကြောင့် ဖြစ်ပါတယ်။ တန့်ယန်းဆွေးနွေးပွဲမှာ ဆွေးနွေးပွဲစပြီး (၁၅) မိနစ်အတွင်းမှာ ဦးပေါက်ယူချန်း ရဲ့ ကျန်းမာရေးက ချက်ချင်းမကောင်းလာလို့ ဖြစ်ပါတယ်။ (၁၅) မိနစ်လောက်ဘဲ ပါဝင်နိုင်ပြီး ကျန်တဲ့ အချိန်ပိုင်းကို ဦးကျောက်အိုက်နတ် က ဦးစီးဆွေးနွေးခဲ့ပါတယ်။ Border ကိစ္စက အဓိကဖြစ်ပါတယ်။ တောင်ပိုင်းကိစ္စနဲ့ မုန်းပေါက်၊ မုန်းဖျဉ်မြို့နယ် နှစ်ခုရဲ့ ကိစ္စက ဒုတိယကိစ္စ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟိုတလောတုန်းက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ သူတို့ စစ်တပ်အခေါ်တော့ တိုင်းချုပ်၊ တရားဝင်အခေါ်တော့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ကစထ (၂) ရဲ့ ကစထမှုး ဒု-ဗိုလ်မှုးကြီး မင်းအောင်လှိုင် က အမေရိကန်ကသာ အကူအညီပေးခဲ့ရင် ဒီဘိန်းကူးနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းနိုင်တယ်ဆိုပြီး UWSA ကို ရည်ညွှန်းပြီး ပြောဆိုသွားတာလည်း ရှိတယ်။ ဒါမျိုးတွေက အရင်တုန်းက မပြောခဲ့ဘူး။ UWSA ဆိုတာက မြန်မာစစ်အစိုးရနဲ့ အပြေလည်ဆုံး အင်အားအကြီးဆုံးအဖွဲ့ဖြစ်တယ်။ ပြီးတော့ ၁၉၉၃ ကတည်းက စတင်ခဲ့တဲ့ အမျိုးသားညီလာခံမှာလည်း UWSA က တက်ခဲ့တယ်။ အကုန်လုံး ဒီလိုပြေပြေလည်လည် ရှိနေတာကနေ အခုလို နောက်ဆုံးရွေးကောက်ပွဲ လုပ်ပေးမယ်ပြောထားပြီ နီးလာတဲ့အချိန်မှ ဒီလို တင်းမာလာတာက ဘယ်လိုသဘောလဲ။
ဦးအောင်ကျော်ဇော ။ ။ ဒီ Border Guard ဆိုတာ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ ဘောင်အတွင်း ရောက်အောင်လုပ်ဖို့ သွင်းလာတဲ့ လေးထောင့်ပုံးတခုဘဲ ဖြစ်တယ်။ အထူးသဖြင့် ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်သွားပြီးတဲ့အခါမှာ ၂၀၀၅ လောက်ကစပြီး အများကြီးပြောင်းလဲသွားပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ကြပ်လာတယ်။ တော်တော်များများ ဝ' ခေါင်းဆောင်တွေကိုယ်တိုင်လည်း ဒါကို ခံစားမိတယ်။ တချိန်တည်းမှာ ဝ' အမျိုးသားတွေနဲ့ အနှစ် (၂၀) ကျော် သူတို့ဘာသူတို့ kingdom လေးတခုလို ကိုယ်မင်းကိုယ်ချင်း နိုင်ငံလေးတခု ဖြစ် အုပ်ချုပ်လာတဲ့အခါမှာ သူတို့ရဲ့ အရင်က ငုပ်နေတဲ့ အမျိုးသားစိတ် ဝ' အမျိုးသားစိတ်တွေက မြင့်တက်လာတယ်။ သူ့ဒေသကို ချစ်ခင်တာ၊ သူ့အမျိုးသားကို ချစ်ခင်တာတွေ ဖြစ်လာတယ်။ ယနေ့ ဝ' အမျိုးသားတွေရဲ့ တောင်းဆိုမှုဟာ ကိုယ်ဒေသ တည်ငြိမ်အေးချမ်းရေး နဲ့ ကိုယ်အမျိုးသားတွေ ရသင့်ရထိုက်တဲ့ ပင်လုံစာချုပ် အခြေခံဖြစ်တဲ့ ကရင်တကျပ်၊ ဗမာတကျပ်။ ဝတကျပ်၊ ဗမာတကျပ် အဲဒီလို အခြေအနေမျိုးကို သူတို့ လိုချင်ကြလို့ ဒီအခြေအနေတွေကို ဆက်လက်တင်ပြနေတာကြောင့် ဒီဟာတွေ ပေါ်လာတာဖြစ်တယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ကျနော်ကို နှစ်ချက်ပဲ ထောက်ပြပေးပါ။ အခုလို မပြေမလည်ဖြစ်နေတာ နှစ်ဘက်စလုံး လျှော့မယ်ဆိုရင် စစ်အစိုးရဘက်က ဘယ်လိုကိစ္စကို လျှော့ပေးသင့်သလဲ၊ UWSA ဘက်က ဘယ်ကိစ္စကို လျှော့ပေးသင့်သလဲ။
ဦးအောင်ကျော်ဇော ။ ။ အဓိကတော့ စစ်အစိုးရဘက်က လျှော့ရမှာ။ လက်နက်အားလုံးဖြုတ်မယ်ဆိုတဲ့ ပေါ်လစီတွေကိစ္စက ချက်ချင်းလုပ်လို့ မရဘူး။ သေနတ်တလက်၊ တုတ်တချောင်းရဲ့ ပြဿနာ မဟုတ်ဘူး။ ဝ' လူမျိုးတယောက်ရဲ့ ပြဿနာ မဟုတ်ဘူး။ လူဦးရေး လေးသိန်းရှစ်သောင်း ရှိတဲ့ ဒေသကြီးရဲ့ လူထုနဲ့ တပ်အင်အား သုံးသောင်းကျော် ရှိတဲ့ တပ်မတော်ကြီးရဲ့ ဘဝတွေ ဖြစ်တဲ့အောက်မှာ ဒါက ဝ တပ်ဖွဲ့ကိုဘဲ ပြောတာပါ။ ကျန်တဲ့ တပ်တွေ မပါသေးပါဘူး။ အဲဒီလိုအောက်မှာ တကယ်တမ်း မှန်ကန်တဲ့ စစ်မှန်တဲ့ အမျိုးသားပေါ်လစီတရပ်ကို ဗမာအစိုးရအနေနဲ့ သေချာပြုပြင် ရေးဆွဲဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံမှာ စစ်တပ်တတပ်ဘဲ ရှိရမယ် မူက မှန်ကန်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီကျတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်နေတဲ့ နိုင်ငံတော်မှာ ပြည်ထောင်စုတပ်မတော်ကြီးတခုဘဲ ရှိဖို့ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ဒီလိုတပ်ဖွဲ့တွေ ဖြစ်အောင် အချိန်ယူရမယ်။ နှစ်ပေါင်း (၂၀) အချိန်ရပေမယ့် အဲဒါကို မလုပ်ခဲ့ဘူး။ တချိန်က သူတို့ပြောခဲ့တာ ရှိတယ်။ နိုင်ငံရေးအရ တက်လာတဲ့အစိုးရကျမှ နိုင်ငံရေးစကား ပြောကြပါ။ ယနေ့ ကျနော်တို့ တက်နိုင်သမျှ ခင်များတို့ ဒေသဖွံ့ဖြိုးရေး၊ ဒေသကို တည်ငြိမ်အောင်လုပ်ပါတွေဘဲ ပြောခဲ့တယ်။ နောက်တက်မယ့် နိုင်ငံရေးအရတက်လာတဲ့ အရပ်သားအစိုးရလက်ထက်မှာ ကျနော်တို့ ပြောဆိုဆွေးနွေးရမယ့် နိုင်ငံရေးကိစ္စတွေ အများကြီးပါ။
ဦးရော်နီညိမ်း ။ ။ UWSA ဘက်က ဘာလျှော့သင့်ချင်တာလည်းဆိုတာ တချက်ဘဲ ပြောပြပေးပါ။
ဦးအောင်ကျော်ဇော ။ ။ ဝတပ အနေနဲ့ လောလောဆယ် ဒီဒေသတွေ၊ တပ်တွေ ချက်ချင်း လုံးဝဖျက်သိမ်းပေးရမယ်ဆိုတာ လက်တွေ့မကြပါဘူး။ တဖြည်းဖြည်း အချိန်တချို့ ယူရမှာ။ လုံးဝ ပစ်ပယ်တာ မဟုတ်ဘူး။ ဝတပ အနေနဲ့ မူအရ ထောက်ခံတယ်။ ဒါပေမယ့် အချိန် သိပ်တိုတာကြောင့် အချိန်ပေးပြီး တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရင် ဝတပ ဘက်က လိုက်လျောနိုင်ပါမယ်။
ဦးရော်နီညိမ်း ။ ။ ကျနော် ဆိုလိုတာက UWSA ဘက်က လိုက်လျောနိုင်ကောင်းတယ်လို့ အလျှော့ပေးနိုင်တယ်လို့ မြင်တဲ့ကိစ္စ ဘာတခုရှိမလဲ။
ဦးအောင်ကျော်ဇော ။ ။ သူတို့ အခိုင်အမာ ဘာလျှော့ပေးနိုင်တဲ့ကိစ္စကို ကျနော် မပြောကောင်းပါဘူး။ ကျနော်တဦးချင်းအနေနဲ့ကတော့ သူတို့တောင်းဆိုထားတဲ့ အခြေအနေ၊ အချက်အလက်တွေက ကျနော် သာမန်ဗမာပြည်သားတယောက်အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့ဘက်က အများကြီး လျှော့ပေးခဲ့ပြီးပြီ။ အချိန်ယူရမယ်၊ သဘောထားကြီးရမယ်၊ တကယ့် စစ်မှန်တဲ့ အမျိုးသားပေါင်းစည်းရေးစိတ်ဓါတ် ရှိမှသာ အကောင်းအထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ရှမ်းပြည်နယ်က တရုတ်နယ်စပ်မျဉ်းရဲ့ တရုတ်ဘက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် က စစ်အင်အားတွေ တိုးမြှင့်ချထားတဲ့သတင်းတွေကို ရှမ်းတိုင်းရင်းသားတွေရဲ့ သတင်းဌာနတွေမှာ တွေ့ရသလို၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIO (Kachin Independence Organization) နဲ့ မြန်မာစစ်အစိုးရတို့ရဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေး ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့တာကြောင့် စစ်ပွဲတွေ ဖြစ်လာနိုင်တာကို ပူပန်ပြီးတော့ မြန်မာနိုင်ငံဘက်က ပြေးလာကြမယ့် မြန်မာနိုင်ငံသား၊ တရုတ်နိုင်ငံသား စစ်ပြေးဒုက္ခသည်တွေအတွက် လုံချွန်တောင်ကြားဒေသမှာ ဒုက္ခသည်စခန်းတွေ တည်ဆောက်ဖို့ တရုတ်ဘက်က ပြင်ဆင်နေတယ်လို့ ကချင်တိုင်းရင်းသား သတင်းဌာနတွေရဲ့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒီလို တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရိပ်စစ်ငွေ့တွေ သန်းနေတာကြောင့် တရုတ်-မြန်မာ နယ်စပ်က မြန်မာ့တပ်မတော်ကို စောင့်ကြည့်လေ့လာနေသူ ဦးအောင်ကျော်ဇော ကို ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။