သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခိုက်တွေကြားက အီရတ် မဲဆန္ဒရှင်တွေ အင်တိုက်အားတိုက် မဲပေး


အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြားကပဲ အီရတ်နိုင်ငံက လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲပေးသူတွေ အများအပြား ဒီကနေ့ လာရောက် မဲထည့်ခဲ့ကြပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ၂၀၀၃ ခုနှစ်က ကျူးကျော် တိုက်ခိုက်မှုအပြီး လုံခြုံရေးနဲ့ အာဏာ လွှဲပြောင်းရေးတွေမှာ အီရတ်နိုင်ငံက ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ ဆိုတာကို အဓိက စမ်းသပ်မှုတခု အဖြစ်နဲ့ အများက ရှုမြင်နေချိန်မှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစလို့ ပထမဆုံး အကြိမ်အဖြစ် စတင် မဲပေးကြတဲ့ မြို့တော် ဘဂ္ဂဒက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေတဲ့ ကြားကပဲ မဲလာပေးကြသူ လူတွေ တသီတတန်းကို တွေ့မြင်ခဲ့ကြရတာပါ။

ဒီကနေ့ တိုက်ခိုက်မှုတွေအတွင်း အီရတ်နိုင်ငံသား ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဘဂ္ဂဒက်မြို့က အဆောက်အဦးတခု ပြိုကျတဲ့အထိ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု တခုမှာ လူပေါင်း ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

လွှတ်တော် အဆောက်အဦးနဲ့ အမေရိကန်၊ ဗြိတိန် သံရုံးတွေရှိရာ အစိမ်းရောက် ဇုန်နယ်မြေ အပါအဝင် ဘဂ္ဂဒက်မြို့တော်က နေရာ အတော်များများကိုလည်း မော်တာကျည်ဆံတွေ ကျရောက် ပေါက်ကွဲခဲ့တာပါ။

အီရတ်စံတော်ချိန် ညနေ ၅ နာရီမှာ အဆုံးသတ်တဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်ထဲက အမတ် ၃၂၅ နေရာအတွက် ယှဉ်ပြိုင်ကြသူ ကိုယ်စားလှယ်လောင်း ၆,၂၀၀ လောက်အတွက် မဲပေးခွင့်ရှိသူ အီရတ်နိုင်ငံသား ၁၉ သန်းလောက်က ဆန္ဒမဲပေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG