သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်


မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ၇ ရပ်ထဲက တခုဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ နိုင်ငံတကာကို ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ကြေညာတော့မှာ ဖြစ်တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီနေ့ညနေ ၄ နာရီက အခုလို ကြေညာသွားပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခြင်း၊

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဥပဒေအမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ် တပေါင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

“အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့မှစပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ်ထုတ်ေ၀ ဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ။”

ဒီနှစ်ထဲမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ကြေညာတော့မယ့်အကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကြေညာသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ကြဖို့ နိုင်ငံရေးပါတီ တချို့နဲ့ တသီးပုဂ္ဂလတွေ စိုင်းပြင်းနေကြပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေ အသေအချာ မသိရသေးလို့ မဆုံးဖြတ်ရသေးတဲ့အကြောင်း ရွှေဂုံတိုင် ကြေညာချက် စာတမ်းအတိုင်း ရပ်တည်သွားမယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ အခုတော့ ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်တော့မယ်ဆိုတော့ NLD ရဲ့ ရပ်တည်ချက် သဘောထား ဘယ်လိုရှိသလဲဆိုတာ သိရအောင် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဦးဝင်းတင်က အခုလို ပြောပါတယ်။

“ကျနော်သိရသလောက် ၄ နာရီမှာ ကြေညာတာကတော့ ရွေးကောက်ပွဲ ဥပဒေကို အစိုးရက ကြေညာမယ်၊ ဥပဒေ ၅ ခုထွက်မယ်၊ ဒါပဲ။ အဲဒီဟာကို မနက်ဖြန် သတင်းစာတွေမှာ ပါမယ်၊ ပြီးတော့ နောက်နေ့မှာ စာအုပ်စာတမ်းတွေ ထုတ်မယ်ဆိုတာပဲ ပြောတယ်။ ဘာအချက်အလက်တွေ ပါတယ်ဆိုတာ ကျနော် ခုန စောစောအထိ ဖွင့်ထားတာတော့ ဘာမှ မလာဘူးဗျ။ ကျနော်တို့ တီဗွီကို တလျှောက်လုံး ဖွင့်ထားတယ်၊ အခု။”

အရင်တုန်းကတော့ NLD က ရွေးကောက်ပွဲ ဥပဒေတို့၊ ရွေးကောက်ပွဲဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ဘာမှ မထွက်သေးတဲ့အတွက် ဘာမှ မစဉ်းစားသေးဘူးလို့ ပြောပါတယ်။ အခု ဥပဒေ ထွက်တော့မယ်ဆိုတော့ အန်ကယ်တို့ အနေနဲ့ ဘယ်လိုစဉ်းစားပါသလဲ။

“ညှိရဦးမှာပေါ့ဗျာ။ ဒါလည်း အတွင်းမှာတော့ သဘောထားတွေ အမျိုးမျိုး ဖြစ်မှာပေါ့ဗျာ။ ဆိုပါတော့ တချို့က ဥပဒေထွက်တာနဲ့တင် ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး ပြောဖို့ အချိန်ဆိုက်တယ်လို့ ယူဆတဲ့လူလည်း ရှိမှာပေါ့ဗျာ။ သို့သော် ထွက်လာတဲ့ ဥပဒေက ဘာဥပဒေမှန်း နကန်းတလုံးမှ မသိဘဲနဲ့ ဥပဒေထွက်တယ် ဆိုရုံနဲ့ ရွေးကောက်ပွဲ ဝင်ဖို့၊ မဝင်ဖို့ ကြေညာမယ့်အချိန် ဆိုက်တယ်လို့ မယူဆတဲ့လူတွေလည်း ရှိမှာပေါ့ဗျာ။ အဲဒါတော့ ကျနော်တို့လည်း သိပ်ပြောနိုင်မယ် မထင်သေးဘူး။ အထဲမှာကို ပြန်ညှိရဦးမှာ။”

အခု CEC အပါအဝင် ဗဟိုဦးစီး အဖွဲ့ဝင်တွေလည်း လူ ၁၀၀ ကျော် ရွေးချယ်ထားပြီးပြီ ဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး NLD ရဲ့ ဦးစီးအဖွဲ့က ဘာတွေ ဆက်လုပ်ဖို့ ပြင်ဆင်ထားပါသလဲ။

“အဲဒါကတော့ အမှန်အတိုင်း ပြောရရင် ဘာမှ ပြင်ပြင်ဆင်ဆင် သိပ်မရှိသေးဘူး။ ကျနော်ပြောချင်တာ ရွေးကောက်ပွဲ ဥပဒေကို ကြေညာတဲ့အချိန်မှာ၊ ဥပဒေ ထွက်လာတဲ့ အချိန်မှာ ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး ပြောမယ်လို့ အနေအထား ရှိတယ်လို့ ယူဆတဲ့လူတွေလည်း ရှိတယ်။ တချို့ကျတော့ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့ အချိန်မှာလည်း ဥပဒေတွေ ပြန်ဖတ်ရဦးမယ်၊ ဒါက တမျိုးပေါ့။

“နောက်တမျိုးက ဒီအစိုးရကို ကျနော်တို့ တောင်းထားတဲ့ ရွှေဂုံတိုင်တို့ ဘာတို့ ရှိတယ်။ ရွှေဂုံတိုင်တို့ ဘာတို့ တောင်းဆိုထားတဲ့ အခြေခံဥပဒေ ပြင်ရေးတို့၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစား လိုက်နာရေးတို့၊ အကျဉ်းသားတွေ လွှတ်ရေးတို့၊ တွေ့ဆုံဆွေးနွေးပွဲတို့၊ ဆိုတဲ့ကိစ္စတွေကို ဘာမှ မပြောဘဲနဲ့၊ ဘာမှ တစုံတရာ အစိုးရဘက်က တုံ့ပြန်မှု မရှိဘဲနဲ့ ကျနော်တို့က ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်မလဲလို့ ယူဆတဲ့ လူတွေလည်း ရှိတယ်ဗျာ။

“နောက်တခုက ဘာပဲပြောပြော အခု CC လိုဟာမျိုး ပေါ်လာတဲ့ အခါကျတော့ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်း ဆုံးဖြတ်တဲ့နေရာမှာ CC ကို မတိုင်ပင်သေးဘူးလားလို့ ယူဆတဲ့ အတွေးအခေါ်တွေလည်း ရှိတယ်။ နောက်တဆင့် ထပ်ပြောရရင် ပေါင်းပြီး ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်း ဆိုတာဟာ ရွှေဂုံတိုင်က ချမှတ်ထားတဲ့ အခါကျတော့ ရွှေဂုံတိုင်ရဲ့ အစည်းအဝေးက လူတွေကရော ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့်ကို သူတို့ ရွှေဂုံတိုင် စံနှုန်းတွေနဲ့ မကိုက်ညီရင် မဝင်ဘူး၊ ဝင်မယ် မဆုံးဖြတ်သင့်ဘူးလားလို့ ယူဆတဲ့ လူတွေလည်း ရှိတယ်။ အများကြီးပဲဗျ။

“အဲတော့ ဒီကိစ္စကတော့ အချိန်က NLD က ဒီနေ့ မနက်ဖြန် ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတဲ့ စကားတွေတော့ ပေါ်ထွက်လာမယ်လို့ ကျနော်တော့ မထင်ဘူး။ ပေါ်ထွက်လာရင်လည်း အလွန်မှားယွင်းတဲ့ ဖုတ်ပူမီးတိုက် လုပ်မှုပဲလို့ ပြောရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အရိပ်အယောင်ရော NLD အနေနဲ့ မြင်ပါပြီလား။

“ကျနော်တို့ မမြင်ပါဘူး။ ဘာအရိပ်အယောင်မှ မရှိဘဲ၊ နိုင်ငံရေး အထောက်အထား ဘာမှ မရှိဘဲနဲ့တော့ ကျနော်တို့က တချို့ဟာတွေ မယုံနိုင်ဘူးဗျ။”

ရွေးကောက်ပွဲက ဒီနှစ်ကုန်မှာ ကျင်းပဖို့တော့ သူတို့ လုပ်နေတယ်။

“လုပ်မှာပဲ။ လုပ်တယ်လို့ ယူဆရတယ်။ လုပ်မှာပါ။ ကျနော်က ရွေးကောက်ပွဲ လုပ်မယ့်ဟာနဲ့ ပတ်သက်လို့တော့ သိပ်ပြီးတော့ သံသယမဖြစ်ဘူး။ တခုပဲရှိတယ်၊ နယ်စပ်ကိစ္စတွေတို့ ဘာတို့ သူတို့ အခြေအနေ သိပ်ဆိုးဝါးရင်တော့ ရွေးကောက်ပွဲဆိုတာ ရွှေ့ချင်တယ်ဆိုရင် ရွှေ့လို့ရတာပဲဗျာ၊ အစိုးရ ကြေညာချက်ဆိုတာ။

“သို့သော် အခုလောလောဆယ်ကတော့ ကျနော်ထင်တယ်၊ သူတို့ကလည်း လုပ်မှာပဲ။ တိုင်းသူပြည်သားဘက်က ဘယ်လို တုံ့ပြန်ကြသလဲ၊ နိုင်ငံရေး အင်အားစုတွေဘက်က ဘယ်လိုတုံ့ပြန်ကြသလဲ၊ အဲဒါ စောင့်ကြည့်ဖို့ပဲ၊ ဒါပါပဲ။”

ရွေးကောက်ပွဲလုပ်ဖို့ ကျင်းပနေတဲ့ အချိန်အတွင်းမှာပဲ အလုပ်သမားတွေ ဆန္ဒပြတာ ရက်ဆက် ဖြစ်နေပါတယ်။ အခုဆို တလကျော်လာပြီပေါ့။ ဒီအခြေအနေကရော အဘအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

“တချို့လူတွေကတော့ ဘယ်လိုတွက်လဲဆိုတော့ အစိုးရကိုယ်တိုင်က ဒါတွေကို လွှတ်ပေးထားတယ်ပေါ့ဗျာ။ ဒီဟာတွေ လွှတ်ပေးထားတာကိုက ရွေးကောက်ပွဲ ရွှေ့ချင်လို့ဆိုပြီး ပြောနေကြတာတွေ ရှိတယ်။ ကျနော်ကတော့ မယုံဘူးဗျ။ အဲဒါ လွှတ်ပေးထားတာ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် အစိုးရနဲ့ မဆိုင်သေးဘူးဗျ။

“ဒီကိစ္စက ကုမ္ပဏီတွေရဲ့ ကိစ္စပဲ။ ကုမ္ပဏီတွေက ပေးနေတာလည်း ထမင်းစားလို့ မရအောင် ပေးနေတာ။ အဲဒီပေးတဲ့အထဲက အခု အလုပ်သမားက တောင်းတာလည်း သိပ်များများမဟုတ်ဘူး။ ၂၀,၀၀၀ ရတဲ့လူက နောက်ထပ် လေးငါးရှစ်ထောင် တသောင်း တိုးရဖို့ ပြောနေတာ၊ ဒီလောက်ပဲ။ ဒီဟာ ဖြေရှင်းချင်ရင် အစိုးရ အလုပ်သမား ဝန်ကြီးဌာနတို့ ဘာတို့က ဆင်းပြီး ဖြေရှင်းပေါ့။ ဒါမှမဟုတ်ရင်လည်း ကုမ္ပဏီတွေ သူ ခေါ်ပြောလို့ ရတာပဲဗျာ။ ကြေလည်အောင် ရှင်းလိုက်၊ ပြီးတာပဲ။ အခုဟာ မဟုတ်ဘူးဗျ၊ အလုပ်သမားနဲ့ ပိုင်ရှင်နဲ့ ကိစ္စပဲ။ သူတို့က နေသာတယ်။ ကျနော်ထင်တယ်၊ ဒီကိစ္စက ရွေးကောက်ပွဲတွေ ရွှေ့လောက်အောင်၊ ပျက်လောက်အောင်၊ ဘာမှ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG