သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ရွှေ့ဆိုင်း ပယ်ဖျက်ခြင်း ဥပဒေ နယ်စပ်ဒေသ စိုးရိမ်


မြန်မာစစ်အစိုးရက ဒီနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ခြေလှမ်းတရပ် အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို စတင်ထုတ်ပြန်လိုက်ပြီ ဖြစ်ပေမဲ့ အပစ်ရပ်အဖွဲ့တွေ အခြေစိုက်ထားတဲ့ တရုတ်၊ မြန်မာ နယ်စပ်ဒေသဘက်တွေမှာတော့ စစ်ရေးအရ တိုးမြှင့်လှုပ်ရှားမှုတွေ ရှိလာနေပါတယ်။ ရွေးကောက်ပွဲ မကျင်းပမီ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ လက်မခံရင် အပစ်ရပ် ဒေသတွေမှာ ဘယ်လို အခြေအနေတွေ ဖြစ်လာနိုင်ပါသလဲ။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အခန်း ၃၊ အပိုဒ် စ အရ ရွေးကောက်ပွဲ ကော်မရှင်ဟာ သဘာ၀ ဘေးအန္တရာယ် ဒါမှမဟုတ် နယ်မြေလုံခြုံရေးအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာနဲ့ ပယ်ဖျက်တာတွေ လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ဖွဲ့စည်းဖို့ သဘောတူညီချက် မရသေးတဲ့ အပစ်ရပ် ဒေသတွေမှာ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အလားအလာ နည်းနေတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

“အလားအလာက နည်းတယ်လို့ ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူခပ်များများက မှတ်ပုံတင်တွေ ဘာတွေလည်း လုပ်ပေးထားတာ မရှိဘူး။ သန်းခေါင်စာရင်းတွေ ဘာတွေလည်း နအဖ အစိုးရလက်ထက်မှာ ဘာမှမရှိဘူး။ ၂၀၀၈ သူတို့ ဖွဲ့စည်းပုံအတွက် Referendum လုပ်တဲ့အချိန်၊ မလုပ်ခင်မှာလည်း ယာယီကတ်ပြား လုပ်ပေးတာလည်း ရှိတယ်။ တခြားနေရာတွေ အဖြူရောင်နယ်မြေလို ပုံစံမျိုး မှတ်ပုံတင် တရားဝင် လုပ်ထားတဲ့ အရေအတွက်ကလည်း အနည်းအကျဉ်းပဲ ရှိသေးတယ်၊ မရှိသလောက်ပဲ။

“အဲဒါကြောင့် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အဲဒီဒေသတွေကို နအဖက ချန်ထားချင်တဲ့သဘော အဓိပ္ပာယ် သက်ရောက်နိုင်တယ်လို့ ကျနော်ထင်တယ်။ တဘက်တလမ်းက သူတို့ တိုက်ချင်လည်း တိုက်မယ်၊ မတိုက်ချင်ရင်လည်း သူတို့ ဒီအတိုင်းထားမယ်။ တဘက်မှာလည်း သူတို့က ရွေးကောက်ပွဲကို လုပ်နိုင်တဲ့နေရာ၊ လုပ်နိုင်တဲ့ဒေသမှာ၊ သူတို့ လုံခြုံရေးအရ ဘာမှ မပူရတဲ့ နေရာမှာ၊ သူတို့ ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ နေရာမှာ သူတို့လုပ်မယ်။ အဲဒီလို နှစ်ပိုင်း ခွဲပစ်လိုက်နိုင်တယ်လို့ ကျနော်ထင်တယ်။”

ဒီရက်ပိုင်းအတွင်း တရုတ်၊ မြန်မာ နယ်စပ်က ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ခေါ် ဝတပ်ဖွဲ့တွေ အခြေစိုက်ရာ ဒေသဘက်မှာ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေကို ဦးစိန်ကြည်က အခုလို ဆက်ပြောပါတယ်။

“ဒီလ ၃ ရက်၊ ၄ ရက်နေ့လောက်တုန်းက တပ်မ ၇၇ က ခပ်များများ၊ တပ်မ ၃၃ က တချို့ပါတယ်။ လားရှိုးဘက်ကို ကားအစီး ၁၀၀ ထက်မနည်း ရောက်လာတယ်ပေါ့၊ စစ်ကားတွေ။ အဲဒါ တချို့ စစ်သားတွေ တင်လာတယ်၊ တချို့ ရိက္ခာတွေ တင်လာတယ်။ လားရှိုးကနေ လမ်းကြောင်းသုံးခု တက်သွားတယ်ပေါ့။ ကွမ်လုံ၊ ဟိုပန်ဘက်ကို တက်သွားတယ်။ နောက်ပြီးတော့ လားရှိုးကနေ မုန်းယော်ကို ဖြတ်ပြီး တာဆိုင်းလျံဆိုတဲ့ သံလွင်ကူးတို့ဆိပ်ဘက်ကို ဆင်းတာလည်း ရှိတယ်။ နောက် တန့်ယန်းဘက် သွားတာလည်း ရှိတယ်။ တန့်ယန်းဘက်သွားတာ ခပ်များများပေါ့။”

ဒီလဆန်းပိုင်းတုန်းကတော့ မြန်မာစစ်အစိုးရဘက်က ဝတပ်ဖွဲ့ဘက်ကို နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးအတွက် ကြန့်ကြာနေမယ်ဆိုရင် စစ်အင်အားသုံး တိုက်ကောင်း တိုက်မယ်လို့ တရုတ် ဆက်ဆံရေး အရာရှိတွေကနေ တဆင့် အကြောင်းကြားခဲ့ပါတယ်။ ဝတပ်ဖွဲ့ဘက်ကလည်း သူတို့ တောင်းဆိုတာကို အပြန်အလှန် အပေးအယူ ညှိနှိုင်း ဆောင်ရွက်တာ မရှိတဲ့အတွက် လက်မခံခဲ့ဘူးလို့ ဦးစိန်ကြည်က ပြောပါတယ်။ ဒီလို တင်းမာနေတဲ့ အနေအထားတွေ အရဆိုရင် ဝဒေသမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဦးစိန်ကြည်က အခုလို သုံးသပ်ပါတယ်။

“တချို့ ၀ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေ သုံးသပ်ကြတာကတော့ အနည်းဆုံး ၇၀-၈၀% က ဒီတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့် ဝခေါင်းဆောင်တွေ ပြောတဲ့ ပုံစံအတိုင်း၊ တရုတ် ဆက်ဆံရေး အရာရှိတွေက တဆင့် ဗိုလ်ရဲမြင့်တို့ လာပြောတဲ့ ကိစ္စတွေ ဒီ သုံးလေးဘက် ချိန်ဆကြည့်မယ်ဆိုရင် တိုက်ပွဲတွေ ဘာတွေ ဖြစ်နိုင်ဖို့ အလားအလာ များတဲ့ပုံစံ ဖြစ်နေတယ်။”

ဝတပ်ဖွဲ့ဘက်ကလည်း စစ်ရေးအရ ပြင်ဆင်တာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်အစိုးရက တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ သဘောတူညီချက် မရသေးတဲ့ အခြား အပစ်ရပ် အဖွဲ့တွေကတော့ မိုင်းလားအဖွဲ့ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်၊ SSA ခေါ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီအပစ်ရပ် အဖွဲ့တွေကို မြန်မာစစ်အစိုးရက တရားမဝင် အသင်းအဖြစ် ကြေညာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဝတပ်ဖွဲ့ရဲ့ သဘောထားကိုတော့ သူတို့နဲ့ နီးစပ်သူတယောက်က အခုလို ပြောပြပါတယ်။

“သူတို့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့ပဲတဲ့။ ငြိမ်းချမ်းရေး မပြေလည်ဘဲနဲ့ တရားမဝင်အသင်း ကြေညာမယ် ဆိုရင်တော့ ဒါ သူတို့လည်း ဘာတတ်နိုင်မလဲတဲ့။ သူတို့ကလည်း နအဖလက်ထဲမှာပဲ ရှိတာပေါ့။ ကောင်းမယ်ဆိုလည်း သူ့လက်ထဲမှာပဲ၊ တိုက်ပွဲ ပြန်လုပ်ချင်တယ်ဆိုလည်း သူ့လက်ထဲမှာပဲ ရှိတယ်လို့ ကျနော့်ကို ပြောတယ်။”

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ လက်မခံရင် အပစ်ရပ် ဒေသတွေမှာ ရွေးကောက်ပွဲ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ အခြေအနေကိုတော့ KIO အဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌဟောင်းနဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင် ဒေါက်တာတူးဂျာက အခုလို သုံးသပ် ပြောဆိုပါတယ်။

“အခြေအနေကတော့ အခု ဆွေးနွေးနေဆဲ အခြေအနေမျိုးပဲ ရှိတယ်။ KIO ဆိုရင်လည်း ကြားသိရတဲ့အတိုင်း ဆိုရင်တော့ ဆွေးနွေးနေသေးတယ်။ အစိုးရနဲ့ ထပ်မံဆွေးနွေးဖို့ အခြေအနေ ရှိတယ်။ ဝလည်း ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ကျနော့်အမြင် ပြောရမယ် ဆိုရင်တော့ အတိအကျ ပြောဖို့ နည်းနည်းစောသေးတယ်။”

KIO အဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ ထပ်မံဆွေးနွေးဖို့ အတွက် သူတို့ ဌာနချုပ်မှာ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေပါတယ်။ မကြာမီရက်တွေ အတွင်းမှာတော့ မြန်မာစစ်အစိုးရနဲ့ ထပ်မံဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG