သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲဥပဒေ အမေရိကန် သံသယရှိ


မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ မြန်မာ့နိုင်ငံရေးမှာ အဓိကကျတဲ့ အင်အားစုတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ တဘက်သတ် ထုတ်ပြန်တာကြောင့် လာမယ့် ရွေးကောက်ပွဲအပေါ် ယုံကြည်လက်ခံနိုင်ဖို့ ခက်ခဲမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ မြန်မာအစိုးရဟာ တဘက်မှာတော့ နိုင်ငံတကာက လိုလား တောင်းဆိုနေတဲ့ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ လျစ်လျူပြုနေဆဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကတော့ အခုလို နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေကို မဆွေးနွေးဘဲ ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ပြောသွားပါတယ်။

“ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အခြေအမြစ်ရှိရှိ တွေ့ဆုံဆွေးနွေးတာမျိုး အရင်မလုပ်ဘဲနဲ့ မြန်မာအာဏာပိုင်တွေဘက်က တဘက်သတ် အခုလို ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်လိုက်တဲ့ အပေါ်မှာ ကျနော်တို့ စိုးရိမ်ပူပန်မိပါတယ်။”

ဒါကြောင့်လည်းပဲ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်မှု ရှိဖို့ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

“အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများက လက်ခံယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလားဆိုတာ အမေရိကန်ပြည်ထောင်စု အနေနဲ့ သံသယ ရှိနေတုန်းပါ။ ဒါကြောင့် အများက လက်ခံယုံကြည်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ဆိုရင် နိုင်ငံရေးမှာ အဓိကကျသူ အားလုံးနဲ့ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီ လိုလားသူတွေကတော့ အခု ရွေးကောက်ပွဲ ဥပဒေအရ ဆိုရင်တော့ ဖမ်းဆီးခံထားရသူတွေဟာ နိုင်ငံရေးပါတီကို ဦးဆောင်ဖွဲ့စည်းခွင့် မရှိပါဘူး။ ဒါဟာ လူတိုင်း လူတိုင်း နိုင်ငံရေး လုပ်ဆောင်ခွင့်ကို ကန့်သတ်ထားတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

မြန်မာနိုင်ငံမှာ အခုလို အရေးပါသူအားလုံး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရဘူး ဆိုရင်တော့ ဒီရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံနိုင်ဖွယ် မရှိဘူးလို့လည်း တနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က သတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG