သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဥပဒေ ဒေါ်စုအပေါ် ကန့်သတ်မှု လွန်ကဲ


မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်တဲ့ နေရာမှာ မြန်မာနိုင်ငံက အဓိက အတိုက်အခံ ပါတီကြီးတခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဓိကကျသူတွေ ပါဝင်ခွင့်တွေကိုတော့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီ့အတွက် NLD ပါတီက စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နိုင်မယ့် အခြေအနေ ရှိ၊ မရှိ ဆိုတာကိုတော့ မကြာသေးခင်ကမှ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ပါတီ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးကို ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဒီကနေ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တရားဝင် ကြေညာချက် ထုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘဘအမြင် သိပါရစေ။

“အခု သူတို့ ကြေညာချက်က ၁၉၉၀ ရွေးကောက်ပွဲက ထုတ်ပြန်ထားတဲ့ ကြေညာချက်ထက် ပိုပြီးတော့ အကန့်အသတ်၊ အပိတ်အပင်၊ အတားအဆီးတွေ များတာပေါ့ဗျာ။ Act တင်မဟုတ်တော့ဘူး၊ Rules and Regulations တွေကိုပါ Act အဖြစ် ထည့်ထားတဲ့သဘော များနေတယ်။ ကျနော်တို့က ဒါနဲ့ ပတ်သက်လို့ အားလုံး လေ့လာတုန်းလေ။ အဲဒါကို ကျနော်တို့ CEC ခေါ်ပြီး အားလုံး သေချာလေ့လာရမယ်၊ ညှိနှိုင်းကြမယ်။”

အခု ဒီထဲမှာ ဥပဒေ ပုဒ်မ ၄ ရော၊ ၁၀ မှာပါ ပါတီထူထောင်လိုတဲ့သူတွေ၊ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း ဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး အန်တီစုကလည်း နေအိမ်အကျယ်ချုပ်ထဲမှာပဲ ရှိနေတယ်၊ NLD က ခေါင်းဆောင် တော်တော်များများကလည်း အကျဉ်းထောင်တွေမှာ ကျခံနေရတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘဘအမြင် ပြောပြပေးပါ။

“အမှန်ကတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပုဂ္ဂိုလ်အတွက်နဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ပိုလုပ်တာ ပါလာတာပေါ့ဗျာ။ သူက ရေးထားတာက ပြစ်ဒဏ်ကျခံပြီးရုံတင် မဟုတ်သေးဘူး၊ ပြစ်ဒဏ်ကျခံတာနဲ့ ပတ်သက်ပြီးတော့ အယူခံတင်သွင်းတဲ့ အချိန်အခါ၊ ပြင်ဆင်ချက် တင်တဲ့အခါ၊ ဆက်လက်ပြီးတော့ အထက်တရားရုံးကို တင်နေတဲ့ အချိန်အခါ အတောအတွင်း အထိပါ အကျုံးဝင်တယ် ဆိုထားတာကိုး။

“အမှန်ကတော့ လူတယောက်ဟာ အပြစ်ဒဏ် အောက်က ချပြီးပေမဲ့ ဟိုး ဗဟိုတရားရုံးထိပ် တက်ကြည့်တဲ့သူက မဆုံးဖြတ်သမျှ ကာလပတ်လုံး ဒါဟာ အပြစ်ရှိတယ်လို့ မယူဆတဲ့သဘော ရှိတာပေါ့ဗျာ။ အောက်ရုံးတော်က အပြစ်ဒဏ် ပေးထားတာတော့ မှန်တယ်ပေါ့။ ဒါပေမဲ့ အထက်ရုံးတွေ၊ အထက်ရုံးတွေနဲ့ ကျနော်တို့က အယူခံဝင်တာတို့၊ ပြင်ဆင်ချက် ဝင်တာတို့ လုပ်ထားတာပါ။ အဲတော့ အဲဒါတွေပါ အကျုံးဝင်တယ်ဆိုတော့ သူက အကြောင်းအမျိုးမျိုးနဲ့ အတားအဆီး၊ အကန့်အသတ်တွေ များလာတဲ့သဘော ဖြစ်တာပေါ့ဗျာ။

“သူတင်မကဘူး၊ အခြားအခြားသော အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးလည်း အလားတူပဲ သက်ရောက်အောင် လုပ်ထားတဲ့သဘော ရှိတာပေါ့။ အကန့်အသတ် များလွန်းတယ်၊ အချုပ်အချယ် များလွန်းတယ်လို့ပဲ မှတ်ယူရမှာပေါ့ဗျာ။”

အခု ပုဒ်မ ၆ အရဆိုရင် ၂၀၀၈ မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ NLD အနေနဲ့ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ခိုင်းထားတယ် ဆိုတော့ NLD ပါတီရဲ့ သဘောထားကို သိပါရစေ၊ ဒီပုဒ်မနဲ့ ပတ်သက်ပြီး။

“ကျနော်တို့က အခုထက်ထိ ရွှေဂုံတိုင် ကြေညာစာတမ်းကို ရပ်တည်ထားလျက်ပါပဲ။ အခုကတော့ အဲဒီအတိုင်းပဲ ရပ်တည်နေတယ်။ ဒီနေ့လည်းပဲ သံတမန်တွေ အများကြီး မေးကြပါတယ်။ ကျနော်တို့ကလည်း အဲဒီအတိုင်းပဲ ရပ်တည်လျက် ရှိတယ်ဆိုတာပဲ ဖြေပေးတာပေါ့လေ။ အရေးကြီးဆုံးက တခြားမဟုတ်ဘူးဗျ၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သက်ဆိုင်ရာ စစ်ဘက်အကြီးအကဲဆီကို စာပို့ထားတာ ရှိတယ်လေ။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး စုံညီနဲ့လည်း တွေ့ပြီးတော့ ဆွေးနွေးချင်တယ်။ ပြီးတော့ အဲဒီကတဆင့် သက်ဆိုင်ရာ အကြီးအကဲလုပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးချင်တယ်၊ ဒီလိုပြောထားတာကို ဘာမှ ပြန်ခြင်း ပြုခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။

“အဲတော့ မပြန်ဘဲနဲ့ အခု ဒါကို ထုတ်တယ်ဆိုတော့ သူတို့အနေနဲ့ကတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုတဲ့ အတိုင်းပေါ့။ ဒီအတိုင်း ဆက်သွားမယ်ဆိုတာ ကျနော်တို့က အရင်ကတည်းက သိပါတယ်လေ။ သို့သော်လည်း ကျနော်တို့ဘက်က လမ်းပွင့်အောင် လိုက်လံပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စအ၀၀ကိုလည်း အဖွဲ့မရှိတဲ့ သဘောမျိုးလို ဖြစ်တဲ့သဘောကျတော့ ဒီအပေါ်မှာ မူတည်ပြီးတော့လည်း ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းထားပြီးတော့ အဲဒီအပေါ်မှာ အကျေအလည် ဆွေးနွေးပြီးရင် ကျနော်တို့ကလည်း ပြောစရာရှိတဲ့ ဝင်မလား၊ မဝင်ဘူးလားဆိုတဲ့ အချက်အလက်ကို ပြတ်ပြတ်သားသား ပြောဖို့တော့ ကျန်တာပေါ့ဗျာ။

“အဲတော့ အချိန်အနေနဲ့ကလည်း အကန့်အသတ်ရှိတော့ ဒီအချိန်အတောအတွင်းမှာ တခုခုတော့ ကျနော်တို့ လုံလောက်တဲ့ အချိန်ယူပြီး ပြောမယ်ဆိုတဲ့ သဘောတော့ စဉ်းစားထားတာ ရှိပါတယ်လေ။

“နောက် ကျနော်တို့ CC ကလည်း ဖွဲ့စည်းထားတော့ CC အဖွဲ့အစည်းက လူတွေကလည်း နယ်တွေမှာ ဆင်းပြီးတော့ နယ်တွေနဲ့လည်း တွေ့နေတဲ့ အခြေအနေရှိတော့ အားလုံး နယ်သူနယ်သားတွေနဲ့ အဖွဲ့ဝင်တွေ အားလုံးရဲ့ သဘောထားတွေကိုလည်း ကျနော်တို့က ကျေကျေလည်လည် ကျေညက်အောင် လေ့လာပြီးမှ တခုခုတော့ ဆုံးဖြတ်ချက် ပေးရမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ဆုံးဖြတ်ချက် ပေးနိုင်မှာ ဖြစ်တယ်။”

အခု သူက သတ်မှတ်ထားတာ ပုဒ်မ ၂၅ မှာဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ကော်မရှင်ကို မလျှောက်ထားရင် နိုင်ငံရေးပါတီ အဖြစ်က အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်မယ်ဆိုတော့ ရက်ပေါင်း ၆၀ အတွင်းမှာ အဘတို့ အခုလုပ်မယ်လို့ စီစဉ်ထားတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံတာတွေ ပြီးမြောက်မယ်လို့ ယုံကြည်ပါသလား။

“ပြီးပါတယ်။ တနင်္လာနေ့ဆိုရင် အပြည့်အစုံ CEC ခေါ်ပြီး အကျေအလည် ပြောကြမှာပဲ။ အဲဒီနောက်ပိုင်း တနင်္လာနေ့မှာလည်း ထပ်ပြီးတော့ ဒီ ထူးခြားတဲ့ မှတ်ပုံတင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေပေါ့၊ အဲဒါလည်း ထုတ်ထားတာရှိတော့ အဲဒီအပေါ်တွေမှာ၊ နောက် ထွက်မယ့် ဥပဒေတွေ၊ အကြောင်းချင်းရာတွေ အပေါ်မှာ၊ နောက်လည်း သူတို့ Candidates တွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ရွေးတာတွေ ဘာတွေ ထွက်ဦးမှာကိုး။ နောက် ပြည်နယ်နဲ့ တိုင်း၊ အထူးဒေသကြီးအတွက် ကိုယ်စားလှယ်များနဲ့လည်း ထွက်ဦးမှာကိုး။

“အဲဒါတွေအားလုံး ခြုံငုံပြီးရင်တော့ တခုခုကို ပြောဖို့လိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မလွဲမသွေ တွေ့ခွင့်၊ ဆွေးနွေးနိုင်ခွင့်၊ ပြီးတော့မှ အဲဒီကတဆင့် နိုင်ငံတော် အကြီးအကဲနဲ့ တွေ့ဆုံနိုင်ခွင့် လုပ်ဖို့ဆိုတဲ့ဟာကို ကျနော်တို့ လေးလေးနက်နက် တောင်းဆိုထားတာ ရှိတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ပေါ် မူတည်ပြီးတော့ ကျနော်တို့က ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်မှာ ဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG