သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ဒေါ်စု ပါဝင်ခွင့် အမေရိကန် ထပ်မံ တောင်းဆို


မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်မိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေက ပြောဆိုနေပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေး ပါတီတွေကတော့ မြန်မာစစ်အစိုးရဘက်က အခုလို ဥပဒေတွေ ထုတ်ပြန်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာဟာ အခွင့်အလမ်းကောင်း တခုလို့ သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံကို ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုရင်း တချိန်တည်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည် နိုင်ငံရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခွင့်ပေးတာကို တွေ့မြင်လိုတဲ့အကြောင်း ပြောဆိုသွားတာပါ။ အာရှခရီးစဉ်အတွင်း မလေးရှားကို တရက်သွားရောက်တဲ့ အချိန် မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအပေါ် သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲ လုပ်ငန်းစဉ်အရ စလုပ်ဆောင်နေတဲ့ အခြေအနေ အားလုံးကို ကျနော်တို့ ကြည့်နေပါတယ်။ ၅ ခုထဲက ပထမ ထွက်လာတဲ့ ဥပဒေတွေကို ကြည့်ရင် ကျနော်တို့အနေနဲ့ စိတ်ပျက်မိသလို စိတ်မကောင်း ဖြစ်မိတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ရွေးကောက်ပွဲ မကျင်းပခင် ပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးရေးတွေ စစ်အစိုးရဘက်က စလုပ်တာကို ကျနော်တို့က မြင်ချင်တာပါ။ ရှင်းရှင်းပြောရရင် ဒီလို တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ လိုအပ်နေဆဲပဲလို့ ကျနော်တို့ဘက်ကတော့ မြင်ပါတယ်။”

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော စစ်အစိုးရ ခေါင်းဆောင်တွေကိုပါ တွေ့ဆုံခဲ့ပါတယ်။

အခု စစ်အစိုးရဘက်က ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်မှာ ဝင်ရောက် မယှဉ်ပြိုင်ဘူးဆိုရင် ရပ်တည်ခွင့် မရှိပါဘူး။ စစ်အစိုးရရဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ ပါ စည်းကမ်းချက်နဲ့ မညီတဲ့သူတွေကို ပါတီဝင်အဖြစ်က ထုတ်ပယ်ဖို့ တောင်းဆိုထားပါတယ်။

အဲဒီ ပုဒ်မ ၁၀ အရ ထောင်ဒဏ် ကျခံနေရသူတွေကို ပါတီဝင်အဖြစ်က မထုတ်ပယ်ဘူးဆိုရင် နိုင်ငံရေးပါတီတခု အနေနဲ့ တရားဝင် ပါတီအဖြစ် မသတ်မှတ်ပါဘူး။ ဒီ ထောင်ဒဏ် ကျခံနေရသူတွေလို့ ပြောတဲ့အခါ နိုင်ငံရေးမှုနဲ့ ရာဇဝတ်မှုကို ခွဲခွဲခြားခြား ဖော်ပြမထားတဲ့အတွက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ဖို့ NLD ကို ဖိအားပေးတဲ့ ဥပဒေတရပ် ဖြစ်နိုင်တယ်ဆိုပြီး နိုင်ငံရေး အကဲခတ်တွေက သတ်မှတ်ပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့က ဒေါ်ဆောင်ဆန်းစုကြည် မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေထဲမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခွင့် ရရှိတာကို တွေ့မြင်လိုပါတယ်။ အခုလည်း ကျနော်တို့ဘက်က ဒီသဘောထားအတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး နိုင်ငံရေးမှာ ပါဝင်ခွင့် ပေးတာကို မြင်လိုပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ တွေ့ရ မြင်ရသမျှကတော့ စိတ်ပျက်စရာပဲလို့ ပြောရပါလိမ့်မယ်။”

အမေရိကန် ပြည်ထောင်စုက ဒီလို ဝေဖန်ပြောဆိုနေတဲ့ အချိန်မှာပဲ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သူတွေကတော့ အခုလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ထွက်လာတဲ့အတွက် မှတ်ပုံတင်ဖို့ စတင်ပြင်ဆင်နေပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုကတော့ ရွေးကောက်ပွဲဟာ အခွင့်အရေး လမ်းစတခုလို့ မြင်တဲ့အကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဖွဲ့သားတွေ အားလုံးကလည်း တက်တက်ကြွကြွ ရှိပါတယ်။ အဲဒီအတွက်၊ ကျမဆီလည်း ဖုန်းတွေ ဆက်ကြတယ်။ ကျမတို့ အရင်တည်းကတော့ ကိုယ့်အချင်းချင်း တွေ့ဆုံပြီး တွေ့လို့ရသလောက်လေး တွေ့ပြီး ပြင်ဆင်ပါတယ်။ အခုတော့ ဒီနေ့ပဲ အဲဒါထွက်တယ်ဆိုတော့ ကျမတို့ လူကြီးတွေ တွေ့ပြီး၊ လူငယ်တွေနဲ့ပါ ညှိပြီး အကုန်လုံး ပြင်ဆင်ရမှာပေါ့။

“NLD ကတော့ သူ့ ရွှေဂုံတိုင် ကြေညာစာတမ်းနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်မလဲ ဆိုတာတော့ သူတို့ပါတီပေါ်မှာ တည်တယ်လေ။ အဲဒါတော့ ကျမ မသိပါဘူး။ ဒါပေမဲ့ ပြန်ပြီးတော့ မှတ်ပုံတင်ခွင့်တော့ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုချိန်ခါမှာ ကျမတို့လည်း တချိန်လုံး ပြောနေတာပါပဲ၊ အားလုံး မျက်နှာစုံညီ ဆွေးနွေးပွဲ လုပ်ဖို့တို့၊ ကျမတို့ ကိုယ်၌ကလည်း လိုလားပါတယ်။ ဒါပေမဲ့ ကျမတို့လည်း အဲဒါကို စောင့်လာတာပေါ့၊ ကျမတို့တင် မဟုတ်ဘူး၊ အားလုံးက ဖြစ်ချင်တယ်၊ လိုလားတယ်။ အဲဒါလည်း ဖြစ်မလာဘူးပေါ့လေ။

“ဖြစ်မလာတော့ အခု လမ်းစလေး ပွင့်နေတာတော့ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ လမ်းစလေး ပွင့်တော့၊ ဒါကတော့ ဒီမိုကရေစီ လုံးလုံးကြီး ရာနှုန်းပြည့် ရသွားမယ် မဟုတ်ဘူးဆိုတာ သိပေမဲ့ ဒီလမ်းစလေး ပွင့်နေတာကို ကျမတို့ ဝင်တာပါပဲ။ ဒီသဘောပဲ ရှိပါတယ်။”

မနေ့ကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရဘက်က အခုလို ဥပဒေတွေ တဖက်သတ် ထုတ်ပြန်နေတာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ လူအများ လက်ခံယုံကြည်နိုင်ခြေ အပေါ်မှာ သံသယဖြစ်မိတဲ့အကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG