သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဥပဒေ နိုင်ငံတကာ ဝေဖန်


စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို ပိတ်ပင်ထားတာမို့ မြန်မာစစ်အစိုးရ အပေါ်မှာ နိုင်ငံတကာက ပြစ်တင် ဝေဖန်လာကြပါတယ်။

ဒီဥပဒေအရ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီဥပဒေကို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ဝေဖန်ပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီရေး လုပ်ငန်းစဉ်နဲ့ လွဲချော်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောဆိုလိုက်ပြီး လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ အများက လက်ခံယုံကြည်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အခု ဒီဥပဒေဟာ နိုင်ငံရေး အင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲနဲ့ တဖက်သတ် ထုတ်ပြန်တာမို့ ဝမ်းနည်းစရာပါပဲလို့ ဗြိတိန်နိုင်ငံကလည်း ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒီဥပဒေကို လေ့လာနေတုန်းပဲလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရထားတဲ့ အချက်အလက်အရ ဆိုရင်တော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်လို့ မျှော်လင့်လို့ မရနိုင်ဘူးလို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံသား အားလုံး ဒီရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်နဲ့ ပါဝင်ခွင့် ပေးခြင်းအားဖြင့် လွတ်လပ်မျှတပြီး အများက ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာအောင်လုပ်ဖို့ အတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်တွေကို ထပ်မံ တိုက်တွန်းပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးဘူးဆိုတာ ဒီစစ်အစိုးရ အနေနဲ့ အာဏာဆက်ကိုင်ထားဦးမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG