မြန်မာစစ်အစိုးရက လောလောဆယ် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အခက်အခဲ ဖြစ်စေတာမျိုးတွေ ရှိပေမဲ့ ပါတီအနေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်စရာ နည်းလမ်းတွေ တွေ့လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဗွီအိုအေကို ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးပါတီ ဖွဲ့စည်းရာမှာ ထောင်ဒဏ် ကျခံနေရသူတွေကို ပါတီဝင်အဖြစ် မစည်းရုံးရဆိုတဲ့ အချက်မှာ ဒေါ်အောင်ဆန်းစုကြည် အကျုံးဝင်တယ်ဆိုတဲ့ အချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်၊ ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ပါတယ်။
ပထမဦးဆုံး ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ရွေးကောက်ပွဲ ဝင်နိုင်မယ့် အခွင့်အလမ်းတွေ တွေ့လာနိုင်တယ်ဆိုတဲ့ အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
“ကျနော်တို့ သေချာနားလည်တာကတော့ ဘယ်လောက်ပဲ အပေါ်က စည်းမျဉ်းတွေ ထုတ်ပြီး တားဆီးပိတ်ပင်မှုတွေ လုပ်နေသော်လည်း ရွေးကောက်ပွဲ ဝင်နိုင်မယ့် နည်းလမ်းတွေကတော့ ရှာကြံလို့ တွေ့မှာပဲလို့ ဒီလိုပဲ ယုံကြည်ပြီးတော့ အခု ဘာမှ စိတ်ထဲမှာ သိပ်ပြီးတော့ သောက ပူပန်ကြောင့်ကြခြင်း မရှိဘဲနဲ့ ရှေ့ဆက်ပြီး ကျော်လွှားနိုင်အောင် နည်းလမ်းတွေရှာပြီး စဉ်းစားနေဆဲ ဖြစ်တယ်။ ဒီနည်းလမ်းတွေကိုလည်း ကောင်းကောင်းမွန်မွန် အဖြေရှာလို့ တွေ့မယ်ဆိုတာလည်း ယုံကြည်နေတယ်။”
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင်လို့ မရနိုင်အောင် အာဏာပိုင်တွေက စီစဉ်နေပေမဲ့ ပြည်သူ့အားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက် ရှင်သန်နိုင်လိမ့်မယ်လို့လည်း ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဆက်ပြီး ပြောကြားသွားပါတယ်။
“ဟိုးအရင်ကတည်းက တနည်းနည်းနဲ့ ကျနော်တို့ကို ရှာကြံပြီးတော့ မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး တွက်ထားတာ။ အဲဒီအခြေအနေ တွက်ထားတဲ့ အတိုင်းပဲ ဖြစ်လာခဲ့သည်ရှိသော် တရားဥပဒေ စည်းကမ်းနည်းလမ်းနဲ့အညီ အေးချမ်းစွာ၊ ငြိမ်းအေးစွာ ဘယ်လိုကျော်လွှား ဖြေရှင်းကြမလဲ ဆိုတာကလည်း ဟိုး ရှေးဦးကတည်းက စဉ်းစားထားတာ။
“အဲတော့ ရှေးဦးမဆွ စဉ်းစားထားတဲ့ အတိုင်းပဲ အဲဒီနည်းလမ်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံတော်ဟာ ပြန်ပြီးတော့ ဝင့်ဝင့်ငွားငွားနဲ့ လွှင့်တင်ပြီး ပြန်လည်ပေါ်ပေါက်လာမယ် ဆိုတာကိုလည်း ယုံကြည်ထားတယ်။ ကျနော်ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ၊ ဘယ်သူမှလည်း စိတ်မညစ်ကြဘူး။ အကုန်လုံး ပျော်ပျော်ပါးပါးပဲ။
“ကျနော်တို့က ဒါနဲ့ပတ်သက်တာ အားလုံးကို ပြည်သူလူထုရဲ့ ဆန္ဒထဲမှာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ လိုချင်တဲ့ဆန္ဒ တကယ်ရှိနေရင် ပြည်သူလူထုရဲ့ အားကို ကျနော်တို့ အားကိုးတဲ့အတွက် ပြည်သူလူထုရဲ့ မေတ္တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တော့မှ မညှိုးနွမ်းပါဘူးလို့ နားလည်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ဒီမှတ်ပုံတင်အကြောင်းကို ဝမ်းပန်းတသာ ဖတ်နေတဲ့အကြောင်း၊ လေ့လာနေတဲ့အကြောင်း ပြောလိုက်စမ်းပါဗျာ။”
NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ထောင်ကျခံနေရသူ ပါတီဝင် မဖြစ်စေရဆိုတဲ့ အချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုလည်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အချက်အလက်နဲ့ ရှင်းပြပါတယ်။
“အကျုံးဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ် ၃ နှစ်ကျတယ်။ တနှစ်ခွဲကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပယ်ဖျက်လိုက်တယ်။ ကျန်တဲ့ ကျခံရမယ့် ကာလကို အိမ်မှာနေဖို့ အမိန့်ချတယ်။ အဲတော့ အိမ်မှာနေနေတာဟာ ကျန်တဲ့ တနှစ်ခွဲကို ကျခံနေတာ။ ဒါကြောင့် အကျုံးဝင်တယ်လို့ အန်ကယ်တော့ ဒီအတိုင်းပဲမြင်တယ်။”
ဒီဥပဒေကြောင့် NLD ပါတီအဖို့ အင်မတန်မှ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ဆက်ပြောသွားပါတယ်။
“ဘာဖြစ်နိုင်လဲလို့ဆိုရင် NLD က ဒီ ပါတီမှတ်ပုံတင်ခြင်း ဥပဒေနဲ့ စပ်လျဉ်းပြီးတော့ ဘာဆောင်ရွက်မလဲ ဆိုတဲ့ဟာ အရေးကြီးတယ်။ ဘာဆောင်ရွက်မလဲ ဆိုတာ အခုချိန်ထိ အဆုံးအဖြတ် မပြုနိုင်သေးဘူး။ ဒါ အဆုံးအဖြတ် ပြုနိုင်ရင်၊ ပါဝင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပေးရမယ်။ မထုတ်ပေးရင် မှတ်ပုံတင် ပျက်မယ်။ မပါဝင်တော့ဘူးဆိုရင်တော့ ဒီပြဿနာ မရှိတော့ဘူး။ ဒါလည်း ပါတီပျက်မှာပဲ။ အဲတော့ NLD က အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မကြာခင် ချရဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ သီးခြား Comment တော့ အန်ကယ်တို့ သိပ်မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စဉ်းစား ဆုံးဖြတ်ရမယ့်ဟာတွေ အများကြီး ရှိနေတဲ့အတွက်။”
NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။