မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ်ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။
“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီတွေးခေါ်မှုတွေကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လိုဝေဖန်တာမျိုး ရှိပါသေးလဲ။
“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”
ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန်တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။
“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေးယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်ဆိုတာ ပြောချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။