သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ ဥရောပသမဂ္ဂ တိုက်တွန်း


မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဖြစ်မနေဘဲ လွဲမှားတဲ့လမ်းကြောင်းကို ဦးတည်နေတယ်လို့ အီးယူ ဥရောပ ပါလီမန် ဥက္ကဋ္ဌ ဂျာဇီဘူးဇက် (Jerzy Buzek) က ပြောကြားလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေတွေမို့ ဒါဟာ စိန်ခေါ်မှုတခုအဖြစ်လည်း မြင်ကြပါတယ်။ ဥရောပ ပါလီမန်ရဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲဥပဒေအပေါ် အမြင်သဘောထားကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက် ထုတ်ပြန်လိုက်တဲ့ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး လုပ်ဆောင်နေသူတွေအတွက် ရည်ရွယ်ပြီးထုတ်ပြန်တာ ထင်ရှားနေတာမို့ ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဂျာဇီဘူးဇက် က ကြေညာချက်ထုတ်ပြန်ပြီး ရှုတ်ချလိုက်တယ်လို့ ဥရောပ ပါလီမန်ရုံး ပြောခွင့်ရ မစ္စတာ ရစ်ချက် ဖရိဒ်မန် (Richard Freedman) က ပြောပါတယ်။

"ဥရောပ ပါလီမန် ဥက္ကဋ္ဌအနေနဲ့ ဒီရွေးကောက်ပွဲဥပဒေတွေနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စိန်ခေါ်ရာရောက်ပြီး သူတို့ပေးထားတဲ့ကတိအတိုင်း ဒီနှစ်ကျင်းပပေးမယ်လို့ ဆိုတဲ့ ရွေးကောက်ပွဲတွေကိုလည်း ထိခိုက်ရာရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် လမ်းမှား ကို ဦးတည်စေတဲ့ခြေလှမ်း ဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်လို့ပါပဲ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပါဝင်ခွင့်ရနိုင်မယ့် ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် ဒီမိုကရေစီရေး မျှော်လင့်ချက် မီးရှူးတန်ဆောင်အဖြစ်နဲ့ ရပ်တည်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွှတ်ပေးဖို့အတွက် ဥရောပသမဂ္ဂက အကြိမ်ကြိမ် တောင်းဆိုခဲ့တာပါ။ အခုလည်း ဥရောပ သမဂ္ဂရဲ့ ဥက္ကဋ္ဌမစ္စတာ ဘူးဇက် က ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်အမှာစကား ပါးလိုက်တယ်လို့ ပြောပါတယ်။

"ဥရောပ ပါလီမန် ဥက္ကဋ္ဌ ကိုယ်တိုင်အနေနဲ့ အာဏာရှင်လက်အောက်မှာ ဖိနှိပ်မှုကို ခံခဲ့ရသူတဦး ဖြစ်တဲ့အတွက် အခု ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ကိုယ်ချင်းစာပါတယ်။ သူမအနေနဲ့ ခွန်အားနဲ့ ဇွဲလုံ့လမလျော့ဘဲ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်မှုကို ဆက်ပြီး လှုပ်ရှားသွားနိုင်လိမ့်မယ်လို့လည်း ဥရောပ ပါလီမန်ဥက္ကဋ္ဌက မျှော်လင့်ထားပါတယ်။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွတ်ပေးဖို့သာမက တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

"မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဥရောပ ပါလီမန်က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဥရောပ ပါလီမန်က ထပ်တလဲလဲ တောင်းဆိုခဲ့ ပြီးပါပြီ။ ဒါ့အပြင် လက်ရှိထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေသစ်တွေကို ပြင်ဆင်ပေးဖို့နဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအဖြစ် သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရကြဖို့ အတတ်နိုင်ဆုံး ဆောင်ရွက် သွားဖို့ကိုလည်း ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။"

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်တွန်းအားပေးနေတဲ့ ဥရောပ သမဂ္ဂရုံးစိုက်ရာ ဘရက်ဇဲလ် က ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းဆိုတဲ့ စာတမ်းကြီးကို ချိတ်ဆွဲထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲဝင်နေမှုကို အမြဲတမ်းအမှတ်ရနေအောင် လုပ်ဆောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG