ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်ဖွဲ့တဲ့အခါမှာ အာဏာရ စစ်အုပ်စုအတွက် မရေရာ မသေချာတာတွေ ရှိလာနိုင်တဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းတွေကို ဗိုလ်ချုပ်အသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေ လက်ထဲလွှဲပြောင်းပေးနေတာ အတော်လေးအရှိန်ရနေပါပြီ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလကတင် စက်ရုံ၊ အလုပ်ရုံ၊ ရုပ်ရှင်ရုံ၊ ကုန်လှောင်ရုံစတဲ့ နိုင်ငံပိုင်ပစ္စည်းကို ရာနဲ့ချီပြီး ပုဂ္ဂလိက ပိုင်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်သိပ်ထိုးလုပ်တာဖြစ်တဲ့အတွက် စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေသာ အကျိုးအမြတ် ခံစားရဖို့များပါတယ်။
ရုရှားနိုင်ငံမှာ ဆိုဗီယက်ဆိုရှယ်လစ်ခေတ်က နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် လုပ်လိုက်တာကြောင့် ကုဋေကြွယ် သူဌေးတစုပေါ် ထွက်လာပါတယ်။ ဒီလို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်တဲ့ဒဏ်ကို ရုရှားမှာ ဒီကနေ့အထိ ခံနေရတုန်းပဲလို့ မြန်မာ့စီးပွားရေးကို စောင့်ကြည့်နေတဲ့ ဘောဂဗေဒ ပညာရှင်သာ ကြီးပွားချမ်းသာကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်လုပ်တယ်ဆိုတာဟာ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူလက်ထဲ နိုင်ငံပိုင်ပစ္စည်းတွေကို လက်သိပ်ထိုးပေးလိုက်သလို ဖြစ်နေပါတယ်။
ဥပမာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်တယ်ဆိုတဲ့ ဦးတေဇရဲ့ ထူးကုမ္မဏီကို လက်သိပ်ထိုးပေးလိုက်တဲ့ လုပ်ငန်းတွေက တင်မနည်းပါဘူး။ တပြည်လုံးက ဓါတ်ဆီဆိုင်တွေကို ပုဂ္ဂလိကပိုင်လုပ်ရာမှာ ဦးတေဇ ကပဲ ကြီးကြပ်ရပါတယ်။ မတ်လကုန်မှာ ဓါတ်ဆီဆိုင်အားလုံး ပုဂ္ဂလိကပိုင်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။ အသင်းသားတရာကျော်ရှိတဲ့ လောင်စာဆီ တင်သွင်းသူနဲ့ ဖြန့်ဝေသူများအသင်းရဲ့ ဥက္ကဌက ဦးတေဇဖြစ်ပြီး ဒု-ဥက္ကဌ က ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့သား အောင်သက်မန်း ဖြစ်ပါတယ်။ နှစ်ဦးစလုံးကို အမေရိကန်က နာမည်ပျက်စာရင်းထဲ ထည့်ထားပါတယ်။ CDMA တယ်လီဖုန်းကဒ် (၅) သိန်း ရောင်းပိုင်ခွင့် ထူးကုမ္မဏီခွဲတခုဖြစ်တဲ့ အီလိုက်ကုမ္မဏီက ရရှိသွားတာဟာ ကျပ်ငွေကုဋေ (၃၀၀၀) ပိုပြီး ချမ်းသာသွားတာပါ။ ရေအားလျှပ်စစ်စက်ရုံ (၂) ခု ဆောက်ဖို့ ထူးကုမ္မဏီက ကန်ထရိုက် ရထားပါတယ်။
နေပြည်တော် ရာဇသင်္ဂဟလမ်းအရှေ့ဘက် ကျောက်မျက်ရတနာပြတိုက်ဘေးက မဏိရတနာကျောက်စိမ်းခန်းမကို ထူးကုမ္မဏီကပဲ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလ နှောင်းပိုင်းကစပြီး တည်ဆောက်နေပါတယ်။ နေပြည်တော်နဲ့ အလွန်နီးစပ်တဲ့ ကုမ္မဏီ ဖြစ်တာကြောင့် ဦးတေဇ ပါဝင်တဲ့ ရတနာပုံ တယ်လီပို့ ကုမ္မဏီဟာ အင်တာနက် ဝန်ဆောင်လုပ်ငန်း Internet Service Provider အလုပ်ကို လွန်ခဲ့တဲ့ နှစ် သြဂုတ်လကစပြီး လုပ်ပိုင်ခွင့် ပေးထားပါတယ်။ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို စစ်အစိုးရ ယုံကြည်စိတ်ချတဲ့ကုမ္မဏီကို လုပ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
ရွှေစွမ်းအင်ကုမ္မဏီ၊ အနာဂတ်စွမ်းအားကုမ္မဏီ နဲ့ DELCO ကုမ္မဏီတွေကလည်း ရေအားလျှပ်စစ်တခုစီ ဆောက်လုပ်ခွင့် ရကြပါတယ်။ DELCO ကုမ္မဏီဟာ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းဌာနနဲ့ ပူးတွဲပြီး ကံပေါက်သတ္တုတွင်းကို ကြီးကြပ်ထုတ်လုပ်နေပါတယ်။ Australia အခြေစိုက် DELCO ကုမ္မဏီဖြစ်ပြီး ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံမှာ ကန့်သတ်အရေးယူခံရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ရန်ကုန် ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်း (၃) ခု တည်ဆောက်ခွင့်ပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အလုံဆိပ်ကမ်းနဲ့ ကျောက်တန်းမြို့နယ်က သီလဝါဆိပ်ကမ်းကိုတော့ ဘိန်းမှောက်ခို လော်စစ်ဟန်ရဲ့ အေးရှားဝေါလ် ကုမ္မဏီက ပိုင်ပါတယ်။ ရန်ကုန်ကမ်းလမ်းနားလမ်းက ဘတ်စ်ကားဂိတ်၊ ကုန်လှောင်ရုံ၊ ဈေး၊ အစိုးရရုံး နဲ့ ဟိုတယ်တွေကို ဖယ်ရှားပြီး ဆိပ်ကမ်းဆောက်မှာကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ လော်စစ်ဟန်ရဲ့ အေရှားဝေါလ် ကုမ္မဏီကပဲ ဆိပ်ကမ်းသစ်တွေဆောက်ဖို့ ကန်ထရိုက်ရထားကြောင်း သိရတယ်။ မြန်မာ့ကြယ်ငါးပွင့် သဘောၤလိုင်းကိုလည်း စစ်တပ်ကုမ္မဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီ လက်ထဲလွှဲပြောင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။
ကုဋေကြွယ်သူဌေး အနည်းငယ်ထဲမှာ ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး နဲ့ ရင်းနှီးတဲ့ ဦးအောင်ကိုဦး (ခေါ်) ဆရာကျောင်းဆိုသူလည်း ပါဝင်ပါတယ်။ ဦးအောင်ကိုဦးဟာ ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဌ ဖြစ်ပြီး အနောက်တိုင်းက ဒဏ်ခတ်အရေးယူခံနေရသူ ဖြစ်ပါတယ်။ နိုင်ငံပိုင် MAI (Myanmar Airway International) အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းကို ကမ္ဘောဇဘဏ်က (၈၀) ရာခိုင်နှုန်း ဝယ်ယူတဲ့သတင်း မကြာမီက ထွက်လာပါတယ်။ MAI ဟာ နိုင်ငံပိုင် မြန်မာ့လေကြောင်းနဲ့ စင်္ကာပူကုမ္မဏီတို့ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဖက်စပ်လုပ်ငန်း ဖြစ်ပါတယ်။ အခုတော့ နိုင်ငံပိုင်တဲ့ အစုရှယ်ယာကို ကမ္ဘောဇဘဏ်က ယူလိုက်သလို ဖြစ်သွားပါတယ်။ ဦးတေဇ ပိုင်တဲ့ ပုဂံလေကြောင်းနဲ့ ပြိုင်ဆိုင်တဲ့သဘောမျိုး ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ မြို့ကြီး (၁၀) မြို့က နိုင်ငံပိုင်လုပ်ငန်း နှစ်ရာကျော်ကို ပုဂ္ဂိုလ်တွေကို ဆထက်ထမ်းပိုး ပိုပြီးချမ်းသာကြွယ်ဝစေတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံပိုင်လုပ်ငန်း နှစ်ရာကျော်ကို ပုဂ္ဂလိကပိုင် လုပ်နိုင်ခဲ့တယ်လို့ စစ်အစိုးရက ကြေညာပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားတဲ့ အကျင့်ဓလေ့ ရင့်သန်တဲ့ တိုင်းပြည်မှာ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် လုပ်ပြစ်တာဟာ အာဏာရပုဂ္ဂိုလ်တွေကို ဆထက်တပိုး ပိုချမ်းသာ ကြွယ်ဝစေတယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်လုပ်တဲ့ဖြစ်စဉ်မှာ အကျိုးခံစားရသူရှိသလို မခံစားရသူလည်း ရှိပါတယ်။ ဗမာစစ်အစိုးရရဲ့ ပုဂ္ဂလိကပိုင်လုပ်ရေး ဖြစ်စဉ်မှာတော့ သူတို့နဲ့ ရင်းနှီးတဲ့ လူချမ်းသာတစုသာ အကျိုးအမြတ် ခံစားနေတယ်ဆိုတာကို သုံးသပ်တင်ပြလိုက်ပါတယ်။