သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ အင်အားအသင့်အတင့် ငလျင်လှုပ်


မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒီမနက်အစောပိုင်းက အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ ဒီမနက်အစောပိုင်းက မုံရွာမြို့အနီးမှာ လှုပ်ခတ်ခဲ့တဲ့ အဲဒီငလျင်ကြောင့် အထိအခိုက် အပျက်အစီး ရှိခဲ့တယ်ဆိုတာတော့ မကြားရပါဘူး။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ အနောက်မြောက်ဖက် မိုင် ၇၀ လောက်အကွာမှာ ဗဟိုပြုပြီး ပြင်းအားအသင့်အတင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တာပါ။ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကတော့ ပြင်းအား ၅ ဒဿမ ၄ ရှိတဲ့ ငလျင်ဟာ မြေအောက် ၆၅ မိုင် အကွာလောက်မှာ အခြေပြုခဲ့တာလို့ ဖော်ပြပါတယ်။ မနက်အစောပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကိုတော့ အနီးအနား မုံရွာမြို့က သိသိသာသာ ခံစားခဲ့ရပေမဲ့ အထိအခိုက် အပျက်အစီးရှိတယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားရတဲ့အကြောင်း မြို့ခံတယောက်က ပြောပြပါတယ်။

"ဒီနေ့မနက် ၆ နာရီမထိုးခင်လေးမှာ ငလျင် တော်တော်ပြင်းပြင်းလေး လှုပ်သွားတယ်။ အဲဒါ စက္ကန့်ပိုင်းပါပဲ။ သုံးချက်ခါလိုက်ပြီးတော့ ရပ်သွားတာပါပဲ။ ဒါပေမဲ့ ခါတာလေးကတော့ ပြင်းထန်တယ်။ ထိခိုက်တာတွေဘာတွေတော့ မရှိပါဘူး။ အဲဒီလောက်ကြီး ပြင်းထန်တာတော့ မဟုတ်ပါဘူး။ တော်တော်လေးတော့ အိမ်တော့ ခါသွားတာပေါ့လေ။"

အခု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းထန်မှုမရှိလှဘူးဆိုပေမဲ့ ဒီဒေသဟာ ကြီးမားတဲ့ ငလျင်ကြောပေါ်မှာ တည်ရှိတာမို့ အန္တရာယ်ရှိနိုင်တဲ့ အလားအလာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးထွန်းလွင် ကတော့ ငလျင်လှုပ်လာမယ်ဆိုရင် လူနေထူထပ်တဲ့ စစ်ကိုင်းတိုင်းဟာ ထိခိုက်မှုတွေကြုံရနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောပါတယ်။

"စစ်ကိုင်း ငလျင်ကြောဆိုတာက မြန်မာနိုင်ငံမှာ နံမည်ကြီးပဲလေ။ စစ်ကိုင်း ငလျင်ကြောကြီးကတော့ ရှိတာပေါ့ဗျာ။ မြေငလျင်ကြောကြီးပေါ်မှာ မြေငလျင်လေးတွေ လှုပ်တာ ကျနော်တို့အတွက်တော့ သိပ်မထူးဆန်းပါဘူး။ ခဏခဏ လှုပ်နေတာပဲ။ ငလျင်ကတော့လေ အားလုံးလည်း သိတဲ့အတိုင်း ကြိုပြောလို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ အန္တရာယ်ရှိနိုင်တဲ့ အတိုင်းအတာကလည်း တခုသေချာတာကတော့ စစ်ကိုင်း ငလျင်ကြောမှာ တချက်တော့ ပြောရမှာပေါ့နော်။ သိပ်အများကြီး ပြင်းတဲ့ ငလျင်ကြီးတွေက စစ်ကိုင်းငလျင်ကြောမှာ မလှုပ်ဘူး။ ကျောက်တန်း ငလျင်ကြောမှာ လှုပ်တယ်။ ဒါ ကျနော်တို့ အတိတ်သမိုင်းကို ပြန်ပြောပြတာနော်။ အားအကောင်းဆုံးက ဒီငလျင်ကြောမှာ မရှိဘူး။ ဒါပေမဲ့ တခုပဲရှိတာက စစ်ကိုင်း ငလျင်ကြောမှာက လူနေထူထပ်တယ်။ မြို့ရွာအိမ်ခြေများတယ်။ ဒါကြောင့် ဒီမှာဖြစ်ရင်တော့ နည်းနည်းတော့ အန္တရာယ် အပျက်အစီး ရှိတာပေါ့။ ဒီလောက်ပဲ ကျနော်တို့ ယေဘုယျ ပြောလို့ရတယ်။"

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးထွန်းလွင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာတုန်းကလည်းပဲ အလားတူ ပြင်းအား ၅ ဒဿမ ၆ ရှိတဲ့ ငလျင်တခုဟာ စစ်ကိုင်းတိုင်း ချင်းတွင်းမြစ် အထက်ပိုင်းမှာ လှုပ်ခတ်ခဲ့တာပါ။ စစ်ကိုင်း ငလျင်ကြောမှာ အပြင်းထန်ဆုံး အဖြစ်နဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ပြင်းအား ၇ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။ ၁၉၅၆ ခုနှစ်က ဒီငလျင်ကြောင့် စစ်ကိုင်းမြို့မှာ အထိအခိုက် အပျက်အစီးတွေရှိခဲ့ရာက စစ်ကိုင်း ငလျင်ရယ်လို့ ထင်ရှားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG