သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ ဆန့်ကျင်ရေး လူထု သိန်းနဲ့ချီ ဆန္ဒပြ


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajhiva) ကို ရာထူးက ဖယ်ရှားဖို့ ရည်ရွယ်ပြီး တောင်းဆို ဆန္ဒပြပွဲတွေအတွက် မြို့တော် ဘန်ကောက်မှာ အစိုးရ ဆန့်ကျင်သူတွေ ထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။

ဒီကနေ့ပဲ ဆန္ဒပြပွဲတွေကို စတင်လိုက်ပြီး ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ရက်အတော်ကြာကြာ လုပ်ဆောင်သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။ အနည်းဆုံး ဆန္ဒပြသူ ၆၀၀,၀၀၀ လောက် ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဆန္ဒပြပွဲတွေကို စီစဉ်သူတွေက ဆိုပါတယ်။

ဒါပေမဲ့လည်း အခုအချိန်အထိ ငြိမ်းငြိမ်းချမ်းချမ်း လမ်းပေါ်မှာ ဆန္ဒပြနေကြတဲ့သူတွေကို ခန့်မှန်းထားတဲ့ တရားဝင် မဟုတ်တဲ့ ကိန်းဂဏန်းတွေအရ ဆိုရင်တော့ လူပေါင်း ၁၀၀,၀၀၀ ကျော်လောက်သာ ရှိပါသေးတယ်။

အနီရောင်အင်္ကျီတွေ ဝတ်ဆင်ထားကြပြီး အလံတွေကို ဝှေ့ယမ်း၊ ကြွေးကြော်သံတွေကို အော်ဟစ်နေကြတဲ့ ဆန္ဒပြသူတွေ ဘန်ကောက်ကို ရောက်လာကြတာ ဖြစ်ပါတယ်။ ဒီအထဲက အများအပြားဟာဆိုရင် ၂၀၀၆ ခုနှစ်တုန်းက စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြသူတွေ ဖြစ်ပါတယ်။

အခုအခါ ဒူဘိုင်းမှာ တိမ်းရှောင် နေထိုင်နေတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ဆင်းရဲသားတွေနဲ့ ကျေးလက်ဒေသ လူတန်းစားတွေကြား အခုအထိ ရေပန်းစားနေဆဲလည်း ဖြစ်ပါတယ်။ သူ့ကို လိုလားသူတွေရဲ့ အခုဆန္ဒပြပွဲတွေမှာတော့ ဝန်ကြီးချုပ်ဟောင်း တကျော့ပြန် အာဏာရလာစေမယ့် ရွေးကောက်ပွဲ အသစ်တွေကို ကျင်းပပေးသွားဖို့နဲ့ ဒါတွေကို မနက်ဖြန် နောက်ဆုံးထား လိုက်လျောဖို့ တောင်းဆိုနေကြတာပါ။

ဝန်ကြီးချုပ် အဘီဆစ်က သူ့အနေနဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းမှာ မဟုတ်သလို ရာထူးက ဆင်းပေးဖို့နဲ့ လွှတ်တော်ကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်လည်း မရှိဘူးလို့ ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG