မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ အဆိုးဝါးဆုံး ဖြစ်နေဆဲလို့ Geneva မြို့တော် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် နှစ်ပတ်လည် အစည်းအဝေးမှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောဆိုသွားပါတယ်။ မတ်လ (၁) ရက်နေ့ကနေ မတ်လ (၂၆) ရက်နေ့အထိ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် (Human Rights Council) အစည်းအဝေးအပြီးမှာ ထုတ်ပြန်မယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ လတ်တလော ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့် ဥပဒေများအပြင် လက်တလော နိုင်ငံရေးအရ ချုပ်ချယ်ခွင့်တွေကိုပါ ထည့်သွင်း ဝေဖန်ခံရဖွယ် ရှိတယ်လို့လည်း ကြားသိရပါတယ်။ ဒီထုတ်ပြန်မယ့် လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်ဆိုင်ရာ နဲ့ မြန်မာနိုင်ငံ အကျဉ်းသားများ အခြေအနေများကို ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဆွစ်ဇာလန်နိုင်ငံ (Switzerland) ဂျနီဗာမြို့တော် (Geneva) ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေးကို တက်ရောက်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - မြန်မာနိုင်ငံ (Assistance Association for Political Prisoners - Burma) တွဲဘက် အတွင်းရေးမှုး ဦးဘိုကြည် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးဘိုကြည် ။ ။ ဒီလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ report အစီရင်ခံစာ က အရင်နှစ်တွေထက် ပိုမိုထူးခြားပါလိမ့်မယ်။ သူရဲ့ နိဂုံးချုပ်နဲ့ recommendation အကြံပြုချက် ပေးတဲ့အထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေက အစိုးရရဲ့ ပေါ်လစီကြောင့် ဖြစ်တယ်ဆိုတာမျိုးတွေကို ကောက်ချက်ချထားမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူသားဖြစ်တည်မှုကို ဆန်ကျင်တဲ့ ရာဇဝတ်မှုကို ကျုးလွန်နေရာရောက်တယ်။ ဒါမှမဟုတ်လို့ရှိရင် စစ်ရာဇဝတ်မှုကို ကျုးလွန်ရာရောက်တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးကို လုပ်ထားတယ်။ အဲဒီအတွက် ကုလသမဂ္ဂကနေ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီးတော့ ဒီအချက်အလက်တွေ မှန်မမှန် စစ်ဆေးသင့်တယ်ဆိုတာမျိုးကို သူအကြံပြုထားတာ ရှိတယ်။ ဒါတွေက ထူးခြားချက်တွေလို့ ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မစ္စတာ ကင်တားနား က မြန်မာပြည်ကိုလည်း သွားရောက်ခွင့်ရခဲ့ပြီး စစ်ဆေးခွင့်တွေ ရခဲ့တဲ့ မကြာသေးခင်က သွားခွင့်ရ ရခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတော့ အဲဒီနောက်ဆုံး ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ဘာပြောတာရှိလဲ။
ဦးဘိုကြည် ။ ။ သူရဲ့ နောက်ဆုံးခရီးစဉ်မှာတော့ သူမြင်တဲ့ဟာတွေကို သေသေချာချာ ဝေဖန်သုံးသပ်ပြီးတော့ ဒီ အစီရင်ခံစာကို ရေးတယ်လို့ သူပြောဆိုပါတယ်။ ဒီလို အစီရင်ခံစာ ရေးတဲ့အခါမှာ ဘက်လိုက်မှုကင်းကင်းနဲ့ အဂတိ ကင်းပြီး တော့ တက်နိုင်သမျှ အဖြစ်မှန်တွေကို ရေးထားတယ်လို့ ပြောဆိုပါတယ်။ ဒီလို ပြောတဲ့အပြင် တချိန်တည်းမှာ သူက ဒီလို ပြောတဲ့အတွက် နအဖ က စိတ်ဆိုးနိုင်တယ်၊ တချို့နိုင်ငံတွေက စိတ်ဆိုးနိုင်တာတွေကိုလည်း ကြိုတင်တွက်ထားတယ်။ အဲဒီအပြင်ကို ဒီလိုမျိုး ထုတ်ပြောတဲ့အတွက်ကို မြန်မာနိုင်ငံကို နောက်ထပ်သွားခွင့် ရရေး မရရေး မသေချာတော့ဘူး ဆိုတဲ့ အဆင့်ကို သူစဉ်းစားထားကြောင်း ပြောဆိုပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ထူးထူးခြားခြား အနေနဲ့ သူကို ရခိုင်ပြည်နယ်ဒေသအထိ သွားခွင့်ပေးတယ်၊ အကျဉ်းထောင်အတွင်း ဝင်ရောက်တွေ့ဆုံခွင့်တွေ ပေးတယ်။ ဒီကြားထဲ သူရဲ့ အမြင်တွေက ဘာကြောင့် မကြည်မလင် ဖြစ်ရတာလဲ။ ဘယ်လို အချက်အလက်မျိုးတွေကို ထောက်ပြသလဲ။
ဦးဘိုကြည် ။ ။ သူအနေနဲ့ နအဖ ကို မကြည်မလင် ဖြစ်တာမျိုးတော့ မရှိဘူး။ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ။ သူနဲ့ တွေ့ခဲ့တဲ့ တွေ့ရှိချက်တွေအပေါ် အခြေခံပြီး ပြောဆိုတာ ဖြစ်ပါတယ်။ ဥပမာ - ထောင်ထဲမှာ ကလေးစစ်သားတွေ ၊ ကလေးဘဝကနေ စစ်တပ်ထဲကို မတရား အသွင်းခံရတယ်။ နောက် ထောင်အချခံရတယ်ဆိုတဲ့ ကလေးစစ်သားတွေနဲ့ တွေ့ခဲ့ရတယ်။ ရခိုင်ပြည်နယ်ဘက်မှာဆိုလည်း မွတ်ဆလင်တွေရဲ့ ဘာသာရေးအရ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ ကိုလည်း တွေ့ခဲ့တာတွေရှိတယ်။ နောက်တခြား သူဆီမှာ ရရှိထားတဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေလည်း သူ့ဆီမှာ အများကြီးရှိပုံ ရပါတယ်။ အဲဒီ အချက်အလက်တွေပေါ်မှာ မူတည်ပြီး ကောက်ချက်ချ တယ်လို့ ကျနော်တို့ သိထားရတယ်။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ကလေးစစ်သားတွေကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ကလေးစစ်သား စုဆောင်းမှုကို ခွင့်မပြုပါဘူးလို့ အတိအလင်း အမိန့်ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ အောက်ခြေတွေမှာ ဖြစ်နေဆဲဆိုတာတွေကိုတော့ လူတိုင်း အသိပါ။ ဒီနေရာမှာ မစ္စတာ ကင်တားနား အနေနဲ့ ဒီကိစ္စဟာ မူဝါဒအရ လုပ်တာမဟုတ်ဘဲနဲ့ စည်းမျဉ်းဥပဒေ စည်းမျဉ်း တွေကို အောက်ခြေကနေ ကျင့်သုံးလိုက်နာမှု မရှိတဲ့ အနေအထားလို့ပဲ သုံးသပ်တာမျိုး မဖြစ်သင့်ဘူးလား။ အခု စွပ်စွဲချက် အရဆိုလို့ရှိရင် ဒါဟာ ဗမာပြည်မှာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ရှိနေတော့ ဒါက ဘယ်အချက်ကို အတိအကျ ထောက်ပြီး ပြောတယ်လို့ ဆိုနိုင်မလဲ။
ဦးဘိုကြည် ။ ။ သူက ကလေးစစ်သားတခုတည်းပေါ်မှာ အခြေခံပြီး ပြောတာမဟုတ်ပါဘူး။ တခြား အချက်အလက်တွေ အများကြီးရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ နဲ့ အကျဉ်းသားတွေကို နှိပ်စက်တာတွေ။ အထူးသဖြင့် ကျန်းမာရေးအရ စောင့်ရှောက်မှု လုံလောက်စွာ မပေးတာတွေ၊ လုံလောက်တဲ့ အဟာရတွေ မထောက်ပံ့တာတွေ။ အဲဒီလိုပဲ force labor ကိစ္စ၊ child soldier ကိစ္စ၊ force relocation ကိစ္စ အစရှိတဲ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မြောက်များစွာပေါ်မှာ အခြေတည်ပြီး ပြောဆိုတာပါ။ အကြောင်းအရာ တခုတည်းပေါ်မှာ အခြေခံတာ မဟုတ်ပါဘူး။ နောက်တခုက အစိုးရကနေ ဒီလို ကျုးလွန်တဲ့ဆိုတဲ့လူတွေအပေါ်မှာ အရေးယူမှုမရှိတာတွေကိုလည်း မစ္စတာ ကင်တားနား က ထောက်ပြထားတာကို တွေ့ရပါတယ်။ ဆိုတဲ့အခါကျတော့ အစိုးရတခုက လူ့အခွင့်အရေး ချိုးဖောက်သူကို အရေးယူ ရမယ်။ အရေးမယူဘဲနဲ့ အဲဒီလူတွေကို ကာကွယ်ပေးနေရင် ဒီလုပ်ရပ်က အစိုးရကိုယ်တိုင်က ကျုးလွန်မှုအတွက် အားပေး နေရာ ရောက်နေတယ်ဆိုတာ ရှိပါတယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ ကောက်ချက်ချတာ ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ မစ္စတာ ကင်တားနား အနေနဲ့ သူတွေ့ချင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တွေ့ခွင့် လုံလုံလောက်လောက် မရခဲ့ဘူးလား။
ဦးဘိုကြည် ။ ။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် စစ်တွေထောင် နဲ့ ဘူးသီးထောင်။ ရန်ကုန်မှာဆိုရင် အင်းစိန်ထောင် တွေကိုပဲ သွားခွင့်ရခဲ့ပါတယ်။ အဲဒီမှာလည်း အကျဉ်းသားတချို့နဲ့ နိုင်ငံရေးအကျဉ်းသားတချို့၊ ရိုးရိုးအကျဉ်းသားတချို့ နဲ့ တွေ့ခွင့်ရ ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တွေ့ခွင့်ရခဲ့တဲ့လူတွေနဲ့ ပတ်သက်ပြီး တိတိကျကျ အစီရင်ခံချက်တွေ ပါသလား။
ဦးဘိုကြည် ။ ။ နိုင်ငံရေး အကျဉ်းသမားတွေနဲ့ ပတ်သက်ပြီးတော့ ဥပမာ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ခံရတဲ့အတွက် မိသားစုတွေ ပုံမှန်တွေ့ခွင့်မရတာတို့၊ နိုင်ငံရေးအကျဉ်းသမားတွေ ခံစားရတဲ့ ခံစားရမှုတွေကို ထည့်သွင်းတင်ပြထားတာ ရှိပါတယ်။ အဲဒါအပြင် နိုင်ငံရေးအကျဉ်းသမားတွေအပြင် တခြား ရိုးရိုးအကျဉ်းသားတွေ ခံစားနေရတဲ့ ခံစားရမှုတွေကို လည်း သူရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းတင်ပြထားတာကို တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်ဆုံးခရီးစဉ်မှာ ထူးခြားချက်တခုအနေနဲ့ ကျနော်တို့ တွေ့ရတာက အထူးသဖြင့် ရခိုင်ပြည်နယ် ဘက်ကို အထူးကိုယ်စားလှယ် သွားရောက်ပြီးတော့ မူဆလင်တွေ ကိစ္စကို အထူးတလည် ကိုင်တွယ်ပြောကြားတာကိုလည်း တွေ့ရတယ်။ အဲဒါ ဘာကြောင့်လဲ။
ဦးဘိုကြည် ။ ။ အဲဒါကတော့ သူရရှိထားတဲ့ သတင်းအချက်အလက်တွေပေါ်မှာ မူတည်နေပြီး သူက ဘယ်နေရာမှာ လူ့အခွင့်အရေး အခြေအနေတွေ အချိုးဖောက်ခံအရဆုံး ဖြစ်နေသလည်းပေါ်မှာ သူက အဲဒီနေရာတွေကို သွားပြီး စစ်ဆေး တာမျိုး၊ အဲဒီနေရာကို သွားကြည့်တာမျိုးတို့ ကျနော်တို့ သိထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ရခိုင်ပြည်ထဲမှာရှိနေတဲ့ မူစလင်တွေရဲ့ အခြေအနေအကြောင်းကို အခု ဦးဘိုကြည်တို့ တက်ရောက် နေတဲ့ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးမှာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ရှိသလဲ။
ဦးဘိုကြည် ။ ။ တချို့နိုင်ငံတွေကတော့ မူစလင်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုရှိတယ်၊ စိုးရိမ်မှုတွေရှိတယ်။ အထူးသဖြင့် မလေးရှား၊ အင်ဒိုးနီးရှားတို့ကတော့ ဒီအပေါ် စိုးရိမ်စိတ်တွေ၊ စိတ်ဝင်စားမှုတွေ ရှိကြတယ်။ ဒါပေမဲ့ မစ္စတာ ကင်တားနား ရဲ့ ကောက်နုတ်ချက်၊ သူရဲ့ အကြံပေးချက်တွေအပေါ်မှာတော့ နိုင်ငံတော်တော်များများကတော့ စဉ်းစား နေကြတုန်းရှိတယ်။ ဒီအပေါ်မှာ သူတို့ ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်မလဲ၊ ဘယ်လိုမျိုး သဘောထားကြမလဲ ဆိုတာကတော့ သေသေချာချာ သိရဖို့ ခက်နေပါသေးတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက် လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးတွေ ကျင်းပနေတဲ့ အချိန်မှာ မြန်မာနိုင်ငံအတွင်းမှာ လာမယ့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်တယ်၊ ရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့တယ်၊ ပါတီဖွဲ့စည်းခွင့် ဥပဒေတွေ ထုတ်တယ်။ ဒီအချက်တွေကရော လူ့အခွင့်အရေးကော်မရှင် ဆွေးနွေးပွဲအပေါ်တွေမှာ သက်ရောက်မှုရှိသလား။
ဦးဘိုကြည် ။ ။ ဒီအချက်တွေက ရှိမှာပါ။ ဒါပေမဲ့ အခု ကုလသမဂ္ဂမှာ ရှိနေတဲ့ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ တော်တော် များများက အခု ရွေးကောက်ပွဲ ဥပဒေတို့၊ ပါတီ တည်ထောင်ခွင့် ဥပဒေတို့ကို အင်္ဂလိပ်ဘာသာနဲ့ မရသေးလို့ တော်တော် များများ မသိကြသေးဘူး။ ကျနော်တို့က ဒီနေ့မှ ဒီအကြောင်းအရာတွေကို သူတို့ကို မိတ်ဆက်ရတယ်။ သူတို့ကို ပါတီ တည်ထောင်ခွင့်ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေမှာ ဘာတွေပြောတယ်ဆိုတာကို ဒီနေ့မှာ ကျနော်တို့ brief လုပ်ပေးနေရတယ်။ အီးမေလ်တွေနဲ့ ဆက်ပို့ပေးရမှာတွေ ရှိပါတယ်။ နောက်ပြီးမှ ဒီအပေါ်မှာ သူတို့ ကျယ်ကျယ်ပြန့်ပြန့် ဒီအပေါ်မှာ ဆွေးနွေးမှု တွေ ရှိကြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေးကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဌာနကလည်း မြန်မာနိုင်ငံအပါအဝင် အမေရိကန်ဌာနက သုံးသပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်တာ ကိုလည်း တွေ့ရတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားတာတွေကို တွေ့ရှိရတယ်။ ဒါနဲ့ ပတ်သက်လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေက ဘာတွေများ ပြောဆိုတာရှိပါသလဲ။
ဦးဘိုကြည် ။ ။ ဒီနေ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ကို ဥရောပသမဂ္ဂ ဥက္ကဋ္ဌဖြစ်တဲ စပိန်နိုင်ငံ ဦးစီးပြီး draft ဆုံးဖြတ်ချက်မူကြမ်းကို ရေးဆွဲတယ်။ ရေးဆွဲပြီးနောက် တခြားနိုင်ငံပေါင်း (၃၀) ကျော်နဲ့ တိုင်ပင်ဆွေးနွေးကြတာတွေ ရှိပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ်စားလှယ်ကတော့ နှုတ်ဆိတ်နေတာကို တွေ့ရ တယ်။ ဂျပန်နိုင်ငံကတော့ ဟိုအချက်၊ ဒီအချက်တွေ ပြင်သင့်တယ်ဆိုပြီး အကြံပေးတာတွေ တွေ့ရတယ်။ အမေရိကန် ကိုယ်စားလှယ်ကတော့ ထူးထူးခြားခြား နှုတ်ဆိတ်နေတာကို တွေ့ရှိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လာမယ့် လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မှာ ဘယ်လို အကြောင်းအရာတွေ ပါလာလိမ့်မယ်လို့ ဦးဘိုကြည်တို့ အနေနဲ့ ယူဆပါသလဲ။
ဦးဘိုကြည် ။ ။ အခုလက်ရှိ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်တာတွေ၊ ပါတီတည်ထောင်ခွင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်မပေးတဲ့ ကိစ္စတွေက ထိပ်ဆုံးကနေ ပါလာပါလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါအပြင် ကလေးစစ်သားကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ ကိစ္စကရော ဘယ်လိုများ အတိုင်းအတာအထိ တောင်းဆိုမှုတွေ၊ ရှုတ်ချမှုတွေ လုပ်မယ်လို့ ယူဆပါသလဲ။
ဦးဘိုကြည် ။ ။ ခလေးစစ်သားကိစ္စတို့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေကိုလည်း ပါဝင်ပါမယ်။ ဒါပေမဲ့ ဘယ်လို အတိုင်းအတာနဲ့ ဘယ်လိုပြင်းပြင်းထန်ထန် ပါမယ်ဆိုတာကတော့ ဒီ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား၊ အဲဒီနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်ပါလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ မေးနေကြမေးခွန်းအတိုင်း ဘာလည်းဆိုတော့ ဒီ လူ့အခွင့်အရေးကော်မရှင်ကနေ နှစ်စဉ်လိုလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ရှုတ်ချတဲ့ အစီရင်ခံစာတွေ နှစ်စဉ် ချပါတယ်။ ဒါပေမဲ့ ဒီ ဆုံးဖြတ်ချက်တွေ၊ recommendation တွေ ဒါတွေက ဘယ်လောက် ထိရောက်မှု ရှိခဲ့သလဲ။ အခု ဒီနှစ်မှာ ဘာတွေ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။
ဦးဘိုကြည် ။ ။ ဆုံးဖြတ်ချက် ချရုံနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတွေ ကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးတယူထားတယ်။ နောက်ပြီး ဒီထက်ပိုပြီး စောင့်ကြည့်နေတာမျိုးလောက်ပဲ ဖြစ်မယ်။ ဒီထက် ထိရောက်တဲ့ action တုံ့ပြန်မှု action တခုခု မယူဘဲနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ပြောင်းလဲလာဖို့ မလွယ်ပါဘူး။