အငြင်းပွားစရာ ဖြစ်နေတဲ့ အရှေ့ ဂျေရုစလင်မှာ ဂျူးအခြေစိုက် အိမ်ရာတွေ ဆက်လက် ဆောက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နက်တန်ယာဟု (Benjamin Netanyahu) က ပြောလိုက်ပါတယ်။ ဒီလို ဆောက်လုပ်မှုတွေကို အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ ကြားက အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ဂျေရုစလင်မှာ ဂျူးအခြေချ အိမ်ရာဆောက်လုပ်မှုကို လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက လုပ်လာခဲ့တဲ့အတိုင်း ဆက်ပြီး ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်က တနင်္လာနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။
အရှေ့ ဂျေရုစလင်မှာ အိမ်ရာသစ် ၁,၆၀၀ ဆောက်လုပ်မယ့် အစီအစဉ်ကို အစ္စရေးတို့က ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်မြောက်ဖို့ သန္နိဋ္ဌာန် ချထားပါတယ် ဆိုတာကို ပြသဖို့အတွက် အမေရိကန်တို့က လိုလားတယ် လို့ ဝါရှင်တန်က အမေရိကန် နိုင်ငံခြားရေး ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟုတို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တယ်လီဖုန်းကနေ စကားပြောရာမှာ အမေရိကန် အစိုးရ မြင်လိုတဲ့ အစ္စရေး အစိုးရဘက်က လုပ်ရမယ့် ခြေလှမ်းတွေကိုလည်း မစ်စ် ကလင်တန်က ပြောခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောပါတယ်။