ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လက်ရှိအစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ အနီရောင်ဝတ် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြသူတွေက သူတို့ရဲ့ သွေးတွေကို ဝန်ကြီးချုပ်ရုံးရှေ့မှာ ပက်ဖျန်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြသူတွေဟာ လူပေါင်း ၂၀,၀၀၀ လောက်ရဲ့ သွေးတွေ စုစုပေါင်း လီတာ ၃၀၀ လောက်ကို နေ့လယ်ပိုင်းက စေတနာ့ဝန်ထမ်း ဆေးဝန်ထမ်းတွေဆီမှာ ဖောက်ထုတ်ပေးခဲ့ပြီး သူတို့ရဲ့ သွေးတွေကို ထည့်ထားတဲ့ ပလတ်စတစ် ခရားတွေနဲ့ အစိုးရအဖွဲ့ရုံးရဲ့ အဆောက်အဦးရှေ့နဲ့ ဝန်ကြီးချုပ်ရုံးရဲ့ အဆောက်အဦးရှေ့တွေမှာ ပက်ဖျန်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြကြသူတွေဟာ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ရဲ့ နေအိမ်နဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီ ရုံးတွေရှေ့မှာလည်း သွေးတွေကို ပက်ဖျန်းပြီး ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။
ဆန္ဒပြကြသူတွေက အဘီဆစ် ဝိတ်ချာချီဝရဲ့ အစိုးရအဖွဲ့ နှုတ်ထွက်ပေးပြီး ရွေးကောက်ပွဲ အသစ်တွေ အမြန်ဆုံး ပြုလုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အထက်တန်းလွှာနဲ့ ပညာတတ်တွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝကတော့ အခုလို ဖိအားပေးတာတွေကို သူ့အနေနဲ့ လက်ခံမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲ အချိန်တန်တဲ့ အခါကြရင်တော့ ရွေးကောက်ပွဲတွေကို ကျင်းပပေးမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုပ်သံလွှင့်ပြီး ကြေညာခဲ့ပါတယ်။