ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အသစ်တွေ ပြန်ကျင်းပပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက သူတို့ရဲ့ သွေးတွေကို ဘန်ကောက်မြို့တော်က ၀န်ကြီးချုပ်ရုံးရှေ့မှာ ပက်ဖျန်းပြီးတော့ မနေ့တုန်းက ဆန္ဒပြခဲ့ကြပါတယ်။
သွေးပုလင်းကြီး အလုံး ၃၀၀ လောက်ရှိတဲ့ သွေးတွေကို အစိုးရရုံး အ၀င်ဝ ဂိတ်တွေမှာ သူတို့ ပက်ဖျန်းခဲ့ကြတာ ဖြစ်ပါတယ်။
အနီရောင် တီရှပ်ဝတ် ဆန္ဒပြသူတွေဟာ အခု ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ အရင် ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့သူတွေ ဖြစ်ပါတယ်။ မစ္စတာ တပ်ခ်ဆင်ကို ထိုင်းနိုင်ငံက ဆင်းရဲတဲ့ ပြည်သူတွေနဲ့ ကျေးလက်ဒေသနေ ပြည်သူတွေက အားပေး ထောက်ခံကြပါတယ်။
ထိုင်းနိုင်ငံက လက်ရှိလွှတ်တော်ကို ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးဖို့ လက်ရှိဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကို ဆန္ဒပြသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုမှုတွေကို ၀န်ကြီးချုပ် အဘီဆစ်က ပယ်ချခဲ့ပါတယ်။ ၀န်ကြီးချုပ် အဘီဆစ်ကို ထိုင်းစစ်တပ်နဲ့ အထက်တန်းလွှာ ပြည်သူတွေက အားပေးထောက်ခံကြပါတယ်။
ဆန္ဒပြသူတွေရဲ့ နောက်တဆင့် လှုပ်ရှားမှုကတော့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေပဲလို့ အနီရောင်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
လက်ရှိအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အခုတပတ်ထဲမှာ အစိုးရနဲ့ ဆန္ဒပြသူတွေကို နှစ်ဘက်စလုံး ခေါ်ယူ တွေ့ဆုံပြီး ဆွေးနွေးကြဖို့ အစီအစဉ် ရှိပါတယ်။