သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း


မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက် မလွဲမသွေ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ Human Rights Watch အဖွဲ့က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒီကော်မရှင်ကို အချိန်ဆွဲမနေဘဲ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ မူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ဖြစ်စေတာကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းစစ်ဆေးပေးဖို့ မတ်လ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ထည့်သွင်း အဆိုပြုခဲ့တာပါ။

မစ္စတာ ဘရက်ဒ် အဒမ်စ် (Brad Adams) ဟာ HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှဒေသရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက မစ္စတာ ကင်တားနားရဲ့ အဆိုပြုခဲ့တဲ့ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင် သေချာပေါက် ဖွဲ့စည်းနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေအတွက် ကျနော် မျှော်လင့်ပါတယ်။ ကော်မရှင် ဖွဲ့ဖြစ်ရင် သူတို့ပဲ အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်။ ဒီကော်မရှင် အမြန်ဖွဲ့ဖြစ်မလား ဆိုရင်တော့ မဖွဲ့ဖြစ်ဘူးလို့ပဲ ကျနော် ဖြေရမှာပဲ။ ဒါဟာ နိုင်ငံတကာမှာ နိုင်ငံရေးအရ တူညီတဲ့ သဘောတူညီမှု ရရှိရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ ဒီကော်မရှင် ခပ်မြန်မြန် ဖွဲ့ဖြစ်ရင်တော့ ကျနော့်အနေနဲ့ အံ့အားသင့်မိမှာပဲ။

“ဘာဖြစ်လို့လဲဆိုတော့ အစိုးရ တော်တော်များများက ရွေးကောက်ပွဲမှာ မြန်မာစစ်အစိုးရ ဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်ကြလိမ့်ဦးမယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် စိတ်ပျက်မှုတွေ ရှိခဲ့ရင်တော့ ဒီကော်မရှင် ဖွဲ့စည်းရေးကို တိုင်းပြည်အများစုက ထောက်ခံကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

နယ်စပ် တိုင်းရင်းသား ဒေသတွေ အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တရားလက်လွန် ဖြစ်ပေါ်နေတာကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းပေးဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့အနေနဲ့ တောင်းဆိုလာခဲ့တာ ကြာပေမဲ့ ကြေညာချက်တွေ ထုတ်ပြန်၊ အပြန်အလှန် ပြောဆို ဆွေးနွေးနေကြရုံထက် ပိုမလာခဲ့တဲ့အတွက် လက်တွေ့ လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။

“ဘာမှ ထူးခြားပြောင်းလဲမှု မရှိတဲ့ အစီရင်ခံစာတွေ ရေးနေကြမယ့်အစား နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပြီလို့ ကျနော်တို့ ထင်တယ်လေ။ ကုလသမဂ္ဂက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးလို့ ရလာတဲ့ အချက်အလက်တွေကတဆင့် သက်ဆိုင်သူတွေကို အရေးယူ အပြစ်ပေးတာ အပါအဝင် ဘာလုပ်သင့်တယ် ဆိုတာကို တင်ပြသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။”

လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူးတဦး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တရားဝင် အဆိုပြုတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းတဲ့ နေရာမှာလည်း နိုင်ငံရေးအရ လုပ်ဆောင်လိုတဲ့ ဆန္ဒရှိရင် ကော်မရှင်ဖွဲ့နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်လို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ထောက်ပြပါတယ်။

“ဒီကော်မရှင်ဖွဲ့ဖို့က နိုင်ငံရေးအရ လုပ်ဆောင်လိုစိတ် ရှိဖို့ပဲ လိုပါတယ်။ မစ္စတာ ဘန်ကီမွန်း တဦးတည်းလည်း ဆုံးဖြတ်ချက် ချလိုက်လို့ ရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အရင် အဲဒီလို လုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို ထောက်ခံ အားပေးကြတဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေ အနေနဲ့လည်း လူ့အခွင့်အရေး ကောင်စီ၊ ဒါမှမဟုတ် အထွေထွေ ညီလာခံက တဆင့် ဒီကော်မရှင် ဖွဲ့စည်းရေးကို တောင်းဆိုနိုင်ပါတယ်။”

ဒါမှမဟုတ်လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဖွဲ့စည်းပေးဖို့ ဖိအားပေးလို့ ရနိုင်သလို ဂျနီဗာမြို့မှာ ရုံးထိုင်တဲ့ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) တဦးတည်းကလည်း ဆုံးဖြတ်ပြီး ဖွဲ့စည်းလို့ ရနိုင်ပါတယ်လို့ သူက ဆက်ပြောသွားပါတယ်။ ဒါကြောင့် ဒီကော်မရှင် ဖွဲ့ရေး၊ မဖွဲ့ရေး ဆိုတာထက် ဘယ်တော့ဖွဲ့မလဲဆိုတဲ့ မေးခွန်းက အဓိက ကျပါတယ်လို့ ဆိုပါတယ်။

တကယ်လို့ အတွင်းရေးမှူးချုပ် ကိုယ်တိုင်၊ ဒါမှမဟုတ် လူ့အခွင့်အရေး မဟာမင်းကြီးက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့ရင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေလည်းဖြစ်၊ စစ်အစိုးရနဲ့ ရင်းနှီးတဲ့ မဟာမိတ် နိုင်ငံတွေလည်းဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ အနေနဲ့လည်း ကန့်ကွက်ပိုင်ခွင့် မရှိဘူးလို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းတုန်းက တရားဝင် သွားရောက်လည်ပတ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဂျနီဗာမြို့မှာရှိတဲ့ လူ့အခွင့်အရေး ကောင်စီကို သူတွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနား တင်သွင်းခဲ့တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို ထောက်ခံကြောင်း သြစတြေးလျနိုင်ငံကတော့ တရားဝင် ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG