သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား


မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ အဓိက နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပေမဲ့ ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရုံးတွေမှာ ဆိုင်းဘုတ်မတင်ရ၊ အစည်းအဝေး မလုပ်ရ၊ လူမစုရ၊ စသဖြင့် တားမြစ်ပိတ်ပင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲဥပဒေ ထွက်အပြီးမှာတော့ NLD ရုံးတွေ ပြန်ဖွင့်ခွင့်ပေးတယ် ဆိုပေမဲ့လည်း တားမြစ်ပိတ်ပင်မှုတွေ၊ ခြိမ်းခြောက်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ မိတ္ထီလာမြို့နယ်မှာ ဖွင့်ခဲ့တဲ့ ရုံးကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်တာ ကာလ ကစပြီး ဆိုင်းဘုတ်တင်ခွင့် ပယ်ချခံရတဲ့ မြို့နယ် ဖြစ်တာကြောင့် ဆိုင်းဘုတ်တင်တာနဲ့ ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့နယ်က ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့…

“ကျမတို့ ၁၄ ရက်နေ့က မြို့နယ် အစည်းအဝေးခေါ်တယ်၊ ရုံးပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကိုယ့်ပါတီကို တရားဝင် အကြောင်းကြားပြီးတော့ မြို့နယ် ထွေအုပ်ကို မိတ္တူပေးပြီး အသိပေးလိုက်တယ်။ အဲဒီမှာ ၁၅ ရက်နေ့ နေ့စွဲနဲ့ နေ့လယ်မှာပဲ ကျမဆီကို ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ အညီသာ နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ဆောင်ရွက်ရန်ကိစ္စဆိုပြီး ကျမဆီကို အကြောင်းပြန်တယ်။

“အဲဒီရဲ့ အဓိပ္ပာယ်က စာပိုဒ် ၃ ပိုဒ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ နဲ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အသစ်တွေနဲ့ ပတ်သက်လို့ ရုံးဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့က ညွှန်ကြားတဲ့အခါမှာ ကျမကို နိုင်ငံရေးပါတီရုံး အသစ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့လို့ရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ် ဆိုတဲ့ဟာကို အကြောင်းကြားတယ်။”

ရုံးကို ဖွင့်ခွင့်ပေးပေမဲ့ ခြိမ်းခြောက်မှုတွေ အများအပြားကို မြို့နယ်တိုင်းမှာ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကြံ့ဖွံ့တွေက မနက်ခင်း ၇ နာရီကတည်းက လမ်းထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်နေတယ်။ အဲဒီဝင်းထဲမှာ အမှတ် ၁ မီးသတ်ဌာနကြီး ရှိတယ်။ အဲဒီ မီးသတ်ဌာနရှေ့မှာ အချုပ်ကား တစီးနဲ့ ဗင်ကား ၂ စီးနဲ့ ဆန်နီ တစီး၊ အဲဒီ ဝင်း ထဲမှာ။ အဲလိုမျိုးကားတွေနဲ့ လာစောင့်တယ်။ ခရိုင်ရဲတယောက်ကလည်း ကျမတူလေးကို လာပြောတယ်၊ ရဲမေတွေလည်း ပါတယ်ဆိုတော့ ကျမတို့ကိုပဲ ဖမ်းတော့မလိုလို၊ ခြိမ်းခြောက်မှုပေါ့။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ကလည်း ၅၀ ကျော်လောက် ချထားတယ်။

“တချို့ မပေးတဲ့မြို့တွေ အများကြီးရှိတယ်။ ဆိုင်းဘုတ်အရင် ရှိပြီး၊ ပြုတ်နေပြီးသား မြို့ကို ဆိုင်းဘုတ် ပြန်တင်ခွင့် မပေး ဘူး။ အလံလည်း ထောင်ခွင့်မပေးဘူး။ ရုံးကို ချိပ်ကလေးပဲ ခွာရုံခွာတာ။ မလှိုင်က ဦးခင်မောင်ရွှေတို့ဆို ရုံးခန်း ရှိတယ်။ အဲဒီနေ့က မယကက ခေါ်ပြီးတော့ လိုက်ပြီးတော့ ရုံးခန်းကို ပြန်ဖွင့်ပေးတယ်၊ ချိပ်ခွာပေးတယ်။ အထဲမှာ သန့်ရှင်းရေး တောင် လုပ်ခွင့်မပေးဘူး။ လုပ်ခွင့်မပေးနိုင်ဘူးတဲ့၊ အဲဒါမပါဘူးတဲ့၊ သန့်ရှင်းရေး မလုပ်ရဘူးတဲ့။ ကျနော်တို့ တနေ့ကို နာရီပိုင်းလောက်ကလေးပဲ နှစ်ယောက် သုံးယောက် ထိုင်ချင်လို့၊ ထိုင်ပါ့မယ်ဆိုတော့ အဲလိုလည်း ထိုင်ခွင့် မပေးဘူး၊ သန့်ရှင်းရေးလည်း မလုပ်ရဘူးဆိုလို့ ဒီအတိုင်းပဲ ပြန်ပိတ်ထားရတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။”

ဒီလို အာဏာပိုင်တွေဘက်က လုပ်တာဟာ မြန်မာစစ်အစိုးရရဲ့ အတွင်းသရုပ်မှန်နဲ့ NLD ရဲ့ အားနည်းချက်တွေကြောင့်လို့ လည်း ဆိုပါတယ်။

“နအဖစစ်အစိုးရ အနေနဲ့ မရိုးသားမှုတွေပေါ့။ အစကတည်းကလည်း ကျမတို့က ဒီလိုမျိုး ဖြစ်လာမယ်လို့တော့ မျှော်လင့် ပြီးသားပါ။ အံ့သြတာတော့ မအံ့သြဘူး။ ကျမတို့ဘက်က အားရှိအောင် မလုပ်နိုင်ခဲ့တာလေ။ ကျမတို့ဘက်က အားရှိအောင် လုပ်မှသာလျှင် နိုင်ငံတကာက ဘယ်လိုပဲ ပံ့ပိုး ပံ့ပိုး၊ ကျမတို့ကိုယ်တိုင်က အားရှိမှ။ ပြည်တွင်းမှာ အဓိကကျတာ ကျမတို့။ ကျမတို့ဘာသာ ကျမတို့ ရပ်တည်နိုင်ဖို့ ကြိုးစားရမှာ။

“အဲတော့ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် နအဖရဲ့ အသွင်သဏ္ဌာန်ကိုလည်း နိုင်ငံတကာက ပီပီပြင်ပြင် ပေါ်လွင်သွားတယ်။ ဒီနေရာမှာ ကျမတို့ အဖွဲ့ချုပ်ကလည်း တကယ် ဒီနေ့ဖြစ်နေတဲ့ အနေအထားကို ဥပဒေကြောင်းအရ မဟုတ်ဘဲနဲ့ နိုင်ငံရေး လမ်းကြောင်းအရ ရင်ဆိုင်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ခေါင်းဆောင်များအနေနဲ့ ရက်ပိုင်းအတွင်းပဲ ကျန်ခဲ့တဲ့ အချိန်ကာလ အတွင်းမှာ ပါတီကို ဘယ်လို ရပ်တည်နိုင်အောင် လုပ်မလဲဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီအတိုင်းသာ ရင်ဆိုင်မယ်ဆိုရင် ရင်ဆိုင်လို့ ရပါတယ်။”

မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုပြီး ဥပဒေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းနဲ့ပြည်နယ်ရုံး အတော်များများကိုလည်း ပြန်လည်ဖွင့်ခွင့် ပေးလိုက်ပါတယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်က ရုံးတွေ အပါအဝင် အရင်က အာဏာပိုင်တွေ ပိတ်ထားခဲ့တဲ့ ရုံးအတော်များများကိုလည်း ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေး ခရီးစဉ်ကို ၂၀၀၃ ခုနှစ် မေလတုန်းက စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသူတွေက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင် အတော်များများကို ဖမ်းဆီးခဲ့သလို နိုင်ငံတဝန်းလုံးက ပါတီရုံးပေါင်း ၃၀၀ ကျော်ကိုလည်း ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ ဦးတင်ဦးကိုတော့ ပြီးခဲ့တဲ့လမှာ ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်တယ်ဆိုပြီး ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါ တယ်။

အခုလိုမျိုး NLD ရုံးတွေကို ဖွင့်ခွင့်ပေးလိုက်တဲ့အခါ အနှောက်အယှက် ပေးမှုတွေကို ဆက်လက် လုပ်လာတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်း ဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်း အဖွဲ့ချုပ်ဝင်တွေက ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG