သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်


စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီးနောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်အလိုက် ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်လို့ NLD ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ပါတီ ရှေ့ဆက် ရပ်တည်ရေးနဲ့ ရွေးကောက်ပွဲ ဝင်မဝင်ကို မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ NLD က ကြေညာ ထားချိန်မှာ အခုလို သုံးသပ်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အတူ အားလုံးပါဝင်နိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက် ဒီဥပဒေတွေကို ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတရပ် NLD အတွင်းမှာ ရှိနေပြီး ဒီကိစ္စကို ဆက်လက် ညှိနှိုင်းနေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေ ပြန်ပြင်ပေးရေး တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ကိုင်စွဲထားဆဲပဲလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြို့နယ်အလိုက် ပြန်လည် ဝေဖန် သုံးသပ်တာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်တွေအလိုက် ပြန်လည်ဝေဖန်ဖို့ သဘောထားတွေ ရှိလာပါတယ်။ အဲဒီဟာကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်ပြီးတော့ ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အနေအထား တရပ်ကိုလည်း ဆက်ပြီးတော့ ရှိနေမှာကို အန်ကယ်တို့က အတိအလင်းပဲ ရပ်တည်ချက်အဖြစ် လက်ကိုင်ထားဆဲပဲ ရှိပါတယ်။ ရွှေဂုံတိုင် ကြေညာချက် သဘောထားပေါ့လေ။

“အခုလောလောဆယ် ထွက်လာတဲ့ ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာ မကျေလည်တဲ့ဟာတွေကို ပြန်လည် ပြင်ဆင်နိုင်အောင် ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတွေကိုလည်း အန်ကယ်တို့ အပြီးအပြတ် ညှိနှိုင်းလို့တော့ ပြီးသွား ပါပြီ။ ဆုံးဖြတ်ဖို့ကတော့ ၂၉ ရက်နေ့ကျမှပဲ ဆုံးဖြတ်သွားမှာပါ။”

NLD ပါတီ ရပ်တည်ရေးနဲ့ ခေါင်းဆောင်မှုကို ရွေးချယ်ရာမှာ ပါတီ ပျက်ပြယ်သွားမှာ စိုးရိမ်သူတချို့ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်နေတဲ့ တချိန်တည်းမှာပဲ တကယ်လို့ NLD က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တာ နဲ့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်နိုင်တယ်ထား၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို NLD ကိုယ်တိုင် ချေဖျက်ပြီးသား ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေလည်း ထွက်ပေါ်နေပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ NLD ရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့် စည်းကို ကျော်လာတဲ့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ တစ်၊ ကျနော်ပြောချင်တာက ဒါ သူတို့နဲ့ မဆိုင်ဘူး၊ အစိုးရနဲ့ မဆိုင်ဘူး။ ပါတီဝင် တယောက်ကို ပါတီထဲမှာ လက်ခံထားခြင်း၊ မခံထားခြင်းဟာ သူတို့အလုပ် မဟုတ်ဘူး၊ ကျနော်တို့အလုပ်။ ကျနော်တို့ဘာသာ ကျနော်တို့ ပါတီရဲဘော် တယောက် လက်ခံထားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ခေါင်းဆောင် တင်ထားတယ်၊ အဲဒါ ခေါင်းဆောင် မဟုတ်ဘူးလို့ သူတို့ ပြောခွင့်မရှိဘူး။

“ဒါ့ထက်ပိုဆိုးတာက ကျနော်တို့က အဲဒီလို ဥပဒေမျိုး ထုတ်ပြန်ထားတဲ့ အခါကျတော့ ပါတီထဲမှာ ဘယ်လိုမှ ထောင်ကျမယ့် အလုပ်ကို မလုပ်ဝံ့တော့ဘူး။ နိုင်ငံရေးသမားပဲ ထောင်ကျသင့် ကျမှာပဲ၊ မှန်ရာပြော ထောင်ကျမှာပဲ။ နောက်တခုက ပါတီ ထဲမှာ လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ၊ ထက်ထက်သန်သန် လုပ်တဲ့သူတွေဆိုရင် မင်း ထောင်ကျလိမ့်မယ်၊ မင်း ဒါတွေ ရပ်ဆိုတဲ့ ပါတီကနေ ဝင်ပြီးတော့ စာပေစိစစ်ရေး လုပ်သလို သူတို့ကို စိစစ်ရေး လုပ်ရမယ်၊ တားမြစ်ရမယ် ဆိုရင်ဖြင့်၊ အဲတော့ ပါတီတွင်း ကိစ္စတွေလည်း ဝင်ရှုပ်တယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ချိုးနှိမ်၊ ချိုးဖျက်ရာ ရောက်တယ်လို့ မြင်ပါတယ်။ ဒါနှစ်ချက်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံရေးတာဝန် လက်ရှိ ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ NLD အနေနဲ့ ခံယူတဲ့အတွက် သူတို့ကို မကြာခင်တုန်းက ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုကော်မတီ စာရင်း မှာ ထည့်သွင်းခဲ့တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေကို ပါတီက ထုတ်ပယ်ပစ်ဖို့ ကန့်သတ်တာက ပါတီကိုလည်း ခြေချုပ် လက်ချုပ် ချုပ်နှောင်တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် မတ်လ ၂၉ ရက်နေ့ဆိုရင် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိ မရှိ ဆုံးဖြတ်ချက် ချမယ်လို့ ကြေညာထားတဲ့အတွက် ဒီအဖြေကို စိတ်ဝင်စားမှုတွေနဲ့အတူ ဒီအချိန်ဟာ NLD အတွက် အရေးကြီးတဲ့ အချိုးအကွေ့ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သတ်မှတ်ထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG