သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ဥပဒေ ဖိလစ်ပိုင် ဘဝင်မကျ


မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အဖမ်းအဆီး ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံက စိုးရိမ်မကင်း ဖြစ်နေတဲ့အကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမြူလို (Alberto Romulo) က မနေ့တုန်းကပဲ မြို့တော် မနီလာမှာ ပြောခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ အခု ကျင်းပနေတဲ့ ဘက်မလိုက်နိုင်ငံများ ညီလာခံမှာ ဦးဉာဏ်ဝင်းကို သီးသန့် ပြောဆိုခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ပြောဆိုမှုကို ကျေနပ်မှု မရှိဘူး၊ ဦးဉာဏ်ဝင်းဘက်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး သိပ်လည်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်က ရွေးကောက်ပွဲ ဥပဒေသစ်တွေထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး ပါတီဝင်တွေဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသလို နိုင်ငံရေး ပါတီထဲမှာ အကျဉ်းချခံထားရသူ ရှိနေရင်လည်း ပါတီမှာ ပါဝင်ခွင့် မရှိလို့ ဆိုထားပါတယ်။ အခုချိန်ထိ ဘယ်နေ့ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာကိုလည်း မြန်မာစစ်အစိုးရက မကြေညာသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG