သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို


အမေရိကန်နိုင်ငံသား အဖြစ် ခံယူထားတဲ့ မြန်မာ့အရေး လှုပ်ရှားသူ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို မြန်မာစစ်အစိုးရက လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန် အစိုးရက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စအတွက်ပဲ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကလည်း ကြိုဆိုကြောင်း ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကိုကျော်ဇောလွင် လွတ်မြောက်လာတဲ့ ကိစ္စဟာ နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့် ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေကလည်း ဆိုပါတယ်။ အပြည့်အစုံကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် လွတ်ပြီဆိုတဲ့ သတင်းကို ရရခြင်းပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒွန် ဒူးကစ်က သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်ပါတယ်။

“မြန်မာအာဏာပိုင်တွေက ထောင်သွင်း အကျဉ်းချထားခဲ့တဲ့ ကိုကျော်ဇောလွင်ကို ဒီနေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူဟာ အခု မြန်မာပြည်က ထွက်ခွာသွားပါပြီ။ မြန်မာစစ်အစိုးရရဲ့ သေးငယ်တဲ့ ဆောင်ရွက်ချက် ဖြစ်ပေမဲ့ ဒါကို အပြုသဘောဆောင်တဲ့ ခြေလှမ်းအနေနဲ့ ကျနော်တို့က ကြိုဆိုပါတယ်။ အမေရိကန် အစိုးရက မြန်မာအရာရှိတွေနဲ့ အပြင်းအထန် အလုပ်လုပ်ပြီး တချိန်ချိန်မှာ သူပြန်လွတ်လာဖို့ ကြိုးစားခဲ့တာပါ။ အခုလို သူ့ကို ပြန်လွှတ်ပေးလိုက်တာကို ကျနော်တို့ ကြိုဆိုပါတယ်။ ကိုကျော်ဇောလွင်ကို ကျနော်တို့ သေသေချာချာ စောင့်ရှောက်ခဲ့ပါတယ်။ သူဟာ အခု မြန်မာပြည်က ထွက်ခွာသွားပြီ ဆိုတာကိုလည်း သူ့မိသားစုကို ကျနော်တို့ အကြောင်းကြားထားပါတယ်။”

၂၀၀၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း ဖြစ်ခဲ့ပြီး လက်ရှိ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry)ကလည်း မတ်လ ၁၈ ရက်နေ့က ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် လွတ်မြောက်လာမှုကို ကြေညာချက်တစောင် ထုတ်ပြန် ကြိုဆိုခဲ့ပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက အခု ကိုကျော်ဇောလွင် အမေရိကန် ပြည်ထောင်စုက သူ့နေအိမ်ကို ပြန်လာနေချိန်မှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကိုတော့ မြန်မာစစ်အစိုးရက ဆက်ပြီး ချုပ်နှောင်ထားဆဲပဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေ အားလုံးဟာ တူညီသော သဘောထား ခံယူချက် တခုတည်းကြောင့် ဖမ်းဆီး အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်လို့ မစ္စတာ ကယ်ရီက ဆိုပါတယ်။

အခြေခံ လူ့အခွင့်အရေးတွေကို စစ်အစိုးရက လေးစားဖို့ ကြိုးပမ်းကြတာတွေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို သူတို့တွေက သဘောတူ ထောက်ခံကြတယ် ဆိုတာတွေကြောင့် အခုလို အကျဉ်းကျခံနေရတာလို့ မစ္စတာ ကယ်ရီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အားပေးဆောင်ရွက်ခဲ့မှုနဲ့ အကျဉ်းကျနေတဲ့ မိခင်ဖြစ်သူကို တွေ့နိုင်ဖို့ မနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ဟာ ရန်ကုန်လေဆိပ်မှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

အစပထမမှာ ကိုညီညီအောင်ကို နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ကိုင်မှုနဲ့ တရားစွဲဆိုထားရာက မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ်ထားရှိမှုတွေနဲ့ ပြောင်းလဲ စွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စွဲဆိုထားတဲ့ ပြစ်မှုတွေ ထင်ရှားတယ်ဆိုပြီး စစ်အစိုးရ လက်အောက်က တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ မမျှော်လင့်ဘဲနဲ့ ကိုညီညီအောင်ဟာ မတ်လ ၁၈ ရက်နေ့မှာ ပြန်ပြီး လွတ်လာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အမှုမှာ ခုခံသူဘက်က အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောတာကတော့…

“ကျနော့်ထင်မြင်ချက်ကို ပြောရရင် သူ့ကို ပြည်နှင်ဒဏ်ခတ်ပြီး ပြန်လွှတ်ပေးလိုက်တာက ဒီအစိုးရက နိုင်ငံတကာ ဖိအားတွေကို စိုးရိမ် ကြောက်ရွံ့နေလို့ပါ။”

ကိုညီညီအောင်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်းဆိုထားတဲ့ စာတစောင်ကို မြန်မာစစ်အစိုးရဆီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပေးပို့ခဲ့ကြပါတယ်။ မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ကနေ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ ကိုညီညီအောင်ကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးသားညွန့်ဦးက တွေ့ဆုံ မေးမြန်းခဲ့ရာမှာ ကိုညီညီအောင် ပြောတာကတော့…

“တဘက်မှာတော့ ဝမ်းသာပါတယ်။ တပိုင်းကျတော့လည်း မိသားစုတွေ အကုန်လုံးက ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတော့ အပြည့်အဝတော့ ကျနော် ဝမ်းမသာနိုင်သေးဘူး။ ကျနော့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အားလုံးကလည်း ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတော့။”

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကိုလည်း ကိုညီညီအောင်က အခုလို ရှင်းလင်း ပြောပြပါတယ်။

“ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီးသွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်။”

မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အခုလို မတရားဖမ်းဆီး အကျဉ်းချထားတာတွေ အပါအဝင် မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူမဆန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆို အကြံပြုထားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကလည်း မတ်လ ၁၈ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကိုကျော်ဇောလွင်ကို အမေရိကန် ပြည်ထောင်စုကို ပြန်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက သူ မြန်မာနိုင်ငံ သွားရောက်ခဲ့ပြီး ကတည်းက မြန်မာစစ်အစိုးရက လုပ်ဆောင်ခဲ့တဲ့ အပြုသဘောဆောင် ကိစ္စရပ်တွေအပေါ် မူတည်ပြီး မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို တိုးမြှင့်သွားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နည်းလမ်းတကျ စဉ်းစားသင့်တယ် ဆိုတဲ့အချက်ကို ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ကြေညာချက်ထဲမှာလည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG