သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြသူတွေ ပြန်လည်လွတ်မြောက်


မြန်မာစစ်အစိုးရထုတ်ပြန်တဲ့ မတရားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြသူကြသူတွေထဲက ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၆ ယောက်ကို အိန္ဒိယရဲက ဒီကနေ့ ပြန်လွှတ် ပေးလိုက်ပါပြီ။ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးက တိုင်ကြားတဲ့အတွက်ကြောင့် သူတို့ကို အခုလိုဖမ်းဆီးခဲ့တာလို့ အိန္ဒိယရဲက ပြောကြောင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတွေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ ဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ ကိုကင်မ် က အခုလို ပြောပြပါတယ်။

"ကျနော်တို့ကို ဒီနေ့လွှတ်ပေးတာက အာမခံနဲ့လွှတ်ပေးတာပေါ့။ လာမယ့် အင်္ဂါနေ့ ၂၃ ရက်နေ့မှာ ကျနော်တို့ကို အမှု ပြန် ချိန်းလိုက်တယ်။ ကျနော်တို့ကို စွဲတဲ့အမှုက အဓိက သုံးခု ရှိတယ်။ တခုက အိန္ဒိယနိုင်ငံရဲ့ တရားဥပဒေကို ဖီဆန်မှုပေါ့၊ နောက်တခုက ပြည်သူပိုင်ပစ္စည်းပေါ့၊ သံရုံးကပစ္စည်းတွေကို ဖျက်ဆီးမှု၊ နောက်တတိယတခုကတော့ တားမြစ်ထားတဲ့ နယ်မြေမှာ စည်းကမ်းချိုးဖောက်ပြီးတော့ ဆန္ဒပြတာပေါ့နော်။ ဒီသုံးချက်နဲ့ ကျနော်တို့ကို စွဲတာ။ ဒါပေမဲ့ တရားသူကြီးနဲ့ ကျနော်တို့ ရှေ့နေနဲ့ပြောတော့ ကျနော်တို့ရှေ့နေက ကျနော်တို့အတွက် အယူခံဝင်တယ်လေ။ သူတို့က လူဆိုးတွေ မဟုတ်ပါဘူး။ လူကောင်းတွေပါ။ သူတို့က မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လုပ်နေတဲ့သူတွေပါ။ နအဖ အကြောင်းကို လည်း ရှင်းပြတယ်လေ။ စစ်အစိုးရ ဆိုတဲ့အကြောင်း။ ပြီးတော့ အခုလက်ရှိ ရွေးကောက်ပွဲအကြောင်းတွေကို ရှင်းပြတယ်။ အဲဒါကြောင့် မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေ မလွတ်မြောက်နိုင်လို့ ဆိုပြီး ရှင်းပြတော့ တရားသူကြီးက ကျနော်တို့ကို အာမခံနဲ့ ပြန်လွှတ်လိုက်တယ်။"

အာမခံနဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ အာမခံက တင်ရလား။ အာမခံ ဘယ်လိုပေးရလဲ။ -

"အာမခံက ကျနော်တို့ကလည်း ဒုက္ခသည်တွေအဖြစ်နဲ့ဆိုတော့ စုစုပေါင်း ကျနော်တို့ အာမခံကို ၃,၀၀၀ နဲ့ လွှတ်ပေးလိုက် တယ်။ ကျနော်တို့ အားလုံးကို။"

လူ ၂၆ ယောက်ကို ရူပီ ၃,၀၀၀ နဲ့ အာမခံလွှတ်ပေးလိုက်တယ်ပေါ့။ -

"ဟုတ်တယ်။ ဒါပေမဲ့ ကျနော်တို့ လာမယ့်အင်္ဂါနေ့ပေါ့နော်။ ၂၃ ရက်နေ့ကျရင် ကျနော်တို့ရဲ့ ID ပေါ့နော်။ ကျနော်တို့ ဓါတ်ပုံနဲ့ပါတဲ့ ID သူတို့ကို တခုခု ပြရမယ်။ အဲဒီတရားရုံးကို ယူလာရမယ်။ ယူလာပြီးမှ တရားရုံးကို အဲဒါကို ကျနော်တို့က အပ်ရမယ်။ တရားရုံးကနေပြီးတော့ အဲဒီနေ့ ဆုံးဖြတ်မှာမဟုတ်သေးဘူး။ အဲဒီနောက်ပိုင်းကျမှ အမှုကို ဆုံးဖြတ်မှာဖြစ်တယ်။ အဲဒီနေ့ကျမှ ကျနော်တို့ဆီက document နဲ့ မြန်မာနိုင်ငံသားတွေ ဟုတ်လား၊ မဟုတ်ဘူးလား။ ဒုက္ခသည်အစစ်တွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးမယ်။ ကျနော်တို့ကို အဲဒါ ပြန်ချိန်းလိုက်တယ်။"

ဆိုတော့ ID က အခု အဖမ်းခံရတဲ့သူတွေကရော ID တွေ ရှိကြလား။ ID မရှိလို့ရှိရင် ရဲက ဒီလူတွေကို ဖမ်းမှာလား။

"ကျနော်တို့ဘက်ကတော့ လာမယ့်အင်္ဂါနေ့ကို ကျနော်တို့ ပြင်ဆင်ပြီးပေးရမှာဖြစ်တယ်။ ကျနော် ပြောသလိုပဲ တဝက် လောက်က UNHCR ကနေ ဒုက္ခသည်လက်မှတ် မထုတ်ပေးသေးဘူး။ မထုတ်ပေးသေးတဲ့အတွက်ကြောင့် ကျန်တဲ့ တဝက် လောက်က မရှိဘူး။ မရှိတော့ ကျနော်တို့က ဒီ community က ID ကဒ်ကိုပဲ ကျနော်တို့က ထုတ်ပြီးတော့ ပေးဖို့ အစီအစဉ် ရှိတယ်။ အဲဒါ တရားရုံးက လက်ခံမခံကတော့ ကျနော်တို့ မသိသေးဘူး။"

အခုစွဲထားတဲ့အမှုတွေကိုက နယူးဒေလီက စွဲတာလား။ ဒါမှမဟုတ် တခြားတယောက်ယောက်က စွဲတာလား။ သဘောက ဥပမာ မြန်မာသံရုံးက စွဲတာလား။ -

"စွဲတာက မနေ့ကဆန္ဒပြအပြီးမှာ ဂျနာတာဘူရီ ရဲစခန်းကို သံအမတ်ကနေ ခေါ်တယ်။ ရဲစခန်းကို ခေါ်ပြီးတော့ သူတို့က အမှုဖွင့်တယ်။ ဖွင့်တာက ကျနော်တို့ ရဲစခန်းမှာ ရဲမှူးနဲ့တွေ့ပြီးတော့ ရဲမှူးက သံရုံးအစား သူတို့ကပဲ တရားစွဲပေးရတာပေါ့။ ရဲစခန်းက အမှုဖွင့်ပေးရတာပေါ့။ အဲဒီရဲစခန်းရဲ့ ထိန်းသိမ်းမှု ဧရိယာအောက်မှာရှိတာကိုး။ ဒါပေမဲ့ အဲဒီတိုင်စာမှာ ရေးထား တာက တိုင်ကြားတာက - ဒုအတွင်းရေးမှူး မောင်မောင်အေးက လက်မှတ်ထိုးပြီးတော့ တိုင်ထားတာကို တွေ့ရတယ်။ အဲဒီစာမှာ။"

ဆိုတော့ သံရုံးကတရားစွဲတယ်လို့ ပြောလို့ရတာပေါ့။ -

"ဟုတ်တယ်။ သံရုံးကနေစွဲဖို့ပေါ့။ အခု ကျနော်တို့ကိုစွဲတဲ့အမှုတွေက သိရသလောက်ကတော့ တော်တော်များတယ်။ ဒါပေမဲ့ ရဲကလည်း သူတို့က မျက်မြင်သက်သေဆိုတော့ ကျနော်တို့ အခြေအနေကိုလည်း သိတော့ အလျော့ပေးတာပေါ့လေ။"

ကိုကင်မ် တို့ အခု အချုပ်ခန်းထဲမှာ တညအိပ်ရတယ်ပေါ့နော်။ အချုပ်ခန်းထဲမှာရော ရဲက ဆက်ဆံတာ ဘယ်လိုရှိလဲ။ ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား။ -

"ရဲက ကျနော်တို့ကို ဆက်ဆံတာက ကောင်းကောင်းမွန်မွန် လို့တော့ ပြောလို့မရပါဘူး။ ဆိုးဆိုးရွားရွားလည်း မဟုတ်ဘူး။ အခြေအနေက ကောင်းပါတယ်။ ပုံမှန်အတိုင်းပါပဲ။"

ဆိုတော့ အာမခံပေးမယ်၊ ဒီနေ့လွှတ်ပေးမယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ။ သူတို့က ရဲက အကြောင်းကြားတာလား။ ဒါမှမဟုတ်ရင်လည်း ရှေ့နေက အကြောင်းကြားတာလား။ -

"ကျနော်တို့မှာ ရှေ့နေရှိတယ်ဗျ။ ရှေ့နေအဖွဲ့ရှိတယ်။ ကျနော်တို့ မြန်မာအရေးကို ထောက်ခံနေတဲ့ ရှေ့နေတွေရှိတယ်။ သူတို့ရှေ့နေတွေကိုယ်တိုင်ကနေပြီးတော့ သူတို့က အယူခံဝင်တယ်။ တင်သွင်းတယ်။ သူတို့ကိုယ်နှိုက်ကလည်း ကျနော် တို့ကို အမှုစစ်တဲ့နေရာ တရားရုံးမှာ သူတို့ကလည်း ကျနော်တို့မှာ ရှေ့နေရုံး (chamber) ရှိပါတယ်။ ကျနော်တို့ဟာ ထွက်ပြေးမယ့်သူတွေမဟုတ်ပါဘူး။ ရာဇဝတ်ကောင်တွေ မဟုတ်ပါဘူး။ ကျနော်တို့ ရှေ့နေရုံးက နံပါတ်ကိုလည်းသုံးပြီး ကျနော်တို့ ရုံးကို အချိန်မရွေး တရားစွဲလို့ရပါတယ်ပေါ့။ တခုခုဖြစ်ရင်။ သူတို့ကိုယ်တိုင်က အာမခံပေးတယ်ခင်ဗျ။ အဲဒါတွေကြောင့်ရတာ။ ထူးခြားချက်က ကျနော်တို့ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအပေါ်ကို စာနာထောက်ထားတာပေါ့။ တရားသူကြီးကိုယ်တိုင်က sympathize ဖြစ်တာပေါ့။ စာနာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ရှေ့နေကိုယ်တိုင် ကလည်း မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို အယူခံဝင်တဲ့အချိန်မှာ ရှင်းပြတာပေါ့။ တရားသူကြီးကို။ တရားသူကြီးကလည်း အဲဒီအပေါ် ကျနော်တို့ကို သက်ညှာတဲ့သဘောပဲ။"

ကိုကင်မ် ပြောပြခဲ့တာပါ။ သူတို့ဟာ မနေ့ကပဲ နယူးဒေလီက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG