သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာသူ ကိုညီညီအောင်ရဲ့ ရှင်းလင်းပြောဆိုချက်


မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူ၊ ထိုင်းနယ်စပ်မှ ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပြီး အမေရိကန်နိုင်ငံသား ခံယူခဲ့သူ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ဟာ မြန်မာပြည်ပြန် ခရီးမှာ စစ်အစိုးရ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒီလို မြန်မာစစ်အစိုးရ ဖမ်းဆီးချုပ်နှောင်ခံထားရကနေ မတ်လ (၁၈) ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မှတ်ပုံတင် အတုလုပ်မှု၊ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတွေနဲ့ သူအား စစ်အစိုးရက ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခဲ့ပါတယ်။ ကိုညီညီအောင်အား ပဲခူးတိုင်း ပြည်မြို့ထောင်မှာ ထိန်းသိမ်းထားခဲ့ရာမှ မတ်လ (၁၇) ရက်နေ့မှာ အင်းစိန်ထောင်ကြီးကို ပြောင်းရွှေ့ခဲ့ပြီး စစ်အစိုးရက မတ်လ (၁၈) ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် အမေရိကန်ပြည်ထောင်စုကို မတ်လ (၁၉) ရက်နေ့မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုညီညီအောင် ကို ပြန်လွှတ်ပေးမယ်ဆိုတာကို ဘယ်နေ့မှာ အတိအကျ သိခဲ့ရသလဲ။

ကိုညီညီအောင် ။ ။ ကျနော်ကို ပြန်လွှတ်ပေးမယ်လို့ ကြားတာကတော့ သူတို့လွှတ်တဲ့နေ့ (၁၈) ရက်နေ့ မနက် (၇) နာရီကျော်ကျော်လောက်မှာ ကျနော်ကို ရေချိုးထားပါ ခဏနေ လွှတ်ပေးတော့မယ်ဆိုတဲ့ သတင်းကို ကြားသိရတယ်။ ကြားရတဲ့အခါကြတော့ ကျနော့်စိတ်ထဲမှာ လွှတ်ပေးမယ်ဆိုတော့ လေယာဉ်ပျံပေါ်ရောက်ရင် လွတ်မယ်ဆိုတာတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လေယာဉ်ပေါ် မရောက်မချင်းတော့ မယုံနိုင်ဘူး။ ဒီတိုင်းပြည် မြန်မာနိုင်ငံထဲမှာက ဘာဘဲပြောပြော နေရတဲ့အခြေအနေက သူတို့ကြိုက်သလို အမှုဆင်ပြီး ဖမ်းလို့ရတယ်ဆိုတော့ လွှတ်ပေးမယ်ဆိုတာကို စိတ်ထဲမှာ ဝမ်းသာပါတယ်။ အပြင်ရောက်ရင်တော့ ပိုပြီးလုပ်နိုင်မယ်။ ပိုပြီးတော့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ပိုလုပ်နိုင်မယ်ဆိုတဲ့ စိတ်ခံစားမှုကြောင့် ဝမ်းသာပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုညီညီအောင် အခုလို အဖမ်းခံလိုက်ရတဲ့အတွက် နိုင်ငံရေးအရ ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်လို့ ထင်ပါသလဲ။

ကိုညီညီအောင် ။ ။ ကျနော် အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့် နိုင်ငံရေးအရထက် ဗမာပြည်ရဲ့ အခြေအနေမှာ ဖိနှိပ်သူတွေဟာ တရားဥပဒေမဲ့ လုပ်ဆောင်နေတယ်ဆိုတဲ့ အချက်အလက်က တိတိကျကျ ပေါ်လွင်နေတယ်လို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အပြင်မှာလည်း ပြောနေကြတာတော့ ရှိတာပေါ့။ ကိုညီညီအောင် အနေနဲ့ မြန်မာပြည်ကို အရင်ကလည်း အကြိမ်ကြိမ် သွားလာခဲ့တာရှိတယ်။ အခုလည်း မြန်မာပြည်ကို သွားခဲ့ရင် အဖမ်းခံရမယ်ဆိုတာကို သိသိကြီးနဲ့ သွားခဲ့တယ်။ ကိုညီညီအောင် အနေနဲ့ ဘာတွေလုပ်ပေးနိုင်မှာမို့ သွားတာလည်းဆိုတာတွေ ပြောဆိုနေကြတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ရှင်းလင်းပြောလိုပါသလဲ။

ကိုညီညီအောင် ။ ။ ကျနော်အနေနဲ့က ရှင်းရှင်းပြောရရင် ဒါက အန္တရာယ်ပေါ့။ အန္တရာယ်ရှိတယ်ဆိုတာ ဗမာပြည်ကို ပထမ တခေါက် မသွားခင်ကတည်းက အန္တရာယ်ရှိတယ်ဆိုတာ သိပါတယ်။ နောက် ဗမာပြည်မှာ ဖိနှိပ်သူရှိနေသ၍ အန္တရာယ်တွေကြားထဲက မြန်မာပြည် ပြောင်းလဲရေးအတွက်၊ မြန်မာ့ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေသူတွေကြားမှာ အန္တရာယ်ရှိတယ်ဆိုတာကို ကျနော် နားလည်းတယ်။ နားလည်းတာထက် ကျနော်တို့ တကယ်ကြုံတွေ့၊ နိုင်ငံသားတွေ တကယ်ကြုံတွေ့နေရတဲ့ ဘဝတွေ၊ ဖြစ်ပျက်နေတဲ့ အခြေအနေက ပိုအန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံသားတွေဟာ လက်ရှိအခြေအနေမှာ သူတို့ရဲ့ အကျင့်သီလတွေကို ရောင်းစားပြီး ဗိုက်ဖြည့်နေရတဲ့ ဘဝဖြစ်နေတယ်။ ဒီဟာတွေဟာ ပိုပြီးအန္တရာယ်ရှိလာတယ်။ အနာဂတ်မျိုးဆက်တွေအတွက် ပိုအန္တရာယ်ရှိတယ်။ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်။ အဲဒီ အန္တရာယ်တွေက ကျနော်ကြုံတွေ့ရမယ့် အန္တရာယ်ထက် ပိုဆိုးဝါးတဲ့အတွက် ကျနော်အနေနဲ့ ဒါကို ရင်ဆိုင်တာပါဘဲ။

ကိုဇော်ဝင်းလှိုင် ။ ။ သွားရတဲ့အကြောင်းရင်းက အပြင်မှာ သတင်းတွေ ထွက်လာခဲ့တာကတော့ အထဲမှာ ထောင်ကျနေတဲ့ မိခင် မကျန်းမာတဲ့အတွက် သူကို တွေ့ဖို့အတွက် သွားတဲ့သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်နေခဲ့တယ်။ ဒါအပြင် နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာ အကြောင်းတွေ ရှိပါသလဲ။ အဓိက သွားရတဲ့အကြောင်းရင်းက ဘာလဲ။ အဲဒီ သွားရခြင်းအကြောင်းရင်း အထမြောက် အောင်မြင်အောင် ဒါမှမဟုတ် အတိုင်းအတာတခုအထိ လုပ်နိုင်ခဲ့သလား။

ကိုညီညီအောင် ။ ။ ကျနော် အဓိက သွားခဲ့ရခြင်းအကြောင်းရင်းကတော့ တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက် ကျနော် စဉ်းစားထားတဲ့ အခြေအနေတွေ၊ ကျနော်တို့ တွေးခေါ်ထားတဲ့ အခြေအနေတွေ၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပြည်သူတွေကြားထဲမှာ ပိုမို သိလာအောင်လို့ ကျနော် လုပ်နိုင်တဲ့ အခန်းကဏ္ဍကနေ လုပ်ဖို့အတွက် ကြိုးစားဖို့အတွက် သွားခဲ့တယ်။ ဒါပေမဲ့ ကျနော်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် ဒီအချိန်မှာ လုပ်ပိုင်ခွင့်မရခဲ့ဘူး။ ဒီအချိန်မှာ မရခဲ့ဘဲနဲ့ သူတို့ အာဏာရှင်တွေ ဖိနှိပ်သူတွေရဲ့ လက်ထဲကို ကျရောက်ခဲ့တာ ကျနော့် ရုပ်ပိုင်းခန္ဓာအရ ကျရောက်နေခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်နေတဲ့အတွက်ကြောင့် ကျနော် လုပ်ချင်တဲ့ ရည်မှန်းသွားတဲ့ အလုပ်တွေတော့ အပြီအပြတ်လုပ်လို့ မရခဲ့ဘူး။ ဒါပေမဲ့ အာဏာရှင် ဒေါက်တိုင်တွေ ယန္တယားတွေကြားထဲမှာ သူတို့ကိုယ်သူတို့ အကျဉ်းဦးစီးမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေ ရှင်းရှင်းပြောရရင် ရဲဌာန၊ ပြည်ထဲရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတွေ ကြားထဲမှာ သူတို့ဟာ အာဏာရှင်တည်တန့်ဖို့အတွက် ယန္တယားတခု ဖြစ်နေတယ်ဆိုတာကို မြင်ယောင် သိနားလည်းအောင် ကျနော် ရှင်းပြနိုင်ခဲ့တယ်။ အခြေအနေတွေကို ဆွေးနွေးပေးနိုင်ခဲ့တယ်ဆိုတာ ကျနော့်အတွက် နဲ့ တိုင်းပြည်အတွက် အားလုံးအတွက် အကျိုးရှိတယ်လို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မတ်လ (၁၉) ရက်နေ့ ရက်စွဲနဲ့ စစ်အစိုးရ သတင်းစာတွေထဲမှာ ရေးသားထားတာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အလေးထားတဲ့အနေနဲ့ ကိုညီညီအောင် ကို ပြန်လွှတ်ပေးလိုက်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားတာကို တွေ့ရှိရတယ်။ ဒီဟာက တချို့ပြောကြတာက အမေရိကန်နိုင်ငံက တဘက်မှာ ဖိအားတွေပေးနေတယ်။ ကိုညီညီအောင် မကြာခင် လွတ်တော့မယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေလည်း ရှိကြတယ်။ ဘယ်တော့ လွတ်မယ်ဆိုတာကို မသိပေးမယ် နိုင်ငံရေးဖိအားတွေ ပေးနေမှုကြောင့် လွှတ်ပေးမယ်ဆိုတာတွေ တချို့ ထင်နေကြတာရှိတယ်။ ဒီလို လွှတ်ပေးမယ်ဆိုတဲ့ အယူအဆတွေကို ကိုညီညီအောင်အနေနဲ့ ယုံကြည်နေသလား။ ငါကိုတော့ တနေ့ သူတို့ လွှတ်ပေးလိမ့်မယ်၊ ငါက အမေရိကန်နိုင်ငံသား တယောက်ဖြစ်တယ်။

ကိုညီညီအောင် ။ ။ အဲဒါကိုတော့ လုံးဝမယုံကြည်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်အနေနဲ့ နားလည်းထားတာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က တိုင်းပြည်ကို တယောက်တည်း ဆုံးဖြတ်နေတဲ့ အနေအထားမှာရှိတယ်။ ဆုံးဖြတ်ချက်တွေက တရားသေသွားနေတာ မဟုတ်ဘူး။ သူ့ပုံစံ၊ သူ့စိတ်ထဲမှာ ပေါ်လာတဲ့အပေါ်မှာ ဆုံးဖြတ်တာ။ နှစ်ခါစဉ်းစားပြီးတော့ ဆုံးဖြတ်ထားတဲ့ အချက်အလက် တခါမှ သူ့ဆုံးဖြတ်ချက်တွေမှာ ဆုံးဖြတ်ထားတာ မရှိတာကြောင့် ကျနော်က ကံသေကံမကြီး ကျနော်က အမေရိကန်နိုင်ငံသား ဖြစ်တဲ့အတွက်ကြောင့် လွတ်ကိုလွတ်ရမယ်ဆိုတာ မရှိထားဘူး။ နောက် သူဘာတွေ လုပ်မယ်ဆိုတာကိုလည်း တွေးရတာ၊ တွက်ရတာ အတော်ခက်တဲ့ ပုဂ္ဂိုလ်ပါ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ လုပ်ကွက်တွေက အတော်ရှုပ်တဲ့အတွက် ကျနော်အနေနဲ့ အများကြီး မမျှော်လင့်ထားဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ တွေးမိတယ်။ ဘာဘဲပြောပြော ငါဟာ အမေရိကန်နိုင်ငံသား တယောက်ဖြစ်တဲ့အတွက်ကြောင့် မေတ္တာရပ်ခံချက်တွေ ရှိနေမယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလို လွှတ်မပေးခင်မှာ ကိုညီညီအောင်အနေနဲ့ ဝန်ခံချက် လက်မှတ်ထိုးခဲ့ရတယ်နော်။

ကိုညီညီအောင် ။ ။ ကျနော် ဝန်ခံချက် လက်မှတ်ထိုးခဲ့ရတာ မဟုတ်ပါဘူး။ ကျနော် ထွက်တဲ့နေ့ (၁၈) ရက်နေ့ မနက်ပိုင်းမှာ လာပြောတယ်။ ခဏနေ ရေမိုးချိုးပြီး အဆင်သင့်ပြင်ပါ။ ထွက်ရတော့မယ်ပြောတယ်။ ခဏအကြာ (၁၂) နာရီမှာ ကျနော့် ဆွေမျိုးတွေနဲ့ ပေးတွေတယ်၊ သံတမန်တွေနဲ့ ပေးတွေ့တယ်။ ပြီးနောက် (၁) နာရီမှာ ပြည်ထဲရေးဝန်ကြီး မောင်ဦးရဲ့ အမိန့်ကြေညာချက်ကို ဖတ်ပြပါတယ်။ ဖတ်ပြတာကို သိပါတယ်ဆိုတာကို sign ထိုးပြီး ထားခဲ့ရတာပါ။ ကျနော်က ဝန်ခံချက် sign ထိုးရတယ်လို့ နားမလည်းထားပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ဘန်ကောက်ကို ကိုညီညီအောင် ပြန်ရောက်ချိန်တုန်းက ကျနော်တို့ ဗွီအိုအေက ကိုသားညွန့်ဦး မေးတဲ့အခါတုန်းက ကိုညီညီအောင် အနေနဲ့ နောက်နောင် နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဝန်ခံချက်လက်မှတ် ထိုးခဲ့ရတယ်ဆိုတာမျိုး ပြောခဲ့သလားလို့ပါ။

ကိုညီညီအောင် ။ ။ အဲဒါက ကျနော်ပြောမယ်ဆိုလို့ရှိရင် လက်မှတ်ထိုးတာ အမိန့်ကြေညာချက်အပေါ်မှာ ကျနော်က လက်မှတ်ထိုးတာ။ သူ့ရဲ့ အမိန့်ကြေညာချက်က နောက်တချိန်ကြလို့ရှိရင် ဒီဟာကို လွှတ်ပေးလိုက်ပါတယ်၊ လျှော့ရက်ပေးလိုက်ပါတယ်၊ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပါတယ်၊ ကွင်းစကွင်းပိတ်ထဲမှာ နောက်တကြိမ်ကြလို့ အမှုတခုခုဖြစ်ခဲ့ရင် ဒါကို ပြန်လည်ကျခံရပါမယ် ဆိုပြီး အမိန့်ကြေညာချက်တခု လုပ်တာလို့ ကျနော်နားလည်းတယ်။ အဲဒါကို ကျနော်က sign ထိုးတာ။ ကတိခံဝန်လုပ်ထားတာ မဟုတ်ဘူး။ အဲဒါကို ကျနော်တို့ ဗမာတွေကြားထဲမှာ နဲ့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ နားလည်းမှု နည်းနည်းလွဲနေတယ်လို့ ကျနော်ထင်တယ်။ ဥပဒေကို ကွင်းစကွင်းပိတ် လုပ်လိုက်တာနဲ့ ခံဝန်လို့ ထင်နေတာ နည်းနည်းလေးလွဲနေပါတယ်။ နိုင်ငံရေး မလုပ်ရဘူးလည်း မပါဘူး။ ဘာအကြောင်းအရာကိုမှ ခံဝန်ထားတာ မဟုတ်ဘူး။ ဒါပေမဲ့ သူပြောထားတာက နောက်တကြိမ် ကျနော်အနေနဲ့ အမှုတခုခု ဖြစ်ခဲ့လို့ရှိရင် အခု လျှော့ပေးလိုက်တဲ့ (၂) နှစ်နဲ့ နီးပါးရှိတဲ့ ကျန်တဲ့ရက်ကို ပေါင်းခံရလိမ့်မယ်။ နောင်တကြိမ် ဘာအမှုဘဲဖြစ်ဖြစ် ဗမာပြည်နဲ့ ဖြစ်ခဲ့ရင်၊ သူက အမိန့်ထဲမှာ တခါတည်းထည့်ပြီး ကြေညာခဲ့တာ။ အဲဒါကို ခံပါမယ်လို့ ကျနော်က လက်မှတ်ထိုးတာ မဟုတ်ဘူး။ အမိန့်ထဲမှာ ပါတဲ့အတွက် ကျနော်က လက်မှတ်ထိုးတာ။ အမိန့်ကြေညာချက်ကို သိပါတယ်ဆိုတဲ့ သဘောပါ။

ကိုဇော်ဝင်းလှိုင် ။ ။ အထဲမှာ ကိုညီညီအောင် အဖမ်းခံရတဲ့အချိန်တုန်းက ရိုက်နှက်စစ်ဆေးခံရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်။ အဲဒါတွေ ဟုတ်သလား။ သူတို့က ဘယ်လို ရိုက်နှက်စစ်ဆေးသလဲ၊ ဘယ်နှစ်ရက်လောက် ကြာသလဲ။

ကိုညီညီအောင် ။ ။ အားလုံးပေါင်း မအိပ်မစားရဘဲနဲ့ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ တိတိကျကျ ပြောမယ်ဆိုလို့ရှိရင် ထိုးတယ်၊ လက်လိမ်ချိုးတယ် အဲဒီအဆင့်အထိတော့ လုပ်တာပေါ့။ ဒါပေမဲ့ ကျန်တဲ့အချိန်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်တွေ လုပ်တယ်။ အော်ဟစ်တယ်၊ ဘေးပတ်ဝန်းကျင်က ခုံတွေကို ထုတယ်၊ ကြမ်းကြမ်းတမ်းတမ်းတွေ ဘေးနားမှာ ပြောဆိုတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်တယ်။ ဆက်တိုက်ကိုတော့ ကျနော်ကို ပေးမအိပ်ဘဲ စစ်ဆေးတယ်။ ဒါပေမဲ့ ခဏအိပ်ပျော်သွားတဲ့အချိန်တော့ နားရတဲ့သဘောတော့ ရှိတာပေါ့။ အဲဒီလို (၁၂) ရက်တိတိ စစ်ဆေးပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုညီညီအောင် ကို စစ်ဆေးမေးမြန်းတုန်းက သူတို့ ဘယ်လိုမေးခွန်းတွေ မေးခဲ့ပါသလဲ။

ကိုညီညီအောင် ။ ။ အဓိကကတော့ ကျနော်လုပ်မယ့်ကိစ္စတွေရဲ့ အဆက်အသွယ်တွေပေါ့။ နောက်တချက်က အထောက်အပံ့တွေ သူတို့သိချင်တယ်။ အဆက်အသွယ် နဲ့ အထောက်အပံ့တွေ။ သူတို့ ချိတ်ဆက်နေတာက ကျနော် လုပ်နေတာက ကျနော်တို့က နှလုံးရည်နဲ့ ဖြေရှင်းဖို့ လုပ်နေတာကို သူတို့ရဲ့ စွပ်စွဲချက်က ဖောက်ခွဲရေးဆိုတဲ့ လမ်းကြောင်းပေါ်ကနေ တင်ပြီးတော့ မေးတယ်။ မဖြစ်ဖြစ်အောင်လို့ ချိန်းရွယ်ပြီးတော့ အချိန်ယူပြီးတော့ ဖန်တီးပြီးတော့ ပြောခိုင်းတယ်။ အဲဒီအခြေအနေ အတိုင်းအတာတွေကို သူတို့ ကြိုးစားတယ်လို့ နားလည်းတယ်။ ကျနော်တို့ ဗမာနိုင်ငံသားတွေကဘဲ ထောက်ပံ့နေတယ်ဆိုတာကို သူတို့ မယုံနိုင်လောက်အောင် ဖြစ်တယ်။ ကျနော်ရှိမှာ အဆက်အသွယ်တွေ ဗမာပြည်တခုလုံးက ကျနော်သွားပြီး ရှင်းပြနေတာ ဗမာပြည်က ပြည်သူတွေဆိုတာကို သူတို့ နားမလည်းနိုင်ဘူး။ ကျနော်တို့က အဖွဲ့အစည်းတခု၊ အုပ်စုတစုကိုဘဲ ရှင်းပြနေတယ်ဆိုတဲ့ အမြင်နဲ့ ချည်းကပ်မေးတာတွေ များပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်ဆုံးတော့ သူတို့မေးတာတွေကို သူတို့စိတ်တိုင်းကြ ဖြေလိုက်နိုင်သလား။ နောက်ဆုံး ဒီလိုစစ်ဆေးမှုတွေ ဘယ်လို အဆုံးသတ်သွားသလဲ။

ကိုညီညီအောင် ။ ။ စစ်ဆေးမေးမြန်းတဲ့ကာလမှာတော့ အားလုံးပေါင်း (၁၄) ရက်ပေါ့။ စစ်ကြောရေးစခန်းမှာ ဖြတ်ရတယ်။ ဒါပေမဲ့ (၁၂) ရက်မြောက်ပြီးသွားတဲ့အခါမှာ ကျနော် ရေချိုးလို့ရတယ်၊ ကျောလေးခင်းလို့ရပြီး (၁၃) ရက်မြောက်နေ့မှာ တညပေးအိပ်တယ်။ (၁၄) ရက်မြောက်နေ့မှာ အင်းစိန်ပို့ခဲ့တယ်။ အဲဒီကြားထဲမှာ သူတို့ နှစ်ခါလောက် နေပြည်တော် အသွားအပြန်လုပ်တယ်ဆိုပြီးတော့ ဘာညာတွေ စစ်ကြောရေးစခန်းထဲမှာ ကြားနေရတယ်။ ကျနော်ဖြေတာ လုံလောက်တာလား၊ သူတို့အနေနဲ့ လုံလောက်တယ်လို့ ထင်တာလား၊ သို့မဟုတ် တဘက်မှာ သံတမန်တွေရှိနေတယ်။ ကျနော်က သံတမန်တွေ တွေ့ဖို့တောင်းထားတယ်၊ ရှေ့နေတွေ့ဖို့ တောင်းထားတယ်ကိစ္စတွေက သူတို့ကို တွေ့ဖို့အတွက် အဆင့်သင့်ဖြစ်လို့ ကျနော်ကို ရပ်လိုက်တာလားလို့ အားလုံးကို ခြုံပြီး မသိနိုင်ဘူး။ သူတို့ ဘာကြောင့် ရပ်တယ်ဆိုတာ သူတို့ဘဲ သိလိမ့်မယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုညီညီအောင် အဖမ်းခံရတဲ့နောက်ပိုင်းမှာ ကိုညီညီအောင်နဲ့ ဆက်နွှယ်ပြီးတော့ တချို့အဖမ်းခံရတယ်လို့ ကြားရတယ်။ အဲဒါတွေကို ကိုညီညီအောင် ကြားသလား။ တကယ် အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါသလား။

ကိုညီညီအောင် ။ ။ ကျနော်နဲ့ ပတ်သက်ပြီး အဖမ်းခံရတာထက်ဆရင် ကျနော်ရဲ့ ရှေ့မှာ အဖမ်းခံထားရတယ်ဆိုတာကို နားလည်းထားပါတယ်။ သိရကြားရတဲ့အထဲ ကျနော်လည်း သူတို့တွေကို အထဲမှာ မတွေ့ခဲ့ရပါဘူး။ ကြားရတဲ့သတင်းအရ ဘုန်းကြီးတချို့ပါတယ်၊ ကျောင်းသားလူငယ်တွေ တချို့အဖမ်းခံထားရတယ်။ ဒါပေမဲ့ ကျနော်အဖမ်းမခံရခင် ရှေ့ပိုင်းက အဖမ်းခံရတာပါ။ ကျနော်အဖမ်းခံရပြီး နောက်ပိုင်းမှာ ဖမ်းထားတဲ့လူတော့ ကျနော် မတွေ့ခဲ့ဘူး၊ မကြားခဲ့ဘူး။ ရှေ့ပိုင်းမှာ အဖမ်းခံရတဲ့လူတွေတော့ ကြားခဲ့သိခဲ့ ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ သူတို့ သတင်းစာထဲမှာတော့ ရေးတယ် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ လို့။ ကိုညီညီအောင် ရင်ထဲမှာက သူတို့ ဘာကြောင့် လွှတ်ပေးလိုက်တယ်လို့ ထင်သလဲ။

ကိုညီညီအောင် ။ ။ ကျနော်ရင်ထဲမှာကတော့ ရင်ထဲကစကား ပြောမယ်ဆိုရင်တော့ နအဖ အနေနဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ ကျနော်ကို လွှတ်ပေးရင် သူ ဘာအကျိုးအမြတ် ရမလဲလို့ စဉ်းစားမယ်။ အကျိုးအမြတ် ရမယ်ထင်လို့ ကျနော်ကို လွှတ်ပေးလိုက်တယ်လို့ ကျနော်မြင်ပါတယ်။ တပိုင်းမှာပြောရရင် ဒီလို အကျိုးအမြတ်ရအောင် လုပ်မယ်ဆိုတာ သူရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေပေါ် ကြည့်ပြီး အဖြေထုတ်တာပါ။ တပိုင်းမှာ ပြန်ကြည့်ရင် ကျနော် လွတ်မြောက်လာရခြင်းက ရှင်းရှင်းပြောရရင် ဗမာပြည်ကို ချစ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ အစိုးရတွေ၊ ကျနော်တို့ ဗမာပြည်ထဲမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုတွေ အားလုံးရဲ့ ဗမာပြည်လွတ်မြောက်ရေး ကြိုးစားနေတဲ့အချိန်မှာ ကျနော်က အချက်တချက်အရ လွတ်မြောက်လာရခြင်း ဖြစ်တယ်လို့ဘဲ ကျနော်နားလည်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG