အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ မျှတမှု မရှိပေမဲ့ နိုင်ငံရေး အပြောင်းအလဲတချို့ကို မြင်ရနိုင်တဲ့ အခွင့်အလမ်း ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်အချို့ကတော့ ယူဆပါတယ်။ ဒါကြောင့် ဒီအခွင့်အလမ်းကို လက်လွှတ်ခံဖို့ မသင့်ဘူးလို့ သူတို့က တိုက်တွန်းပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ အထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကို ရွေးကောက်ပွဲမှာ မပါနိုင်အောင် ဖယ်ထုတ်ထားတာမို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပေမဲ့လည်း အခု မြန်မာ့အရေး လေ့လာသူ အချို့ကတော့ ဒီရွေးကောက်ပွဲဟာ နှေးတော့ နှေးမယ်၊ အပြောင်းအလဲတွေ မြင်ရနိုင်တယ်လို့ အကောင်းမြင် ရှုထောင့်က သုံးသပ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဌာနမှာ ကျင်းပတဲ့ မြန်မာ့နိုင်ငံရေး ပြည်တွင်းအလားအလာ အခြေအနေနဲ့ နိုင်ငံတကာ တုံ့ပြန်မှုဆိုပြီး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးသူ အချို့က ဒီအမြင်ကို ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့တခုဖြစ်တဲ့ Egrass အဖွဲ့ကို ထူထောင်သူတဦးဖြစ်တဲ့ ဒေါက်တာနေဝင်းမောင်က အခု ရွေးကောက်ပွဲကို ဝင်သင့်တဲ့ သူအမြင် အချက် ၃ ချက် ထောက်ပြပါတယ်။
“ပြည်တွင်းမှာနေတဲ့ သူတွေအဖို့တော့ အခု ဒီအခွင့်အလမ်းကို လက်လွှတ်ပြီး အခြားကောင်းမွန်တာ၊ သာလွန်တာ ရှာမတွေ့ ပါဘူး။ အနည်းအကျဉ်းပဲ ဖွင့်ပေးလိုက်တယ် ဆိုပေမဲ့ ကျနော်တို့မှာ ဒါကလွဲလို့ အခြား ကောင်းမွန်တာ မတွေ့ပါဘူး။” လို့ ဒေါက်တာနေဝင်းမောင် ပြောသွားတာ ဖြစ်ပါတယ်။
ဒါကတော့ သူပြောတဲ့ ပထမအချက်ပါ။ ဒုတိယအချက် ဆိုတာကတော့ အခု နိုင်ငံရေးဖြစ်စဉ်ဟာ ဒီမိုကရေစီ ဖြစ်ထွန်းမှု သဘော မဟုတ်သေးဘဲ နိုင်ငံရေးအရ လွတ်လပ်မှု ရှိလာမယ့် သဘော ဆောင်တယ်လို့ ပြောပါတယ်။ တတိယ အချက် ကတော့ နိုင်ငံရေး အင်အားစုတွေ အနေနဲ့ ဒီရွေးကောက်ပွဲကို မဝင်နိုင်ရင် ကြံ့ခိုင်ရေးလိုမျိုး စစ်အစိုးရ အင်အားစုတွေကပဲ ရွေးကောက်ပွဲမှာ တဘက်သတ် အနိုင်ရသွားမယ်၊ အသာစီး ရသွားလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီ ဂျေဂင် (Larry Jagan) ကလည်း အခု ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေကို အကောင်းမြင်ပါတယ်။ အခု ဒီရွေးကောက်ပွဲဟာ တရားမျှတမှု မရှိပေမဲ့လို့ လွတ်လပ်စွာ မဲပေးခွင့်ရှိတဲ့၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲတော့ ဖြစ်လာလိမ့်မယ်လို့ သူက တွက်ဆပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲထက် အများကြီး လွတ်လပ်လိမ့်မယ်လို့ သူက ယူဆပါတယ်။
ဥရောပ မြန်မာရုံး တာဝန်ခံ ဦးဟန်ညောင်ရွှေဟာ မဖြစ်မနေ ဖြတ်သန်းရမယ့် အခြေအနေတခုလို့ ယူဆပါတယ်။ ရွေးကောက်ပွဲဆိုတာဟာ ပြည်တွင်းရေးကိစ္စ ဖြစ်တာမို့ နိုင်ငံတကာ အနေနဲ့လည်း ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲရလဒ် အစိုးရကို အသိအမှတ် ပြုရမှာပဲလို့ သူက ပြောပါတယ်။ ဒါ့အပြင် အခု ၂၀၀၈ ဖွဲ့စည်းပုံဟာ အရင် ၁၉၇၄ ဖွဲ့စည်းပုံထက် တိုင်းရင်းသားတွေမှာ အခွင့်အလမ်းတွေ ပိုများတယ်လို့ သူက မြင်ပါတယ်။ အခု တိုင်းရင်းသားတွေ လိုလားနေသလို ၁၀၀% တော့ ဖြစ်ဦးမှာ မဟုတ်ဘူးလို့ ဗွီအိုအေ မြန်မာပိုင်းကို ပြန်ရှင်းပြပါတယ်။
“၁၀၀% လိုချင်တယ် ဆိုရင်တော့ ဘယ်လိုမှ ကျေနပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်ပြောနေတာက ၁၀% ရထားရင်လည်း ၁၀% ကို ကျင့်သုံးပြီးမှ ဒီ့ထက် တိုးချဲ့နိုင်မလား၊ ၁၅% ဖြစ်လာအောင်၊ ၂၀% ဖြစ်လာအောင် တဖြည်းဖြည်း လုပ်နိုင်မလား ဆိုတာကို တိုက်တွန်းတာ ဖြစ်ပါတယ်။”
ဒါပေမဲ့ ဒီအမြင်တွေကို လက်မခံသူတွေလည်း ရှိပါတယ်။ မြန်မာစစ်အစိုးရနဲ့ ထိစပ်ဆက်ဆံပြီး အပြောင်းအလဲတွေ လုပ်ရမယ် ဆိုပြီး ဖျက်သိမ်းခံရတဲ့ မြန်မာစစ်ထောက်လှမ်းရေးနဲ့ ဆက်ဆံခဲ့ဖူးသူ ဒေါက်တာဇာနည်ကတော့ အခုပြောနေတဲ့ အခွင့်အလမ်းဆိုတာ လူတိုင်းရနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ယူဆပါတယ်။
“ကျနော်တို့နိုင်ငံမှာ လိုတာက ခွင်တခုတည်း မဟုတ်ဘူးလေ။ ခွင်ဆိုတာက ဘယ်လိုလူမျိုးတွေကို ခွင်ပေးတာလဲ။ တကယ်တမ်း ပြောနိုင် ဆိုနိုင်၊ ဒါမှမဟုတ် လူထုလေးစားတဲ့ လူတွေက ခွင်ရတာလား၊ ဒါမှမဟုတ်ရင် ၉၀% လောက်က အခုပြောနေတဲ့ လူတွေထဲမှာ ပွဲလန့်တုန်း ဖျာခင်းတဲ့ဟာတွေ အများကြီးပါတယ်။
“မင်းကိုနိုင်တို့က အစ၊ ဦးဝင်းတင်တို့က အစ အနှစ် ၂၀ လောက် ဘဝကို စတေးပြီးတော့ တိုင်းပြည်ကို ချစ်လို့၊ ပြောင်းချင်လို့ လုပ်တဲ့လူတွေကို ခွင်မပေးဘဲနဲ့ မိုးကျရွှေကိုယ် နိုင်ငံရေးသမားတွေကို ခွင်ရတယ်ဆိုတာက၊ ပါလီမန်ထဲမှာ ပြန်ပြီး ချဲ့ယူမယ်၊ အဲတော့ ကျနော်ပြောမယ်၊ ဖွဲ့စည်းပုံ ပြန်ပြင်လို့ ရနိုင်မလား။ ပါလီမန်ဆိုတာက ခင်ဗျားတို့ ကျနော်တို့ ဦးနေဝင်း မဆလ လက်အောက်မှာ ကြီးလာတာ။ အဲဒီအချိန်တုန်းကလည်း ပြည်သူ့လွှတ်တော် ဆိုတာကြီး ရှိခဲ့တယ်။
“မတူတာက ဘာလဲဆိုတော့ အခုအချိန်မှာ ကမ္ဘာက မြန်မာပြည်မှာ ဖြစ်တာကို စောင့်ပြီး ကြည့်နေတယ်။ တခြားနိုင်ငံ တွေက မြန်မာပြည်နဲ့လာပြီး အမြတ်ထုတ်တယ်၊ စီးပွားရေး လုပ်ကြတယ်။ အဲဒီတခုပဲ မတူတာ။ တခုရှိတာက ပါတီ သုံးလေးငါးခု ပေါ်လာမယ်။ ဦးနေဝင်း ခေတ်တုန်းကတော့ မဆလပါတီ တခုတည်းပဲ ရှိတာ။ အဲတော့ ဇရှိတဲ့လူ၊ မှန်တာကို မှန်တာ ပြောရဲတဲ့လူ၊ ဒီလိုလူတွေက ပါလီမန်ထဲမှာ ပါလာမှာ မဟုတ်ဘူး။”
ဒေါက်တာနေဝင်းမောင်ကတော့ အခွင့်အလမ်းတွေရှိတယ်၊ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပေမဲ့ ဒီအပေါ်မှာ သိပ်ပြီး မျော်လင့်ချက်ကြီးကြီး မထားဖို့ သူက အကြံပြုပါတယ်။ အပြောင်းအလဲတွေ ရှိနိုင်တယ် ဆိုပေမဲ့ ပြောင်းလဲမှုတွေဟာ အင်မတန်ကို နှေးကွေးလိမ့်မယ်လို့ သူက ဆိုပါတယ်။
“ပြောင်းလဲမှုတွေ အတော်များများတော့ ဖြစ်လာမယ်။ ဒါပေမဲ့ တဖြည်းဖြည်းချင်းပဲ ဖြစ်ပါလိမ့်မယ်။ စီးပွားရေးပိုင်းမှာ အစိုးရ နဲ့ ဈေးကွက် ဆက်ဆံရေးဆိုင်ရာ အပြောင်းအလဲတွေ ရှိလာပါမယ်၊ သိပ်ပွင့်လင်းမှုမျိုးတော့ မဟုတ်ဘဲ ဈေးကွက်က ပိုပြီး သြဇာရှိလာပါမယ်။ အစိုးရ ချုပ်ကိုင်မှုတွေ နည်းလာပါမယ်။ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးမှာလည်း အပြောင်းအလဲ တွေ ရှိမယ်၊ ဒါပေမဲ့လည်း ဒီအပြောင်းအလဲတွေဟာ နှေးကွေးလိမ့်မယ်။” လို့ သူက ပြောသွားပါတယ်။
ဦးဆောင်ဆွေးနွေးကြသူ အများစုကတော့ အခုရွေးကောက်ပွဲကနေ နိုင်ငံရေး အင်အားစုတွေအတွက် အနည်းငယ် လုပ်ပိုင်ခွင့်၊ လုပ်သာခွင့်တွေ ရှိလာမယ်လို့ ယူဆပေမဲ့ တဘက်မှာတော့ စစ်တပ်က ဆက်ပြီး သြဇာရှိနေဦးမယ် ဆိုတာ ကိုတော့ မငြင်းပါဘူး။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ရလဒ်အရ အရပ်ဘက်အစိုးရ စစ်စစ်သဘော ပေါ်လာဦးမှာတော့ မဟုတ်ဘဲ စစ်တပ်ကချည်း သက်သက် အုပ်စိုးနေမှုကနေ အပြောင်းအလဲ တစုံတရာတော့ ရှိလာလိမ့်မယ်လို့ ယူဆကြ ပါတယ်။