သုံးရလွယ်ကူစေသည့် Link များ

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ သမ္မတ အိုဘားမား မကြာမီ လက်မှတ်ထိုးဖို့ရှိ


အမေရိကန် ပြည်ထောင်စုက ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာ ပြုပြင်ပြောင်းလဲမယ့် ဥပဒေမူကြမ်း တရပ်ကို အောက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီးတဲ့နောက် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မကြာခင် လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့ ရှိပါတယ်။

အထက်လွှတ်တော်က အတည်ပြုထားပြီးသားဖြစ်တဲ့ ဒီဥပဒေမူကြမ်းကို မနေ့နှောင်းပိုင်းကပဲ ဒီမိုကရက်ပါတီက အများစု ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ထောက်ခံမဲ ၂၁၉ မဲ၊ ကန့်ကွက်မဲ ၂၁၂ မဲနဲ့ ကပ်ပြီး မဲပေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ထဲမှာ လူနည်းစုဖြစ်တဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကတော့ တခဲနက် ဆန့်ကျင်ခဲ့ကြတာ ဖြစ်သလို ဒီမိုကရက်ပါတီက ၃၄ ယောက်ဟာလည်း ကန့်ကွက်မဲတွေ ပေးခဲ့ကြတာပါ။ အတိုက်အခံ ရီပတ်ဘလစ်ကန်တွေနဲ့ ၁ နှစ်လောက် အချေအတင် ဖြစ်နေခဲ့ရတဲ့ ဒီကိစ္စကို မနေ့တုန်းက မဲခွဲ အတည်ပြုနိုင်ခဲ့တာကို သမ္မတက ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။

ဒါဟာဆိုရင် နှစ်ပေါင်း ၄၀ အတွင်း အမေရိကန်နိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်မှာ အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းက ကျန်းမာရေး အာမခံ မရှိကြတဲ့ အမေရိကန် နိုင်ငံသား ၃၂ သန်းအတွက် အာမခံပေးမှာ ဖြစ်တာမို့ လူတိုင်း ကျန်းမာရေး အာမခံချက် ရှိစေမယ့် အဆင့်ကို ရောက်လာနိုင်မယ့် အခြေအနေနဲ့ နီးစပ်လာတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ကျောင်းသားတွေအတွက် မလိုအပ်ဘဲ သုံးစွဲနေရတာတွေ မဖြစ်ရစေဖို့နဲ့ ချို့တဲ့တဲ့ ကျောင်းသားတွေကို ထောက်ပံ့မှုတွေ ပိုပြီး တိုးပေးသွားနိုင်ဖို့ ကျောင်းသားတွေအတွက် ငွေချေးငှားတဲ့ စနစ်မှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှု တခုလုပ်ဖို့ အောက်လွှတ်တော် အမတ်တွေက မနေ့တုန်းကပဲ အတည်ပြုလိုက်ကြပါတယ်။

ကောလိပ်ကျောင်းသားတွေကို ငွေချေးတဲ့ ဘဏ်တွေကို ပြည်ထောင်စု အစိုးရက ပံ့ပိုးပေးနေတာတွေကို အဆုံးသတ်ပြီး အစိုးရကသာ ချေးငွေတွေကို ထုတ်ပေးသွားမယ့် အစီအစဉ်သစ်ကို အောက်လွှတ်တော်မှာ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG