သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဒေါ်စုနဲ့ တွေ့လို


ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စနဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့အတွက် နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ NLD က အာဏာပိုင်တွေကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ NLD အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ပုံမှန်အစည်းအဝေးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်း CEC တို့ကို အမြန်တွေ့ခွင့်ပေးဖို့ အထူးကြေညာချက် အမှတ် ၁ ဆိုပြီး အကြောင်းကြားစာ ထုတ်ပြန်ခဲ့တယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“နောက်ဆုံး ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတို့၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေတို့၊ လွှတ်တော်ဥပဒေတို့၊ အဲဒါတွေ ထွက်နေပြီ။ အဲဒါတွေ ထွက်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီတခု ဖြစ်တဲ့အတွက် ရှေ့လုပ်ငန်းစဉ် ချမှတ်နိုင်ဖို့ ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ အရင် CEC အဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါလို့ ထပ်မံအကြောင်းကြားစာ ဒီနေ့ ထုတ်ပါတယ်။”

တခါ ရွေးကောက်ပွဲ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စအတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကြားမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ သဘောထားတွေ ရှိပေမဲ့လည်း ဒီကနေ့ အစည်းအဝေးမှာ တတ်နိုင်သမျှ ညှိနှိုင်းဆွေးနွေးမှုတွေလည်း ရှိခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“တကယ်လို့ ဒီကြားထဲမှာ တွေ့ခွင့်မရဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ Message လည်း မရဘူးဆိုရင်တော့ ၂၉ ရက်နေ့က နဂိုက ဆုံးဖြတ်မယ့်၊ အဲဒီအစည်းအဝေးက ဆုံးဖြတ်မယ်လို့ ပြောထားတဲ့အတွက် လောလောဆယ်တော့ အဲဒီလုပ်ငန်း ဆက်လုပ်ဖို့ပါပဲ။ နောက် ၂၉ ရက်နေ့ စဉ်းစား ဆုံးဖြတ်ရမယ့် ပါတီ မှတ်ပုံတင်ဖို့၊ မတင်ဖို့ကိစ္စကို ဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့ နေရာမှာတော့ သဘောထား မတူတာကို အန်ကယ်တို့ နားလည်နိုင်တယ်။ သဘောထား တူချင်မှ တူမယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အားလုံး ညီညီညွတ်ညွတ်ဖြစ်ဖို့၊ ဒါကို ဦးတည်ပြီး အန်ကယ်တို့ ဆွေးနွေးခဲ့တယ်။”

လာမယ့် ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲ မှတ်ပုံတင်ရေး၊ မတင်ရေးအတွက် CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံတဝန်းက CC ပိုင်း တာဝန်ရှိသူတွေ ဆုံးဖြတ်ကြမယ့် ကိစ္စဟာလည်း အားလုံး အဆင်သင့်နီးပါး ဖြစ်နေပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါပေမဲ့ ၂၉ ရက်နေ့မှာကိုပဲ ဆုံးဖြတ်ချက် ချက်ချင်းထုတ်ပြန်နိုင်မလား ဆိုတာကတော့ အသေအချာ မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။

“အဆင်သင့်ဖြစ်ပြီ၊ လူတော့ အကုန်မရောက်သေးပါဘူး။ ကျနော်တို့က အဲဒီနေ့ရယ်လို့ ကျိန်းသေ မပြောနိုင်ဘူး။ အဲဒီနေ့ ဆွေးနွေးလို့ အချိန်ကုန်သွားရင်လည်း နောက်ရက်ပေါ့။ ဒါကြောင့် ၂၉ မှာ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် နောက်ရက် ကူးချင်လည်း ကူးမယ်။ ဒါကတော့ အခြေအနေပေါ်မှာ မူတည်ပြီး လုပ်သွားရမှာမို့လို့ပါ။”

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ခရိုင် တရားရုံးက ထောင်ဒဏ်ချထားတဲ့ အမိန့်အတွက် အထူးအယူခံဝင်ဖို့ ပြင်ဆင်မှုတွေ ရှိသလို ဧပြီလ ၆ ရက်နေ့ ရန်ကုန်တိုင်း တရားရုံးမှာ ရှိနေတဲ့ အမွေအမှုအပြင် အိမ်ပြင် ယာယီဝရမ်း အမိန့်ချဖို့တွေလည်း ရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီတပတ်အတွင်း တွေ့ဖို့ ခွင့်တောင်းထားတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG