သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မှတ်ပုံတင်ရေး ဒေါ်စု သဘောမတူပေမဲ့ ပါတီဆုံးဖြတ်ချက် လက်ခံမည်


စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ကန့်ကွက်လိုက်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီမိုကရေစီ နည်းလမ်းတကျ တိုင်ပင် ညှိနှိုင်းပြီး ဆုံးဖြတ်ကြရမှာသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒီနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ တရားမျှတမှု မရှိတဲ့ ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တာကို ဘယ်တော့မှ လက်မခံနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ပါရှိတဲ့ အချက်တွေဟာ တရားမျှတမှု မရှိတာကြောင့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ဗဟိုတရားရုံးချုပ်မှာ တရားစွဲဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဗဟိုတရားရုံးချုပ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဘာကြောင့် လက်မခံဘူးလဲဆိုတဲ့ အကြောင်းပြချက်ကို ဆက်လက် သိရှိရအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေပါ အချက်တွေထဲမှာ နစ်နာချက်တွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ဒီဥပဒေကို ထုတ်ပြန်လိုက်တဲ့ အာဏာပိုင်တွေကို တိုက်ရိုက် တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်ကတော့ အကြောင်းပြချက် မပေးဘဲ လက်မခံခဲ့ဘူးလို့ သူကိုယ်တိုင် သွားရောက် တရားစွဲဆိုဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

ဗဟိုတရားရုံးချုပ်လို့ ဆိုပေမဲ့ ဒီလိုတရားစွဲတဲ့ အမှုမျိုးကို လက်ခံနိုင်လောက်တဲ့ အခွင့်အာဏာ မရှိဘူးလို့ ပြောပြီး ပယ်ချလိုက်တဲ့ အကြောင်းကိုတော့ NLD ဥပဒေ အကြံပေးအဖွဲ့ဝင် တဦးက ပြောပြပါတယ်။

ဥပဒေကြောင်း အရရော နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းကြောင်းအရပါ မှတ်တမ်းတင်ရမယ့် သင်္ကေတအဖြစ် မှတ်ယူနိုင်မှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG