သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံရမှု AI အဖွဲ့ မလေးရှား အစိုးရကို ပြစ်တင်


မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို အစိုးရက ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြောဆိုလိုက်ပါတယ်။ အခြေခံ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေ၊ ခေါင်းပုံဖြတ်တာတွေ ခံနေရပေမဲ့ ဒါတွေကို ဟန့်တားနိုင်တဲ့ အခြေအနေ မရှိဘဲ ဖြစ်နေရတာလို့ ဆိုပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မလေးရှားမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ နီပေါနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေ အများအပြားရှိပြီး ဒီအလုပ်သမားတွေဟာ တနိုင်ငံလုံး အလုပ်သမား အရေအတွက်ရဲ့ ငါးပုံတစ်ပုံ ဖြစ်ပါတယ်။ ဒီအလုပ်သမားတွေဟာ အစိုးရရဲ့ အကာအကွယ်ပေးမှု မရဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာနေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေထဲက တချို့ဟာ တရားဝင် နေထိုင်ခွင့် မရှိကြတော့ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့က ဖမ်းဆီးပြီး ကြိမ်ဒဏ်အပေးခံရလို့ စိတ်အားငယ်ရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ရေးသားပြုစုသူ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး မိုက်ကယ် ဘိုဟင်းနစ် (Michael Bochenek) က မလေးရှားက မြန်မာအလုပ်သမားတွေ ကြုံနေရတဲ့ အခက်အခဲတွေကို အခုလို ပြောပါတယ်။

“မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများကြီး ရှိပါတယ်။ သူတို့ထဲက တချို့ဟာ လုပ်ခလစာ အပြည့်အ၀ မရကြပါဘူး။ ဒါ့အပြင် ညအချိန်မှာလည်း အချိန်ပို အလုပ်လုပ်ရပြီး အချိန်ပို အတွက်လည်း လုပ်ခလစာ မရကြပါဘူး။ အလုပ်သမားတွေ ထွက်မပြေးနိုင်အောင် အလုပ်ရှင်တွေက ပါ့စ်ပို့တ် (Passport) တွေကို သိမ်းထားတယ်။ ကိုယ်ထိလက်ရောက် စော်ကားမှုတွေလည်း ရှိတယ်။ မြန်မာတွေ တရားမဝင်နေလို့ ထိန်းသိမ်းခံရရင်လည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့လို့မရတော့ ထောင်ထဲမှာ အကန့်အသတ်မရှိ အချိန်အကြာကြီး နေရတယ်။”

ဒီလိုအခြေအနေတွေ ရှိတာကြောင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မလေးရှား အစိုးရကို အကြံပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။

“မလေးရှား အစိုးရ အနေနဲ့ ဒီပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့၊ သိသိသာသာ လုပ်ပေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသား အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မလေးရှားနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ကြပ်ကြပ်မတ်မတ် ကြီးကြပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားတဲ့ မြန်မာအလုပ်သမား အများစုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မလေးရှား အစိုးရမှာ တာဝန်ရှိတယ်။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ နှစ်ကုန်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မလေးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိတချို့ဟာ ထိုင်းနယ်စပ်ကို ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူဆီ ရောင်းစားမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောဆိုဖူးပါတယ်။

မလေးအာဏာပိုင်တွေက ဒုက္ခသည်တွေကို တတိယနိုင်ငံ တခုခုမှာ အခြေချခွင့် မရခင် တရားဝင် နေထိုင်ခွင့်နဲ့ ကျပန်းအလုပ် လုပ်ခွင့်ပေးမယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပေမဲ့ အခုချိန်ထိ ဒုက္ခသည်တွေ ဖမ်းဆီးခံနေရဆဲ ဖြစ်ပြီး UNHCR က လာထုတ်ပေးမှ ပြန်လည် လွတ်မြောက်လာကြပါတယ်။

တချိန်တည်းမှာပဲ မလေးရှား သမဂ္ဂ ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အကြီးတန်းအရာရှိ မစ္စတာ ကာတီရမ် (Mr. Katiram) ကလည်း ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အစိုးရမှာ တိကျတဲ့ ပေါ်လစီ မရှိဘူးလို့ ဆိုပါတယ်။

“အစိုးရက ပြီးစလွယ် ပေါ်လစီကို သုံးနေတာ။ သူတို့မှာ နိုင်ငံစီးပွားရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ပေါ်လစီကို မရှိပါဘူးလို့။” ပြောသွားတာ ဖြစ်ပါတယ်။

မလေးရှားမှာ ဥပဒေအရ တခြားတယောက်ယောက်ရဲ့ နိုင်ငံကူး လက်မှတ်ကို သိမ်းဆည်းခွင့် မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေကတော့ ဒီဥပဒေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ Burma Campaign Malaysia ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းထွန်းက ပြောပါတယ်။

“သို့သော်ငြားလည်း အလုပ်ရှင်ကြီးတွေက ကျနော်တို့ နိုင်ငံခြားသားတွေရဲ့ နိုင်ငံကူး လက်မှတ်တွေကို အကုန်လုံး သိမ်းထားတယ်။ အဲဒါကို မလေးရှား အစိုးရက သိတယ်။ ဘာလို့သိလဲဆိုရင် အခု အဖမ်းအဆီးတွေ လုပ်တဲ့အခါမှာ အလုပ်သမားတွေ အနေနဲ့ မူရင်း နိုင်ငံကူး လက်မှတ်ကို မပြနိုင်ဘူး၊ မိတ္တူဆွဲထားတဲ့ နိုင်ငံကူး လက်မှတ်နဲ့ မိတ္တူဆွဲထားတဲ့ အလုပ်လုပ်ခွင့် ခွင့်ပြုမိန့်ကိုပဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကို ပြသနိုင်တယ်။

“အမှန်ဆိုရင် အလုပ်သမားတယောက်ကို ဖမ်းလိုက်တဲ့အချိန်မှာ အလုပ်သမားက သူ့ရဲ့ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်ခွင့် စာရွက်ကို ပြရမှာ။ ဒါပေမဲ့ ဘယ်နိုင်ငံသားမှ မပြနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်တွေက ဥပဒေတွေကို ဆန့်ကျင်ပြီးတော့ အဲဒီ နိုင်ငံကူး လက်မှတ်တွေကို သိမ်းထားလို့ ဖြစ်တယ်။ အဲဒါကို အစိုးရက သိသိနဲ့ ဘာမှ အရေးမယူဘူး။”

မလေးရှားမှာ တရားဝင်ရော တရားမဝင်ပါ မြန်မာအလုပ်သမား ၅၀၀,၀၀၀ ကျော်လောက် ရှိတယ်လို့ အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပြီး မြန်မာသံရုံးရဲ့ စာရင်းအရတော့ တရားဝင် အလုပ်သမား ၁၃၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG