သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်နိုင်


မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်း ဖြစ်လာမယ့် မတည်ငြိမ်မှုတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့်ကိစ္စ ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်က ပြောလိုက်ပါတယ်။ မတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲတခု အပြီးမှာ ဗြိတိန်သံအမတ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအားလုံးက ဒီသဘောထားအတိုင်း ရှိနေကြတာတော့ မဟုတ်ပါဘူး။ အဲဒီ မတူကွဲပြားနေတဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မတ်လ ၂၄ ရက်နေ့က လုပ်ခဲ့တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambia) က မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာပါ။

ကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ကိစ္စကို ဗြိတိန်ဝန်ကြီးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ စာရေးသား တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို ဆွေးနွေးဖြစ်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဗြိတိန်နိုင်ငံရဲ့ သဘောထားကတော့ ရှင်းလင်း ပြတ်သားတယ်လို့ ဆိုရပါလိမ့်မယ်။

“အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြောင့် ဖြစ်လာမယ့် မတည်မငြိမ်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအစဉ်တွေထဲမှာ ထည့်သွင်း ဆွေးနွေးရေးဆိုတဲ့ ကိစ္စဟာ လုံးဝကို မှန်ကန်တဲ့ကိစ္စ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် ဆာ မာ့ခ် ဂရန့်တ် (Sir Mark Grant) ပြောသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပတာဟာ နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာပိုင်ကိစ္စ သက်သက်ပဲဖြစ်ပြီး ဒါကို လေးစားသင့်ကြောင်းနဲ့ မြန်မာနိုင်ငံ ကိစ္စဟာလည်း ဒီအချက်နဲ့ အကျုံးဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က ပြောတဲ့အပေါ် ဗြိတိန်သံအမတ်က အခုလို တုံ့ပြန် ပြောကြားသွားတာပါ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ဝေဖန်ပြောဆိုဖို့၊ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ဖို့တွေမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍ မရှိဘူးလို့ တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကတော့ မိမိတို့အနေနဲ့ ဒါကို သဘောမတူကြောင်း၊ မြန်မာ့အရေးဟာ လုံခြုံရေးကောင်စီရဲ့ ဆွေးနွေးရမယ့် အစီအစဉ်တွေထဲမှာ ရှိနေကြောင်း၊ ဆွေးနွေးတာလည်း ရှိခဲ့ကြောင်း၊ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းထုတ်ပြန်ချက်တွေ ရှိခဲ့ဖူးကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်တာကြောင့် ဒီလိုနိုင်ငံမျိုးမှာ ရွေးကောက်ပွဲတွေ ကျင်းပရတဲ့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူးလို့လည်း တရုတ်သံအမတ်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အထောက်အကူ ပြုစေမယ့် အပြုသဘောဆောင်ပြီး ခိုင်မာ အားကောင်းတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး ဖန်တည်းနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂတို့က ကူညီ လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် လီ ဘောင်ဒေါင်း (Li Baodong) ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အဆင့်ထိ ရောက်နေဖွယ်ရှိပြီး နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) မှာ တင်ပြီး စစ်ဆေးဖို့ အထောက်အထား အခိုင်အလုံ ရှိတယ်လို့ သူယုံကြည်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အစီရင်ခံ တင်ပြထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံတခု မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တဆင့်သာ ဒီကိစ္စကို လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလိုကိစ္စမျိုး ဖြစ်လာဖို့ လုံခြုံရေးကောင်စီထဲမှာ လုံလောက်တဲ့ သဘောတူညီချက် ရှိတယ်လို့ သူ မထင်ကြောင်း ဗြိတိန်သံအမတ်က ပြောပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီကိစ္စမျိုးကို ထောက်ခံမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မာ့ခ် ဂရန့်တ်က ပြောသွားပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ယာယီ အကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားက လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြခဲ့တာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် လျှောက်ထားတာကို ပယ်ချလိုက်တဲ့ကိစ္စ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာကိစ္စ၊ မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာခဲ့တဲ့ ရွေးကောက်ပွဲဥပဒေ ၅ ခုကိစ္စတို့ ဖြစ်တယ်လို့ ဗြိတိန်သံအမတ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ပြီးကတည်းက ဆိုရင် အခုတကြိမ်ဟာ ပထမဆုံး ပြန်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

မတ်လ ၂၅ ရက်၊ ကြာသပတေးနေ့ကျရင်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေး ကျင်းပဖို့ အတွင်းရေးမှူးချုပ်က အကြောင်းကြား ခေါ်ယူထားပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေး၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအများအပြားက မြန်မာ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကို ဖော်ပြ ပြောဆိုခဲ့ကြတယ်လို့ ဗြိတိန်သံအမတ်က ပြောပါတယ်။ ဒါပေမဲ့လည်း ကောင်စီထဲမှာကိုက မြန်မာ့အရေးအပေါ် သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ပြဿနာတွေ ပြေလည်သွားအောင် လုံခြုံရေးကောင်စီက တကယ်တမ်း ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်နိုင်မှာလား ဆိုတာကတော့ ခုချိန်ထိ အဖြေမထွက်သေးတဲ့ မေးခွန်းတခုအဖြစ်ပဲ ဆက်ရှိနေပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG