သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဦးစိန်ဝင်း NLD, ရွေးကောက်ပွဲတို့ကို သုံးသပ်ဝေဖန်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကို ဦးကျော်ဇံသာ ဆက်သွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဒီလို အခြေအနေမှာ ဘာတွေလုပ်သင့်၊ သူ့ရဲ့ NLD နဲ့ ရွေးကောက်ပွဲ အပေါ်ထားရှိတဲ့ အမြင်တွေကို ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေကို လူတော်တော်များများ လက်မခံကြပါဘူး။ ဒီတကြိမ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု တခဲနက်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဘယ်လို ဆုံးဖြတ် သင့်တယ်လို့ ဆရာထင်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ဘယ်လို ဆုံးဖြတ်သင့်တယ်ဆိုတာကိုတော့ ကျနော့် အလုပ်မဟုတ်တဲ့အတွက် ကျနော် မပြောနိုင်ပါဘူး။ ကျနော်က ဘယ်လို ဆုံးဖြတ်သင့်တယ် ထင်သလဲဆိုတဲ့ အမေးကိုတော့ ဖြေလို့ရတယ်။ အနှစ် (၂၀) လုံးလုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်လာတဲ့ လူတယောက်အနေနဲ့ အနှစ် (၂၀) လုံး NLD လုပ်ခဲ့တာက အစိုးရ စိတ်ဆိုးမယ့်ကိစ္စ၊ အစိုးရမကြိုက်တဲ့ ကိစ္စတွေ သူဘာမှ မလုပ်ဘူး။ အစိုးရ လုပ်စေချင်တာပဲ လုပ်မယ်ဆိုပြီး သူက ရပ်တည်ခဲ့တာ။ အဲဒါကြောင့် အခုလည်း အစိုးရ လုပ်စေချင်တဲ့အတိုင်း သူ့ပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ဝင်မယ် လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာရဲ့ ယူဆချက်က ရွေးကောက်ပွဲ မဝင်ချင်ဘူးလို့ ထင်ပါသလား။

ဦးစိန်ဝင်း ။ ။ ဝင်သင့်မဝင်သင့်လို့ ကျနော်က မပြောချင်ဘူး။ ကျနော်မှာ သူကိုပြောပိုင်ခွင့် မရှိဘူး။ သတင်းသမား တယောက်အနေနဲ့က ဖြစ်ပျက်နေတဲ့ သတင်းတွေပေါ်မှာ ကျနော်က ဝေဖန်သုံးသပ်တာပဲ လုပ်နိုင်တယ်။ သူအနေနဲ့ ဝင်လိမ့်မယ်လို့ပဲ ကျနော်က ပြောတယ်။ ရွေးကောက်ပွဲဝင်တဲ့ လူတွေကိုလည်း ကျနော်က မှားတယ်၊ မှန်တယ်လို့ ကျနော့်မှာ ပြောပိုင်ခွင့် မရှိဘူး။ ဒါလူတဦးချင်းဆီရဲ့ ကိုယ်ပိုင် လွတ်လပ်စွာဆုံးဖြတ်ခွင့် ဖြစ်တယ်။ အဲဒါကြောင့် ကျနော်က ဘယ်ပါတီကိုမှ ရွေးကောက်ပွဲဝင်လို့ အပြစ်မတင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဆရာက NLD ကို စစ်အစိုးရ အကြိုက် လိုက်လုပ်တယ်ဆိုတဲ့အချက်ကိုတော့ ထောက်ပြ ဝေဖန် တယ်။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ်။ ဒါက ကျနော်တို့ သတင်းသမားရဲ့အလုပ်။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရက NLD ကို ရွေးကောက်ပွဲ ဝင်စေချင်တယ်လို့ ထင်ပါသလား။ တကယ်တော့ NLD မဝင်လေ ကောင်းလေ။ စစ်အစိုးရက သူတို့ လိုချင်တဲ့လူတွေက NLD မပါရင် နိုင်မယ်လို့ တမင် ဒီလို အကွက်ဆင်တယ်လို့ မဖြစ်နိုင် ဘူးလား။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ အဲဒီလို မယူဆဘူး။ NLD ကို အစိုးရကိုယ်တိုင်ကလည်း ဝင်စေချင်တယ်လို့ ကျနော် ယူဆ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရက ဒီနေ့အစိုးရက ပိုက်ဆံလည်း မလိုဘူး၊ ရာထူးအာဏာလည်း လက်ရှိဖြစ်တယ်။ သူမှာ upper hand စင်ပေါ်ကလူဘဲ။ သူလိုချင်တာ တခုပဲရှိတယ်။ Legitimacy ပဲ သူလိုချင်တယ်။ အဲဒီ တရားဝင် ဖြစ်တည်မှု legitimacy ရဖို့အတွက်ဆိုရင် NLD ရွေးကောက်ပွဲဝင်ဖို့ လိုပါတယ်။ NLD ရွေးကောက်ပွဲ မဝင်ဘူးဆိုရင် ကမ္ဘာ တခုလုံးလည်း အသိအမှတ်ပြုကြမှာ မဟုတ်ဘူး။ သူလိုချင်တဲ့ legitimacy ကို ရမှာ မဟုတ်ဘူး။ ဒါကြောင့် အစိုးရကတော့ ရွေးကောက်ပွဲ ဝင်စေချင်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD ရွေးကောက်ပွဲဝင်လို့ ၁၉၉၀ ရွေးကောက်ပွဲလို ပြန်လည်းအနိုင်ရခဲ့ရင် ဒီ ဖွဲ့စည်းပုံကို သူတို့ ပြုပြင် နိုင်စရာ အကြောင်းမရှိဘူးလား။

ဦးစိန်ဝင်း ။ ။ မရှိဘူးခင်များ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲထားတာကိုက ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ချင်လို့ရှိရင် ၇၅% အထက် ထောက်ခံမှ ရမယ်။ စစ်တပ်က ၂၅% အမာခံ ရှိနေပြီဖြစ်တယ်။ တခြား သူ့ကို ထောက်ခံမယ့် ကြံဖွံ့တို့လို၊ သူရဲ့ cronies စီးပွားရေးသမားတွေကလည်း ဝင်အရွေးခံကြဦးမှာဆိုတော့ ဘယ်လိုမှ ပြင်ဆင် လို့ ရနိုင်စရာအကြောင်း မရှိပါဘူး။ နောက်တချက်က NLD ရွေးကောက်ပွဲဝင်ရင်လည်း ကျနော်က နိုင်မယ်လို့ မထင်ဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တကယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ အဓိကရပ်တည်နေတယ်ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဝင်မယ်မဝင်ဘူး ပြတ်ပြတ်သားသား ပြောကြားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ အခု ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတာကို ဆရာ ဘယ်လို ပြောလိုပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့ ရပ်တည်ရေး အတွက် နောက်ဆုံးအဆင့်ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အ၀ တာဝန် ရှိတယ် လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေ က ဆုံးဖြတ်လိုက်မယ်ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံး၀ အယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန်နေကြပါပြီ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင်ပြီး ဆုံးဖြတ်သင့်တယ်ပေါ့။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ရပါမယ်။ သူ ဆုံးဖြတ်မှ ပြည်သူလူထုက လက်ခံမှာ။ NLD အောက်ခြေတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်ဆိုရင်တော့ ဘာမဆိုလက်ခံမှာပဲ။ အခုရှိနေတဲ့ CEC (Central Executive Committee) တွေ၊ CC (Central Committee) တွေကို ပြည်သူလူထုက အယုံအကြည် မရှိပါဘူး။ NLD အောက်ခြေတွေကလည်း အယုံအကြည် မရှိပါဘူး။ ဒါကြောင့်မို့ သူတို့ဆုံးဖြတ်ချက်နဲ့လည်း မပြီးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီတခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သူမှာ ဘာအခက်အခဲတွေရှိနေလို့ သူ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ပါတီက ဆုံးဖြတ်ပါလို့ ပြောသလဲ။ ဆရာ ဘယ်လိုတွက်ပါသလဲ။

ဦးစိန်ဝင်း ။ ။ သူကတော့ ပါတီဝင် ကောင်းတယောက်အနေနဲ့ ပါတီအများစု ဆုံးဖြတ်တာကို နာခံမယ်ဆိုတဲ့ ပါတီဝင် ကောင်း တယောက်ရဲ့ ကျင့်ဝတ်ကို ပြချင်တာလို့ ကျနော်ယူဆပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ဒီလို လုပ်လို့ မရ တော့ဘူး။ သူကိုယ်တိုင် အတိအကျဝင်ပြီး ဆုံးဖြတ်မှ ဖြစ်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်တို့ အရှေ့ကို နည်းနည်းမျှော်ကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ မဝင်ဘူးဆိုရင် ပါတီက ဖျက်သိမ်းခံရမယ့် အခြေအနေရှိပါတယ်။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူကို ဘယ်လို ဦးဆောင်ပြီးတော့ နိုင်ငံရေး ရှေ့တိုးအောင်လုပ်နိုင်မယ့် အလားအလာရှိပါသလဲ။

ဦးစိန်ဝင်း ။ ။ ဗမာနိုင်ငံရေး လှုပ်ရှားမှုမှာ အနှစ် (၂၀) ကာလမှာ NLD က မရှိသလိုပါဘဲ။ NLD ရှိနေတယ်လို့ကို ပြည်သူ လူထုက မသိဘူး။ ပြည်တွင်းမှာ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ တိုက်ပွဲတွေဖြစ်နေတယ်၊ ကိုးကန့်တွေ အတိုက်ခံ ရတယ်။ ဒါလည်း NLD က သူနဲ့မဆိုင်သလို နေတာပဲ။ ခလေးစစ်သားတွေ မိဘရင်ခွင်ကခေါ်ပြီး စစ်သားတွေလုပ်ခိုင်းတယ်။ ဒါကို လည်း NLD က မသိသလို နေတာပဲ။ လယ်သမားတွေရဲ့ လယ်တွေကို အသိမ်းခံရပြီးတော့ လယ်သမားတွေ ထောင်ကျ တယ်။ ဒါကိုလည်း NLD က မသိသလို နေတာပဲ။ အခုလည်း အလုပ်သမားဆန္ဒပြပွဲတွေကိစ္စတွေလည်း NLD က သူနဲ့ မဆိုင်သလို နေတာပဲ။ အဲဒီတော့ NLD ရှိခြင်း မရှိခြင်းက ဗမာနိုင်ငံရေး ဖြစ်စဉ်မှာ အခုအချိန်မှာ ဘာမှ အရေးမပါတော့ ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ကျနော်တို့ သတင်းသမားတွေ၊ မီဒီယာသမားတွေက NLD ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ လူတချို့ရဲ့ ပြောကြားဝေဖန်မှုကို ထင်ဟပ်ပြီးတော့ အဲဒီလိုဖော်ပြတဲ့အခါတိုင်း ကျနော်တို့ကို တချို့က ပြန်ပြောကြပါတယ်။ NLD ရပ်တည်ရေး သိပ်အရေးကြီးတာကို ခင်ဗျားတို့ နားမလည်ဘူးလား၊ ဒီအချိန်မှာ ခင်ဗျားတို့ ဒီစကားပြောရ ကောင်းမလားဆိုပြီး အမြဲတမ်း ဝေဖန်တာ ခံရပါတယ်။ ဒီလိုလူတွေကို ဘယ်လိုတုံ့ပြန် ရှင်းပြသင့်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော် အခုနပြောသလိုပါဘဲ။ နိုင်ငံရေးမပါဘဲနဲ့ ရပ်တည်နေတယ်ဆိုတာ အသက်မရှိတဲ့ လူသေကောင်ကြီး ပါပဲ။ ဘာမှ မထူးပါဘူး။ အရေးကြီးတာက ရပ်တည်ဖို့ မဟုတ်ဘူး။ နိုင်ငံရေးပဲ။ အခု အနှစ် (၂၀) အတွင်း NLD က ဘာမှ မလုပ်ပါဘူး။ ကျနော် တလောကပြောခဲ့သလို ပဲခူးက ဦးအေးမြင့်လို့ လူပုဂ္ဂိုလ် တဦးတယောက်လောက်တောင် NLD က တိုင်းပြည်အကျိုးကို မသယ်ပိုးခဲ့ပါဘူး။ နောက်တခါ မဖြူဖြူသင်း လို အမျိုးသမီးတယောက်လို လူတွေရဲ့ ဒုက္ခတွေကို ကယ်တင်ပေးခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါကြောင့် NLD က တည်ရှိနေတာကို ပြည်သူလူထုက သိကို မသိတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ NLD ကို တကယ်လို့ ရွေးကောက်ပွဲ မဝင်လို့ ဖျက်သိမ်းခံရရင် NLDရဲ့ အခန်းကဏ္ဍ လုံး၀ ချုပ်ငြိမ်း သွား ပြီလို့ ဆိုရမှာပေါ့။

ဦးစိန်ဝင်း ။ ။ NLD ကတော့ ချုပ်ငြိမ်းသွားတယ်လို့ ပြောလို့မရဘူး။ အခုလက်ရှိ ရှိနေတဲ့ CEC ဒီပုဂ္ဂိုလ်တွေကတော့ ချုပ်ငြိမ်းသွားမှာပဲ။ သူတို့ရဲ့ နိဂုံးပဲ ဖြစ်သွားမယ်။ နိုင်ငံရေး ရှိနေသရွေ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့ ကာလပတ်လုံး NLD ကတော့ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က ခွဲလို့မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ရှိနေမယ့် သဘောပေါ့။

ဦးစိန်ဝင်း ။ ။ ဟုတ်ပါတယ်။ ကျနော် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်မှတပါး ဒီနေ့ ဗမာပြည်သူလူထုကို ဦးဆောင်နိုင်တဲ့လူ၊ ဒေါ်အောင်ဆန်းစုကြည်မှတပါး တပ်မတော် နဲ့ ပြည်သူလူထုကို ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်တဲ့လူ ဗမာပြည်မှာ ဘယ်သူမှ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ တချို့က NLD သာ အဲဒီလို တရားဝင်ရပ်တည်ခွင့် မရတော့ရင် NLD အနေနဲ့ underground သွားရလိမ့် မယ်။ တနည်းအားဖြင့် လျှို့ဝှက်လုပ်ငန်းတွေ၊ မြေအောက်လုပ်ငန်းတွေနဲ့ လှုပ်ရှားရမယ်လို့ ဆိုကြပါတယ်။ အဲဒီကိစ္စမှာ အကြမ်းဖက်တဲ့ကိစ္စတွေများပါလာခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် မူဝါဒနဲ့ လုံးဝဆန့်ကျင် နေတာပေါ့။

ဦးစိန်ဝင်း ။ ။ NLD ကို အဲဒီလို ဇွတ်အတင်းမြေအောက် တွန်းပို့တဲ့ အပြောအဆိုမျိုးတွေကိုတော့ ကျနော်က ရှောင်ကျဉ်စေ ချင်တယ်။ ပါတီမှတ်ပုံတင် မရှိတာနဲ့ မြေအောက်ကိုရောက်သွားတာမျိုးက မဖြစ်နိုင်ပါဘူး။ ၈၈ မျိုးဆက်သစ် ကျောင်းသား များ သူတို့မှာ ပါတီလည်း မရှိပါဘူး။ မရှိပေမဲ့ သူတို့ဟာ တရားဝင် ရပ်တည်ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်သွားကြ တာပါပဲ။ အဲဒီတော့ ပါတီမှတ်ပုံမတင်တာနဲ့ မြေအောက်ရောက်သွား၊ လက်နက်ကိုင် တိုက်ပွဲတွေဆင်နွှဲလိမ့်မယ် ဆိုတာမျိုး မျှော်မှန်းတာမျိုးတွေ မပြောစေချင်ဘူး။ အဲဒါဆိုရင် ၁၉၄၇ ခုနှစ်က ကွန်မြူနစ်တွေကို ဖဆပလ ဆိုရှယ်လစ်တွေက တောထဲကို မောင်းထုတ်လိုက်သလိုမျိုး NLD ကို မောင်းထုတ်သလို ဖြစ်သွားပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG