မြန်မာနိုင်ငံတွင်း အစိုးရ အရာရှိတွေအကြား သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေးအတွက် ကုလသမဂ္ဂကနေ ကူညီ သင်တန်းပေးသွားဖို့ ရှိနေပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဆိုရင် သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာရပ်တွေ အသုံးချနိုင်ရေးဟာ အရေးကြီးတာကြောင့် အခုလို အကူအညီ ပေးနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒီအစီအစဉ်ဟာ အာရှ၊ ပစိဖိတ် ဒေသအတွင်း အခြားနိုင်ငံ အတော်များများမှာ ဆောင်ရွက်ခဲ့ပြီးပေမဲ့ မြန်မာနိုင်ငံမှာတော့ အခုမှစပြီး သင်တန်းတွေ ပေးမှာပါ။ ESCAP လို့ အတိုကောက်ခေါ်တဲ့ ကုလသမဂ္ဂရဲ့ အာရှ၊ ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်ရုံး လက်အောက်ခံ UN APCICT ခေါ်တဲ့ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးရေးဌာနကနေ အဓိက တာဝန်ယူ ဆောင်ရွက်တဲ့လုပ်ငန်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ လက်ရှိအားဖြင့် မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေး အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် အဓိက ရည်မှန်းတာကတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သတင်းဆက်သွယ်ရေး နည်းပညာဟာ အခုနောက်ပိုင်း မရှိမဖြစ်ဆိုတာ အစိုးရ အရာရှိတွေအကြား သဘောပေါက်လာစေရေး ဖြစ်တယ်လို့ UN APCICT ရဲ့ ညွှန်ကြားရေးမှူး ရှန် ဆု ရီရ်း (Hyeun-Suk Rhee) က ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြပါတယ်။
“အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ကျမတို့အဖွဲ့ တာဝန်ပိုင်းက သတင်းဆက်သွယ်ရေး နည်းပညာပိုင်း တိုးတက် ဖွံ့ဖြိုးလာရေးအတွက် ဆောင်ရွက်ဖို့ပါ။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ လူမှုဖွံ့ဖြိုးရေး နယ်ပယ်မှာ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး လူသား အရင်းအမြစ်ဆိုင်ရာ အဖွဲ့အစည်း လုပ်ငန်းတွေ တိုးတက်လာရေး အတွက်ပါ။ ဒါကြောင့် APCICT အနေနဲ့ သတင်းဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေ ပေးနေပါတယ်။
“ခေါ်တာကတော့ အစိုးရပိုင်း ခေါင်းဆောင်တွေအတွက် အိုင်စီတီ နည်းပညာ လိုအပ်ချက် အကယ်ဒမီ အစီအစဉ်တွေလို့ သုံးနှုန်း ခေါ်ဆိုပါတယ်။ ဖွံ့ဖြိုးရေးနဲ့ သတင်းဆက်သွယ်ရေး နည်းပညာတွေ ဆက်စပ်နေတယ် ဆိုတာကို အစိုးရ အရာရှိပိုင်းတွေ နားလည် သဘောပေါက်လာအောင် ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်ကို အာရှ၊ ပစိဖိတ်ဒေသ နိုင်ငံအတော်များများမှာ လုပ်ခဲ့ပြီးပါပြီ။ အခု မြန်မာနိုင်ငံမှာ စလုပ်တာပါ။”
ပထမဆုံး သင်တန်းကိုတော့ အခုလာမယ့် မတ်လ ၂၉ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ နေပြည်တော်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အစိုးရ အရာရှိပိုင်းတွေကို အဓိက ဦးတည်ထား သင်တန်းပေးသွားမှာ ဖြစ်တယ်လို့ ရှန် ဆု ရီရ်းက ပြောပါတယ်။
“မြန်မာနိုင်ငံထဲမှာရှိတဲ့ ပြည်သူလူထု ၀န်ဆောင်မှု လုပ်ငန်းတွေက အစိုးရ အရာရှိတွေကို သင်တန်းပို့ချသွားမှာပါ။ အစကနဦး ဖွင့်တဲ့ ဆွေးနွေးပွဲမှာတော့ ၀န်ကြီးဌာန အသီးသီးက ကိုယ်စားလှယ်တွေ လာမယ်လို့ မျှော်လင့်ပါတယ်။ နောက် တက္ကသိုလ်က တာဝန်ရှိသူတွေလည်း လာပါလိမ့်မယ်။ ဒီအစီအစဉ်မှာ ဆရာဖြစ် သင်တန်းတွေလည်း ပို့ချသွားဖို့ ရှိတယ်ဆိုတော့ ဒီသင်တန်းအပြီးမှာ နောက်ထပ် သူတို့ဘာသာ ဆက်ပြီး သင်တန်းတွေ လုပ်သွားနိုင်မှာပါ။”
ဒီသင်တန်းဟာ နည်းပညာပိုင်းကို အဓိကထားမှာ မဟုတ်ဘဲ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ ဆိုတာ ဘာလဲ၊ ဘယ်လို အသုံးပြုနိုင်သလဲ၊ နောက်ပြီး သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ မူဝါဒတွေ ဘယ်လိုချမှတ်မလဲ၊ စတဲ့အချက်တွေ သိရှိနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။
“အစိုးရ အရာရှိပိုင်း အနေနဲ့ သတင်းဆက်သွယ်ရေး နည်းပညာပိုင်းနဲ့ ပတ်သက်လို့ အခြားတိုင်းပြည်တွေက ဘယ်လို အသုံးပြုနေသလဲ၊ ကိုယ်တိုင်လည်း ဘယ်လို အသုံးချနိုင်သလဲ၊ ဒါတွေကို သဘောပေါက် နားလည်လာမှာပါ။ အစိုးရချင်း ဆက်သွယ်ရေး၊ အစိုးရနဲ့ လူထုကြား ဆက်သွယ်ရေးတွေအပြင် အကြီးစားနဲ့ အသေးစား လုပ်ငန်းတွေအတွက် ဘယ်လို အထောက်အကူ ဖြစ်သလဲ ဆိုတာတွေလည်း သိကြမှာပါ။”
လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင်း အစိုးရဌာန အများစုမှာ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာရပ်တွေ အသုံးပြုနိုင်မှု အားနည်းနေတုန်းပါ။ ပုဂ္ဂလိက လုပ်ငန်းပိုင်းတွေမှာတော့ အသုံးများတယ် ဆိုပေမဲ့ အစိုးရဘက်က အကန့်အသတ်တွေတော့ ခံနေရဆဲပါ။ ဒါပေမဲ့ အစိုးရ ၀န်ကြီးဌာနတွေ အကြား ဖန်ကြိုးမျှင် ကွန်ယက်တွေ ထားနိုင်ဖို့ ပြင်ဦးလွင်မြို့ အနီးမှာ ရတနာပုံ ဆိုက်ဘာစီးတီး ဆိုတဲ့ အစိုးရ စီမံချက် တခုတော့ ရည်မှန်းထားတာ ရှိပါတယ်။
UNAPCICT အနေနဲ့ကတော့ ဒီသင်တန်းတွေ နောက်ပိုင်းမှာ မြန်မာအာဏာပိုင်တွေနဲ့ သတင်းနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးပွဲတွေ လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလို ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းမျိုးမှာ ကုလသမဂ္ဂဘက်ကလည်း ပူပေါင်းကူညီနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောသွားပါတယ်။