သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ဖို့ NLD လူငယ်တွေအကြံပြု


အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုအနေနဲ့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံ ကန့်ကွက်လိုက်ကြပြီး ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ဒီကနေ့ ကျင်းပခဲ့တဲ့ တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲမှာ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် စည်းဝေးပွဲကို တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အထဲက ၁၁ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။ ရန်ကုန်က အဖွဲ့ချုပ်ဌာနချုပ်မှာကျင်းပခဲ့တဲ့ အဲဒီစည်းဝေးပွဲကို ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးတက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။

"အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် မရှိတဲ့အခါမှာ ကျနော်က နည်းနည်းပါးပါး သွားပြီးတော့ လူငယ်တွေကို ကြီးကြပ်ပေးရတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားပေါ့လေ။ အဲဒီမှာက ကလေးတွေက အားလုံး လူ ၈၀ နဲ့ ၁၀၀ နီးပါးလောက် ရှိမှာပေါ့လေ။ တိုင်းနဲ့ပြည်နယ် ၁၁ ခုက လာကြတာပါ။ ၁၁ ခုက ကိုယ်စားလှယ်တွေပေါ့လေ။ သူတို့က ဒီကိုမလာခင်မှာ မြို့နယ်အသီးသီးက ဒီမိုကရေစီမူအရ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့ သက်ဆိုင်ရာတိုင်းမှာ သူတို့ ဆုံလိုက်တယ်ပေါ့ဗျာ။ တိုင်းမှာဆုံလိုက်ပြီးတော့ အဲဒီတိုင်းကနေပြီးတော့ သဘောထားတွေဘာတွေပေါ့။ တိုင်းမှာဆုံပြီးတော့ သူတို့ စည်းရုံးရေး အခြေအနေတို့ဘာတွေ စသဖြင့် ဆွေးနွေးပြီးတဲ့နောက် သူတို့ဆီက ဘယ်လိုဘယ်လို တင်ပြမယ်ဆိုတဲ့ အချက်ကလေးတွေ ယူပြီးတော့ သူတို့ကိုယ်စားလှယ်အဖွဲ့တွေ လာကြတာပေါ့ဗျာ။"

ဒီကနေ့ကျင်းပတဲ့ တိုင်းနဲ့ပြည်နယ် စည်းဝေးပွဲအတွင်း လူငယ်အဖွဲ့ဝင်တွေချမှတ်ခဲ့ကြတဲ့ ဆုံးဖြတ်ချက် ၆ ချက်ကိုတော့ ရန်ကုန်တိုင်းကို ကိုယ်စားပြုတက်ရောက်ခဲ့တဲ့ လူငယ်အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ကျမတို့ ဒီကနေ့ တိုင်းနဲ့ပြည်နယ်မှာ အစည်းအဝေးဆုံးဖြတ်ချက် ၆ ချက် ချတယ်ရှင့်။ ပထမတချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်ထုအနေနဲ့ နအဖ ကထုတ်ပြန်တဲ့ ကော်မရှင်ဥပဒေကို လက်မခံသဖြင့် မှတ်ပုံမတင်ကြောင်း၊ နံပါတ် (၂) အချက်ကတော့ ရွှေဂုံတိုင် ကြေညာချက်အတိုင်းပဲ ရပ်တည်သွားမယ် ဆိုတဲ့အကြောင်းရယ်၊ နံပါတ် (၃) အချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်မူအတိုင်းကိုသွားရန် ဆုံးဖြတ်တယ်။ နံပါတ် (၄) အချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁/၀၃၁၀) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစည်းအဝေးတရပ် ပြုလုပ်ပြီးတော့ ရရှိလာတဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်။ နံပါတ် (၅) အချက်ကတော့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့မှာ လူငယ်ကိုယ်စားပြု ၅ ဦးကို တာဝန်ပေးအပ်ရန် တောင်းဆိုတယ်။ နံပါတ် (၆) အချက်ကတော့ လူငယ်ရေးရာတာဝန်ခံ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ရဲ့အစား ဒုဥက္ကဌ အဘ ဦးတင်ဦးကို လူငယ်ထုကို ကြီးကြပ်ပေးရန် လူငယ်ထုကနေ တောင်းဆိုတယ်။ အဲဒီအချက် ၆ ချက်ပါပဲရှင့်။"

အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦး ပြောပြသွားတာပါ။

လူငယ်အဖွဲ့ဝင်တွေချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို သဘာပတိတယောက်အနေနဲ့ တက်ရောက်နားထောင်ခဲ့ပြီး လာမယ့် မတ်လ ၂၉ ရက်၊ တနင်္လာနေ့မှာကျင်းပမယ့် ပါတီဗဟိုဦးစီးစည်းဝေးပွဲမှာ လူငယ်ကိုယ်စားလှယ်တွေ တက်ရောက် တင်ပြဖို့ သဘောတူခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ အဲဒီ ၂၉ ရက်နေ့ ကျင်းပမယ့် ဗဟိုဦးစီး စည်းဝေးပွဲကို နဂိုက လူငယ် ကိုယ်စားလှယ် ၃ ဦးသာ တက်ရောက်ဖို့ သဘောတူထားပေမဲ့ အမျိုးသမီးကိုယ်စားလှယ်တွေပါ တက်ရောက်ခွင့်ရနိုင်အောင် နောက်ထပ် ၂ ဦး ထပ်တိုးပြီး စုစုပေါင်း ၅ ဦးတက်ရောက်ခွင့်ပြုဖို့ သဘောတူခဲ့ကြပါတယ်။

မတ်လ ၂၉ ရက်နေ့ကျင်းပမယ့် ဗဟိုဦးစီး စည်းဝေးပွဲမှာ ပါတီ မှတ်ပုံတင်ရေး မတင်ရေးကိစ္စကို ပြေလည်အောင် အဓိကထား ဦးစားပေးပြီး ဆွေးနွေးသွားမယ့်အကြောင်း ဦးတင်ဦးက ပြောပါတယ်။

"မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတဲ့ကိစ္စပါပဲ။ ကျန်တာတွေကတော့ အရေးတကြီးကတော့ သိပ်ပြီးမရှိလှပါဘူး။ အဲဒီမှာ တကယ်လို့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာလည်း ကျနော်လည်းပဲ မပြောနိုင်သေးဘူးပေါ့ဗျာ။ အဲဒီတော့ အဲဒီနေ့ကျမှာပဲ ထိုင်ပြီးတော့ လုပ်ပုံလုပ်နည်းလေးတွေကို ထပ်ပြီးတော့ ညှိရဦးမှာပေါ့။ အချိန်လည်း သိပ်မကြာရအောင်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လျှောက်ပြီးတော့ အကုန်လုံးပြောနေလည်း ဒီကိစ္စတွေက pros and cons တွေက ရှိကြတာပေါ့။ ဆိုတော့ ပြောကြရမယ်ဆိုတာကိုတော့ ဒီမှာ အလုပ်အမှုဆောင်အဖွဲ့တွေမှာလည်း တော်တော်များများလည်း ပြောပြီးပြီ။ သူတို့လည်းပဲ အပြင်လောကမှာ ပြည်သူလူထုတွေရဲ့ အသံဗလံတွေလည်း သူတို့ ကြားတန်တာကြားကြပြီ။ ပြီးတော့ အပြင် မီဒီယာတွေကနေပြီးတော့ အပြင်မှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောသဘာဝကိုလည်းပဲ ပြောတာတွေလည်း ကျနော်တို့ ကြားတန်သလောက်ကြားနေပြီ ဖြစ်တယ်လေ။ အဲဒီ ၂၉ ရက်နေ့ကျမှာပဲ ဘယ်လိုဘယ်ပုံဘယ်နည်း လုပ်မလဲ ဆိုတာကို ကျနော်တို့ ပုံပေါ်လာမှာပဲလေ။ အဲဒီတော့ ၂၉ ရက်နေ့၊ ၃၀ ရက်နေ့လောက်ကတော့ဖြင့် ၂၉ ရက်နေ့မှာလည်း အဖြေသိချင်ရင် သိမယ်ပေါ့ဗျာ။ ဒါမှမဟုတ် ဆက်ပြီးတော့ နည်းနည်းရှိရင်လည်းပဲ ၃၀ ရက်နေ့လောက်ကတော့ သိနိုင်ဖွယ်ရာ ရှိတယ်ပေါ့။ ဒီအချိန်လောက်မှာတော့ တခုခုတော့ ကျနော်တို့က အဖြေတော့ ပေါ်အောင်လုပ်ရမယ့်သဘော ရှိတယ်လေ။ သို့သော်လည်း အဲဒါနဲ့ပတ်သက်ပြီးတော့ ဆက်ပြီးတော့ ဆွေးနွေးတာတို့ဘာတို့ ပေါ်လာရင်တော့လည်း မပြောတတ်ဘူးပေါ့ဗျာ။"

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာပါ။ စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်းမရှိတာကြောင့် ပါတီမှတ်ပုံတင်မယ့်ကိစ္စကို သဘောမတူဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ရှေ့နေကဆင့် သူ့ရဲ့သဘောထားကို ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ ပြောခဲ့ပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG