သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းရေး စစ်အစိုးရ ILO နဲ့ ဆွေးနွေး


မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မရှိတဲ့အပေါ် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုမှုတွေ အရှိန်မြင့်လာနေတာကြောင့် မြန်မာစစ်အစိုးရအနေနဲ့ မကြာခင်မှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ တိုင်ပင် ညှိနှိုင်းနေတယ်လို့ ILO အရာရှိတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လို့ မြန်မာစစ်အစိုးရ အရာရှိတွေဟာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးနဲ့ ဆွေးနွေးတိုင်ပင်နေတယ်လို့ ILO ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကယ်ရီ တာပီယိုးလား (Keri Tapiola) က ဗွီအိုအေကို ပြောပြပါတယ်။

"အလုပ်သမား သမဂ္ဂဖွဲ့စည်းရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို မူအားဖြင့် စစ်အစိုးရက ကျနော်တို့ကို တိုင်ပင် ဆွေးနွေး နေပါတယ်။ အနာဂတ်မှာလည်းဆက်ပြီး ဆွေးနွေး တိုင်ပင်သွားမယ်လို့ ပြောပါတယ်။ အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မပြုခင်မှာ လူတိုင်း အဖွဲ့အစည်းတွေ လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို စစ်အစိုးရအနေနဲ့ လက်ခံထားသင့်ပါတယ်။ စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေကြတဲ့ အလုပ်သမားတွေ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းချင်တယ် ဆိုရင် အပြစ်ပေး အရေးယူခြင်း ခံရမယ်ဆိုတဲ့ စိုးရိမ်စိတ်မရှိဘဲ ဖွဲ့စည်းခွင့်ရှိသင့်ပါတယ်။"

အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မပြုခင် သမဂ္ဂဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေတွေ ကြိုတင်ထုတ်ပြန်နိုင်ဖို့ စစ်အစိုးရဖက်က ကြိုးစားနေတာ ဖြစ်ပေမယ့် ဒီကိစ္စကို ILO နဲ့ တိုင်ပင်ညှိနှိုင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဥပဒေတွေ ကြိုတင် ထုတ်ပြန်ထားခြင်း မရှိခင်ကတည်းက အလုပ်သမားတွေအနေနဲ့ သူတို့လိုချင်တဲ့ သမဂ္ဂမျိုး လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိသင့်တယ် ILO ဖက်က တိုက်တွန်းခဲ့တဲ့အကြောင်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။

အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုမယ်လို့ အခုချိန်မှာ ပြောဆိုနေပေမဲ့ တကယ်တမ်း ဘယ်အချိန်လောက်မှာ ဖွဲ့စည်းခွင့် ပြုမှာပါလဲ။

"အခုနှစ်တွင်းကျင်းပမယ့် ရွေးကောက်ပွဲပြီးရင် ဖွဲ့စည်းခွင့်ပြုမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ILO နဲ့ ဆွေးနွေးချင်ပါတယ် ဆိုတော့ ကျနော်တို့ဖက်ကလည်း လုပ်ပါ၊ ဆွေးနွေး တိုင်ပင်ပါ၊ ကျနော်တို့ဖက် အကြံဉာဏ်ပေးဖို့ အဆင့်သင့်ပါပဲလို့ ကျနော်တို့ ပြောထားပါတယ်။"

ILO ဖက်ကတော့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ အလုပ်သမား သမဂ္ဂတွေကို ဖွဲ့စည်းခွင့်ပြုဖို့ စစ်အစိုးရကို အကြံပေးတိုက်တွန်းခဲ့တယ်လို့ မစ္စတာ တာပီယိုးလားက ပြောပါတယ်။

ပြီးခဲတဲ့ ဗုဒ္ဓဟူးနေ့ကပဲ မြန်မာနိုင်ငံမှာ အလုပ်သမားတွေဖက်က နစ်နာချက်တွေကို တင်ပြပေးနိုင်ဖို့ အလုပ်သမား သမဂ္ဂဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ILO ဖက်က ပါဝင်ဆောင်ရွက်ပေးဖို့ ILO အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ထံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာရေးသား တောင်းဆိုခဲ့ပါသေးတယ်။ အဲဒီလိုတောင်းဆိုချက်ဟာ ILO ရဲ့ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်မှုတွေမှာ လက်ရှိအရေးကိစ္စတွေကို သိစေတာမို့ အကျိုးရှိတဲ့အကြောင်း ဌာနေကိုယ်စားလှယ် Steve Marshall က ပြန်လည်ပြောကြားခဲ့ပါတယ်။

အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေ ILO ကို တိုင်ကြားရာက အောင်လံမြို့မှာ ဖမ်းဆီး ထောင်ချခံထားရသူတွေ ပြန်လွတ်ပေးလိုက်တာ အပါအဝင် မြန်မာနိုင်ငံအတွင်း တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို ILO အနေနဲ့ ကြိုဆိုပေမဲ့ စစ်အစိုးရဖက်က ဒီ့ထက်ပိုပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့ မစ္စတာ တာပီယိုးလားက ပြောပါတယ်။

"အစကတည်းက ထောင်မကျသင့်တယ်တဲ့လူတွေ ဖမ်းခံရပြီး ပြန်လွတ်လာတယ်ဆိုတာ တကယ်တော့ တိုးတက် ကောင်းမွန်တဲ့လက္ခဏာပါ။ ILO အုပ်ချုပ်မှုအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားသလိုပါပဲ - အကျဉ်းကျနေသူတွေကို ဒီထက်ပိုပြီး လွတ်ပေးဖို့ လိုအပ်ပါတယ်။"

ILO အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Steve Marshall ရဲ့ တင်ပြချက်ဖြစ်တဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို ဆက်လက် ဖမ်းဆီး ထောင်ချတဲ့ကိစ္စတွေကို ထောက်ပြပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အတွင်း အလုပ်သမားအခွင့်အရေးဆောင်ရွက်လို့ ဖမ်းဆီးခံရသူတွေဟာ တခြား ပြစ်မှုတွေကြောင့် ဖမ်းဆီး ခံရသူတွေဖြစ်တယ်၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်လို့ ILO ကိုတိုင်ကြားတဲ့အတွက်မဟုတ်ဘူးလို့ ပြန်လည် တုန့်ပြန်ခဲ့ပေမယ့် ILO အုပ်ချုပ်ရေးမှုအဖွဲ့ကတော့ အဲဒီ တုန့်ပြန်မှုတွေကို လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG