သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအခြေအနေကို ကုလ လူ့အခွင့်အရေး ကောင်စီ ရှုတ်ချ


ဂျနီဗာမြို့မှာ မနေ့က မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမာ့တ်စ် အိုဟေး ကင်တားနား ကိုလည်း လက်ရှိတာဝန်ကို တနှစ်ထပ်ပြီးတော့ ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ပြဌာန်းချက်နဲ့ မစ္စတာ တိုးမာ့တ်စ် အိုဟေး ကင်တားနား ကို သက်တမ်းတနှစ် တိုးချဲ့ခန့်ထားတဲ့ ပြဌာန်းချက်တွေဟာ မနေ့မနက်က လူ့အခွင့်အရေး ကော်မရှင်ချမှတ်လိုက်တဲ့ ပြဌာန်းချက် ၇ ချက်ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် ရှုတ်ချဖို့အဆိုပြုချက်ကို ဥရောပသမဂ္ဂကိုယ်စား ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဌဖြစ်တဲ့ စပိန်နိုင်ငံရဲ့ သံအမတ်ကြီးက အခုလို အဆိုပြုပြီးတော့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ဥရောပသမဂ္ဂရဲ့ကိုယ်စား သမဂ္ဂရဲ့ တညီတညွတ်တည်း သဘောတူညီချက်အရ ကျနော်က မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ပြဌာန်းချက်အမှတ် L-၁၅ ကို တင်သွင်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ အားပေးတဲ့ အနေနဲ့တင်သွင်းမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အထူးကိုယ်စားလှယ် တိုးမာ့တ်စ် အိုဟေး ကင်တားနား ကို လာရောက်လေ့လာခွင့်ပြုတဲ့အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါတယ်။ ကျနော် အခု အဆိုပြုတဲ့ပြဌာန်းချက်ဟာ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာထဲမှာ ပါဝင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်ဆိုတာ ကမ္ဘာကသိစေချင်လို့ တင်ပြမယ့် ပြဌာန်းချက် ဖြစ်ပါတယ်။ ဒီလိုချိုးဖောက် ကျူးလွန်မှုတွေကို လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ကျူးလွန်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ဆက်လက် လေ့လာတင်ပြနိုင်ဖို့ မစ္စတာ တိုးမာ့တ်စ် အိုဟေး ကင်တားနားကို လက်ရှိ ရာထူးတာဝန်မှာ တနှစ်ဆက်လက် တာဝန်ပေးအပ်ဖို့ လိုအပ်ပါတယ်။"

စပိန်သံအမတ်ကြီးက ဆက်လက်ပြီးတော့ တင်ပြသွားရာမှာ ဒီနှစ်ဟာ ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် ဖြစ်တဲ့အတွက် အထူး အရေးကြီးကြောင်း၊ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဖြစ်စဉ်တရပ် ထွန်းကားလာအောင် ပြုလုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ဆွေးနွေးညှိနှိုင်းခြင်း ပြုလုပ်ဖို့ လိုအပ်ကြောင်း တောင်းဆိုသွားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ စစ်ဆေး အရေးယူဖို့လည်း တောင်းဆိုသွားပါတယ်။

ဥရောပသမဂ္ဂ အလှည့်ကျသဘာပတိ စပိန်သံအမတ်ကြီးရဲ့ ဒီအဆိုပြုချက်ကို မြန်မာစစ်အစိုးရရဲ့ သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို ကန့်ကွက်ချေပပါတယ်။

"လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးကိစ္စတွေကို စဉ်းစားသုံးသပ်ရာမှာ လိုတမျိုး မလိုတမျိုး လုပ်ဆောင်ဖို့ နိုင်ငံရေးအရ ဆွဲယူပြောကြားမှုတွေကို ရှောင်ကြဉ်ပြီး တကမ္ဘာလုံးရဲ့ စံနဲ့အညီ ဓမ္မဓိဌာန်ကျကျ လုပ်ဆောင်ရမယ်လို့ ကျနော်တို့က စွဲမြဲစွာ ယုံကြည်ထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရရဲ့ ဒီယုံကြည်မှုကို ဆန့်ကျင်ပြီး ဥရောပသမဂ္ဂကိုယ်စား စပိန်နိုင်ငံက နိုင်ငံရေးရည်မှန်းချက်နဲ့ ရေးဆွဲထားတဲ့ ပြဌာန်းချက်မူကြမ်းတစောင်ကို ထပ်မံတင်သွင်းလာပြန်ပါပြီ။ ဒီမူကြမ်းဟာ မြန်မာနိုင်ငံရဲ့ အခြေခံမူဝါဒတွေကို လုံးဝပစ်ပယ်ပြီး အလေးအနက်မထားဘူးဆိုတာ တွေ့ရပါတယ်။ ဒီအဆိုပြုချက် မူကြမ်းဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်ရေးထက် လူပုဂ္ဂိုလ် တဦးတယောက် အုပ်စုတစုရဲ့ နိုင်ငံရေးအကျိုးစီးပွားကိုသာ ဦးတည်ဗဟိုပြုထားပါတယ်။"

သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်လက်ပြောကြားရာမှာ ဒီပြဌာန်းချက်ကို အဆိုပြုသူတွေဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်စွက်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ထင်ရှားပေါ်လွင်နေကြောင်း၊ ဒါကြောင့် လုံးဝပယ်ချလိုကြောင်း၊ သိုပေမဲ့လည်း မြန်မာအစိုးရဟာ လူ့အခွင့်အရေး ကော်မတီ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းပြီးတော့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပြီး တိုးမြှင့်ဆောင်ရွက်လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို မဲခွဲရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ကျူးဘားလို နိုင်ငံမျိုးတွေကတော့ အတည်ပြုထောက်ခံတဲ့အထဲမှာ မပါဘူးဆိုပြီး လက်ရှောင်ခဲ့ကြပါတယ်။ တက်တက်ကြွကြွ အတည်ပြုထောက်ခံကြတဲ့ နိင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG