သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာအစိုးရ၊ ဝ၊ မိုင်းလား နဲ့ တရုတ်


ဒိမိုကရေစီအရေးအတွက် ဆွေးနွေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုနေကြတဲ့ နိုင်ငံရေးပါတီတွေကို စစ်အစိုးရက ဆွေးနွေးဖို့ စိတ်မကူးဘဲ စိတ်ကြိုက်ဥပဒေ စည်းမျဉ်းတွေ ထုတ်ပြန်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ ကချင်၊ ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေကို မကြာခဏ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ဗမာစစ်အစိုးရ လိုချင်တာကို တိုင်းရင်းသားလက်နက်ကိုင်တွေက မလိုက်လျောနိုင်သေးပါဘူး။ ဒီနေရာမှာ တရုတ်အစိုးရရဲ့ အခန်းကဏ္ဍဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စစ်အစိုးရနဲ့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု ဆွေးနွေးရေးဟာ ပြည်တွင်းရေးဖြစ်လို့ ကြားဝင် မစွက်ဖက်ချင်ဘူးလို့ တရုတ်အစိုးရ အမြဲတမ်းပြောနေပါတယ်။ မြန်မာမှာ အပြောင်းအလဲဖြစ်အောင် တရုတ်က လုပ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့ကတော့ မြန်မာ့ပြည်တွင်းရေး အထူးသဖြင့် နယ်စပ်ဒေသတိုင်းရင်းသားအရေး နဲ့ စီးပွားရေးမှာ တရုတ်ဟာ အဓိကအခန်းက ပါဝင်နေပါတယ်။ ဗမာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အထူးသဖြင့် ကချင်၊ ဝ နဲ့ မိုင်းလားတပ်ဖွဲ့တွေကို လက်အောက်ခံနယ်ခြားစောင့်တပ် ဖြစ်လာအောင် သိမ်းသွင်းနေတာ မအောင်မြင်တဲ့အတွက် တရုတ်ကို အကူအညီတောင်းရပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလက တရုတ် ဗိုလ်ချုပ်ကြီး အိုက်ဟူရှမ်း မြန်မာပြည်မှာ (၅) ရက် ခရီးလှည့်လည်ပြီး ဝ နဲ့ မိုင်းလာတပ်ဖွဲ့တွေကို တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အကြောင်းမထူးပါဘူး။ တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် ကလည်း ဒီဇင်ဘာလထဲမှာပဲ နေပြည်တော်ကိုလာပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ထင်သလိုလုပ်လို့ မရတဲ့အတွက် ဗမာစစ်တပ်ဟာ လိပ်ခဲတင်းလင်း ဖြစ်နေပါတယ်။ ၀ နဲ့ မိုင်းလားတပ်ဖွဲ့တွေကို ဒေသဆိုင်ရာတပ်မှုး၊ တိုင်းမှုးတွေ မကျေမနပ်ဖြစ်နေတာ သိသာပါတယ်။ ၀ နဲ့ မိုင်းလားတပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ တြိဂံတိုင်းမှုး ဗိုလ်ချုပ်ကျော်ဖြိုး က ပြောဆိုတာကို သျှမ်းသံတော်ဆင့် သတင်းက ဇန်နဝါရီလ (၁၂) ရက်နေ့က သတင်းပေးပို့ပါတယ်။ ၀ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်မှာ တိုင်းရင်းသားလူမျိုးစုံ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း တပ်သားသစ် (၃၀၀၀) ကျော် စုဆောင်းရရှိကြောင်း သိရပါတယ်။ မိုင်းပေါက်ဌာနချုပ် က စစ်သင်တန်းဆင်းပွဲမှာ တပ်သား (၁၀၀၀) ကျော်ရှိပြီး ဝ၊ သျှမ်း နဲ့ တရုတ်က (၂၀၀) ကျော်၊ လားဟူက (၈၀၀) ကျော်လောက် ရှိကြောင်း ဇန်နဝါရီ (၁၅) ရက်ထုတ် သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။ ဓါတုလက်နက် သုံးလာရင် ကာကွယ်နိုင်တဲ့ စစ်ဝတ်စုံကိုလည်း ၀ နဲ့ မိုင်းလားတပ်ဖွဲ့က စုဆောင်းနေပါတယ်။

ဒီအတောအတွင်း တရုတ်ကုမ္ပဏီတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ကွန်းလုံမြို့နယ် တောင်ဂျပ်ရွာအနီး သံလွင်မြစ်မှာ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ဖို့ ဖေဖေါ်ဝါရီလနှောင်းပိုင်းက ဗမာစစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ သဘောတူချက် ရယူတာကို အစိုးရသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ရေကာတာ (၅) ခု တည်ဆောက်မယ့် စီမံကိန်းကို ၂၀၀၇ ခုနှစ်က နားလည်မှုရယူခဲ့တာ ဖြစ်ပါတယ်။ သံလွင်မြစ်လက်တက်ဖြစ်ပြီး ၀ မြို့တော် ပန်ဆန်းကို ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခါမြစ် နဲ့ မဲခေါင်မြစ်လက်တက်ဖြစ်တဲ့ မိုင်းလားနယ်က နမ့်လွေချောင်းတွေမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ တရုတ်မှာ စီမံကိန်းရှိကြောင်း ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ထုတ် ရှမ်းသံတော်ဆင့်မှာ ဖော်ပြပါတယ်။

ရခိုင်ကမ်းလွန်က ယူနန်ပြည်နယ်အထိ ကီလိုမီတာ (၈၀၀) ရှည်လျားတဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဟာလည်း တရုတ်စီးပွားရေးအတွက် အလွန်အရေးကြီးတာမို့ တရုတ် မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို အစွမ်းကုန် ပူးတွဲဆောင်ရွက်ရမယ်လို့ တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် က လွန်ခဲ့တဲ့ ဒီဇင်ဘာလ နေပြည်တော်ကို လာရောက်စဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဂတိပေးလိုက်ပါတယ်။ ပြဿနာကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် က နေပြည်တော်မှာ ပြောသွားပါတယ်။ ကိုးကန့်ဒေသကို အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်တာမျိုး နောက်ထပ်မဖြစ်ဖို့ အာမခံတာမျိုးကို တရုတ်က လိုလားပါတယ်။

ကိုးကန့်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အစိုးရတပ်ရင်းတွေဟာ အဲဒီမှာပဲဆက်ပြီး ခြေကုတ်ယူထားတဲ့အတွက် နယ်စပ်ဒေသ အခြေအနေ တင်းမာနေတာ ဖြစ်ပုံရပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှပ်နှံမှုကြောင့် ၀ ပြည်နယ် တိုးတက်ဖွံ့ဖြိုးလာတဖြစ်တဲ့အတွက် ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာနယ်မြေက တရုတ် ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ ၀ ဗဟိုကော်မတီက ဆုံးဖြတ်ထားကြောင်း လွန်ခဲ့တဲ့ ဒီဇင်ဘာ (၂၅) ရက်နေ့ထုတ် ခေတ်ပြိုင်သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ ရာဘာစိုက်ခင်း၊ လက်ဖက်စိုက်ခင်း၊ သတ္တုတွင်းစတဲ့လုပ်ငန်းတွေမှာ တရုတ် နဲ့ ၀ ဖက်စပ်လုပ်ထားကြပါတယ်။

ဗမာ စစ်အုပ်စုနဲ့ တရုတ်ကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်သလို ဝ-တရုတ် ဖက်စပ်လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ကိုးကန့်၊ ၀ နဲ့ မိုင်းလားမှာ တရုတ်တွေ ရင်းနှီးမြုပ်နှံနေတာ အနှစ် (၂၀) ရှိပါပြီ။ ဒါကြောင့် ဒီဒေသတွေမှာ ဗမာတပ်က အကြမ်းဖက်လို့ တိုက်ကျခိုက်ကျပြီဆိုရင် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ နစ်နာဆုံးရှုံးဖွယ် ရှိပါတယ်။ ကိုးကန့်ဒေသကို ဗမာစစ်အစိုးရတပ်တွေ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် တရုတ်လုပ်ငန်းရှင်တွေ ဆုံးရှုံးနစ်နာတာကို အမေရိကန် ဒေါ်လာသန်း (၄၀) လျော်ကြေးပေးဖို့ ယူနန်ပြည်နယ် လင်ချန်းခရိုင်အစိုးရက ဗမာစစ်အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။ ဗမာစစ်တပ်ကတဘက် တရုတ်စကားပြောတဲ့ ၀ နဲ့ မိုင်းလားကတဘက် လက်နက်ကိုင် ပဋိပက္ခဖြစ်ရင် တရုတ်က ဘယ်လိုရပ်တည်မယ်ဆိုတာ စောင့်ကြည့်ဖိုသာ ရှိပါတော့တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG