သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြန်ဆုံးတွေ့ဆုံရေး NLD တောင်းဆို


ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးဖို့နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို တရားဝင် ရပ်တည်ခွင့်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၇ ရက်မှာကျရောက်တဲ့ (၆၅) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် ၈/၀၃-၁၀ မှာ ဒီတောင်းဆိုချက်တွေကို ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေးဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အင်မတန် အရေးပါတယ်လို့ ဆိုပါတယ်။ အလားတူစွာပဲ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း မရှိမဖြစ် လိုအပ်တဲ့အတွက် ဒီအချက်တွေကို တောင်းဆိုတာဖြစ်တယ်လို့ NLD က ဆိုပါတယ်။

ဒီကနေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ NLD က ထုတ်ပြန်တဲ့တောင်းဆိုချက် အသေးစိတ်ကိုတော့ ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

"လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများအရ နိုင်ငံရေးအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှု ပြုရန်ဆိုတာ ဒါ ထူးခြားတဲ့ဟာပေါ့။ ကျန်တဲ့တောင်းဆိုတဲ့ဟာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတာဟာ မတရားတဲ့ချုပ်နှောင်ထားမှုဖြစ်တဲ့အတွက် အမြန်ဆုံး လွှတ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ပေးဖို့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး ဆန်းညွှန့်လွင် တို့ကို အမြန်ဆုံး လွှတ်ပေးဖို့၊ ပိတ်ပင်ထားတဲ့တိုင်းရင်းသားပါတီတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ အဲဒါတွေပါ။"

ဆိုတော့ NLD တောင်းဆိုချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ပါဝင်ခွင့် တောင်းဆိုထားတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်ခွင့်ပြုမယ်ဆိုရင် NLD က ရွေးကောက်ပွဲအပေါ်မှာ စဉ်းစားတဲ့နေရာမှာ အဲဒီအချက်ကို ထည့်သွင်းစဉ်းစားမှာလား။ ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး ကိစ္စက။ -

"ဒါတွေက ဆက်စပ်မှုတော့ ရှိမှာပေါ့။ ကျနော်တို့ အခု ဒီလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ မျိုးတော့ ဒီလိုတော့ တိတိကျကျ မရှိဘူးပေါ့ဗျာ။ ဒါတွေကတော့ ဆက်စပ်မှုရှိမှာပဲ။"

ရွှေဂုံတိုင် ကြေညာချက်အပေါ်မှာ စစ်အစိုးရက အတိုင်းအတာတခုအထိ လိုက်လျောမယ်၊ သဘောက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လွှတ်ပေးမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ ဒါ တမျိုးတမည် ဖြစ်လာနိုင်တယ်ပေါ့။ -

"ကျနော်တို့ အဲဒီလို အပြောင်းအလဲရှိရင် ဒီဘက်မှာလည်း စဉ်းစားတာ အပြောင်းအလဲရှိမှာ သေချာပါတယ်။"

NLD ဗဟိုကော်မီတီဝင်လည်းဖြစ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။

ဒီကနေ့အခမ်းအနားကို NLD အဖွဲ့ဝင်တွေအပါအဝင် ဧည့်ပရိသတ် ၄၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အပြင်ဖက်မှာတော့ စစ်အစိုးရရဲ့ လုံခြုံရေး ၁၀၀ ကျော် စောင့်ကြည့်နေခဲ့ပါတယ်။ ဒီလုံခြုံရေးပမာဏဟာ သိပ်များပြားတယ်မဆိုသာပေမဲ့ ခါတိုင်းထက်တော့ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရပြန်ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေအရ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့်ဆိုတာကို လာမယ့်မတ်လ ၂၉ ရက် တနင်္လာနေ့မှာ ဒီပါတီဌာနချုပ်မှာပဲ စည်းဝေးပြီး ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG