အီရတ်နိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း အီယက်အလာဝီ (Ayad Allawi) ဟာ သူ့ရဲ့ ပြိုင်ဘက်ပါတီတွေကို ဆက်သွယ်ပြီး ညွှန့်ပေါင်းအစိုးရတရပ် လျင်လျင်မြန်မြန် ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောသွားပါတယ်။ သူက နိုင်ငံရေးအဖွဲ့ခွဲတွေ အားလုံးကို လက်ကမ်းကြိုဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုပြီးတော့ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အစိုးရသစ်တရပ် အမြန်ဆုံးဖွဲ့စည်းချင်ပါတယ်လို့ မစ္စတာ အာလာဝီ က သတင်းထောက်တွေကို ပြောသွားပါတယ်။
မစ္စတာ အလာဝီရဲ့ နိုင်ငံရေးမှာ ဘာသာရေးလွှမ်းမိုးမှုမရှိတဲ့ အီရတ်ကီးယား (Iraqira) ညွန့်ပေါင်းအဖွဲ့က မတ်လ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတွေမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက သောကြာနေ့ကပဲ ကြေညာပါတယ်။
ဝန်ကြီးချုပ် နိုရီအယ်လ် မာလိခီ (Nouri al-Maliki) နဲ့ သူ့ရဲ့ ရှိအိုက် State of Law ညွှန့်ပေါင်းအဖွဲ့ကို မစ္စတာ အလာဝီ တို့က အမတ်နေရာ ၂ နေရာနဲ့ ကပ်ပြီးတော့ အနိုင်ရခဲ့တာပါ။ မစ္စတာ မလိခီ ကတော့ ပယ်ချထားပါတယ်။
မစ္စတာ အလာဝီဟာ အမတ်နေရာအများဆုံး ရထားသူဖြစ်တဲ့အလျောက် အီရတ်အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့ ရက် ၃၀ အချိန် ရပါတယ်။ တကယ်လို့သာ ဒီရက် ၃၀ အတွင်းမှာ အစိုးရ မဖွဲ့စည်းနိုင်ဘူးဆိုရင်တော့ သမ္မတ ဂျလား တာလာဘာနီ (Jalal Talabani) က နောက်နိုင်ငံရေးအဖွဲ့က ခေါင်းဆောင်တဦးကိုရွေးပြီး အစိုးရအဖွဲ့ ဖွဲ့ခိုင်းမှာဖြစ်ပါတယ်။