သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို အင်တာနက် ထောက်လှမ်းရေး မကူညီဟု ပြင်သစ်ကုမ္ပဏီ ပြော


မြန်မာနိုင်ငံက အင်တာနက် သုံးစွဲသူတွေအပေါ် စောင့်ကြည့်တဲ့ နည်းပညာတွေကို မြန်မာစစ်အစိုးရကို ပေးအပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Alcatel-Lucent က ငြင်းဆန်လိုက်ပါတယ်။

တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်တာ၊ အင်တာနက်ကို စိစစ်တဲ့ လုပ်ငန်းတွေအတွက် မြန်မာစစ်အစိုးရကို ကူညီနေတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ဘူးလို့ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက ပူးတွဲထူထောင်ထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးက ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ပြင်သစ်အခြေစိုက် ကုမ္ပဏီက ဥရောပသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ချိုးဖောက်ပြီး မြန်မာစစ်အစိုးရကို ဆက်သွယ်ရေးဆိုင်ရာ အကူအညီတွေ ပေးအပ်နေတယ် ဆိုတဲ့အကြောင်း ပြင်သစ် ရုပ်မြင်သံကြားဌာန တခုဖြစ်တဲ့ ကန်နယ်လ် ပလပ်စ် (Canal Plus) နဲ့ ပြင်သစ်မဂ္ဂဇင်း လေဇွန် ရောပ်တေးလ် (Les Inrockuptibles) တို့က ဖော်ပြခဲ့တဲ့နောက် အခုလို တုံ့ပြန်မှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က တရုတ်အစိုးရရဲ့ ငွေကြေး မတည်မှုနဲ့ Alcatel-Lucent Shanghai Bell ကုမ္ပဏီခွဲကတော့ မြန်မာနိုင်ငံက စာတိုက်နဲ့ ဆက်သွယ်ရေး လုပ်ငန်းအတွက် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း အခြေခံ တည်ဆောက်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

အဓိကအားဖြင့် GSM တယ်လီဖုန်း ဆက်သွယ်မှုတွေ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ဆက်သွယ်ရေး လုပ်ငန်းတွေထဲက စီမံကိန်းတခုအဖြစ် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ကုမ္ပဏီအနေနဲ့ လက်ခံသဘောပေါက်သလို ပြည်တွင်း၊ ပြည်ပ ဆက်သွယ်မှု ဆိုတာဟာ အခြေခံ လူ့အခွင့်အရေးတခု အဖြစ် ယုံကြည်ထားကြောင်းလည်း ကုမ္ပဏီရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG