သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံအမတ်ကြီး Larry Dinger နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း


ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေ ပြေလည်သွား ဖို့က ပြည်တွင်းမှာရှိတဲ့ သူတွေအချင်းချင်း ပြေလည်အောင် ညှိနှိုင်းအဖြေရှာ လုပ်ဆောင်သွားရမှာဖြစ်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒီလို ညှိနှိုင်းမှုတွေဖြစ်လာစေရေး အားပေးကူညီသွားဖို့ အခန်းကဏ္ဍရှိပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံတာဝန်ခံ (US Mission Chief in Burma) သံမှုးကြီး Lary Dinger က ပြောဆိုပါတယ်။ ဝါရှင်တန် ဒီစီ (Washington, DC) ကို ခေတ္တပြန်လည်ရောက်ရှိနေတဲ့ သံမှုးကြီး Larry Dinger ကို ဗွီအိုအေမြန်မာပိုင်း က သီးသန့်တွေ့ဆုံပြီး ဌာနမှုး ဦးသန်းလွင်ထွန်း ရဲ့ မေးမြန်းဆွေးနွေးချက်များကို တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ မြန်မာစစ်အစိုးရ ကြေညာထားတဲ့ ရွေးကောက်ပွဲ နဲ့ ပါတီမှတ်ပုံတင်ရေးဥပဒေများအရဆိုရင် ဒီနှစ်အတွင်း ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောကြားထားပြီး ဖြစ်တာမို့ အခုလောလောဆယ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံညှိနှိုင်းရေး မူဝါဒသစ်ကို ပြန်လည်သုံးသပ်နေရတဲ့ အနေအထား ရောက်နေပြီးလား။

Lary Dinger ။ ။ ဒီအတွက် အဖြေကိုတော့ ကျနော် တိတိကျကျ မသိပါဘူး။ ဒါပေမဲ့ အမေရိကန်အစိုးရ မူဝါဒသစ် ကြေညာခဲ့စဉ်တုန်းက ဒီလုပ်ငန်းစဉ်က သိပ်လွယ်ကူမယ်လုပ်ငန်းစဉ် မဟုတ်ဘူးလို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောဆိုခဲ့တာကို ကျနော်အမှတ်ရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ရိုးရိုးစင်းစင်းမဟုတ်ဘဲ အခက်အခဲ အမျိုးမျိုးကို တွေ့ကြုံကျော်လွှားရမယ်ဆိုတာကို သူက သတိပေးခဲ့တာပါ။ ဒါကြောင့် အခုလို အခက်အခဲတွေရှိနေလို့ ဒီဆက်ဆံရေးမူဝါဒက မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒါက မှန်ကန်တဲ့လုပ်ငန်းစဉ်လို့ ကျနော်မြင်ပါတယ်။ နေပြည်တော် မှာ ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ ပြောဆိုဆက်ဆံဖို့ လိုသလို၊ အားလုံးနဲ့လည်း ဆက်ဆံပြောဆိုဖို့ လိုအပ်ပါတယ်။ ပိုပြီးအရေးကြီးတာက မြန်မာနိုင်ငံအတွင်းမှာ အချင်းချင်းညှိနှိုင်းမှုတွေ လုပ်လာဖို့ ကျနော်တို့က အားပေး သွားဖို့ပါဘဲ။ အန်အယ်လ်ဒီ အတွင်း၊ အတိုက်အခံအဖွဲ့အစည်းများ နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အတွင်း အပြင် ဒီအဖွဲ့တွေ နဲ့ စစ်အစိုးရ ထိထိရောက်ရောက် တွေ့ဆုံညှိနှိုင်းနိုင်ကြဖို့လိုတယ်လို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်အစိုးရရဲ့ ဆက်ဆံညှိနှိုင်းရေးမူဝါဒသစ်မှာ တိုးတက်မှုမရှိရင် ဒဏ်ခတ်အရေးယူတွေ ဆက်လုပ်ရလိမ့်မယ် ဆိုထားတာမို့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစရင် တိုးတက်မှုတွေ သိပ်မမြင်ရတဲ့အဆုံး ဒီလို ဒဏ်ခတ်မှုတွေလုပ်ဖို့ အချိန်ရောက်ပြီလား။

Lary Dinger ။ ။ (၇) လဆိုတဲ့ကာလက သိပ်မကြာသေးဘူးလို့ ကျနော်ထင်ပါတယ်။ နဂိုက တင်းမာခဲ့ဖူးတဲ့ ဆက်ဆံရေး အခြေခံအကြောင်းတွေအပြင် ဖြေရှင်းရမယ့်ကိစ္စအရေးတွေကလည်း နက်နဲသိမ်မွေ့တာမို့ အခုကျော်ဖြတ်ခဲ့ရတဲ့အချိန်ဟာ ကြာမြင့်တယ်လို့ ယူဆလို့မရနိုင်ပါဘူး။ ဒီတော့ ဒီဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ဆက်ပြီးလုပ်ဆောင်သွားရပါမယ်။ ဒီထက်ပိုပြီး အကျိုးရှိအောင်လုပ်ဆောင်ဖို့ ရည်မှန်းထားရမှာ ဖြစ်ပါတယ်။ အကျိုးရှိတာတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) တွေ့ဆုံမှု၊ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ထ် ကမ်ဘလ် (Kurt Campbell) နဲ့ တွေ့ဆုံခွင့် ရရှိမှု၊ ဒါအပြင် ဒေါ်စု နဲ့ သံတမန်တချို့ တွေ့ဆုံခွင့်။ အန်အယ်လ်ဒီ စီအီးစီ တချို့နဲ့ တွေ့ဆုံခွင့် စတာတွေကို တိုးတက်မှုလို့ ပြောဆိုနိုင်ပါတယ်။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကိစ္စတွေမှာတော့ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးတာကတော့ အမှန်ပါ။ ဒီတော့ ဒီခက်ခဲတဲ့ လမ်းကြောင်းပေါ်မှာပဲ ကျနော်တို့ လက်မလျှော့ဘဲ ဆက်သွားနေရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ စစ်အစိုးရနဲ့ ဆက်ဆံရေးမူဝါဒသစ်ကို ကြေညာခဲ့စဉ်က အမေရိကန်အစိုးရအနေနဲ့ စစ်အစိုးရနဲ့ သာမက အတိုက်အခံတွေနဲ့လည်း တိုးမြှင့်ပြီး ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်သင့်တယ်လို့ အတိုက်အခံတွေက တောင်းဆိုခဲ့ပါ တယ်။ ဒါပေမဲ့ အမေရိကန်သံရုံးက အန်အယ်လ်ဒီ နဲ့ အတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နေတာကို မြန်မာ သတင်းစာတွေက ပြည်တွင်းနိုင်ငံရေး ဝင်ရောက်စွက်ဖွက်မှုတွေအနေနဲ့ ရှုတ်ချဖော်ပြနေတာမို့ အခုလောလောဆယ်မှာ ဒီသဘောထားအမြင် ပြောင်းလဲမှုတွေ ရှိလာနေပြီလား။

Lary Dinger ။ ။ ကျနော်တို့ နဲ့ အတိုက်အခံအဖွဲ့အစည်းတွေ တွေ့ဆုံတာကို အစိုးရသတင်းမီဒီယာတွေက သဘောထား ပြောင်း ထည့်သွင်းဖော်ပြလာတာကိုတော့ အခုထိ မတွေ့ရသေးပါဘူး။ အမေရိကန်အစိုးရနဲ့ အမေရိကန်သံရုံးရဲ့ အခန်း ကဏ္ဍဟာ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရအပြင်၊ အတိုက်အခံတွေနဲ့ တွေ့ဆုံဆက်ဆံသွားဖို့ ဖြစ်တယ်လို့ ကျနော်ယူဆတယ်။ ကျနော်ကိုယ်တိုင်လည်း နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ပါတယ်။ အန်အယ်လ်ဒီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တစညပါတီအပြင် တိုင်းပြည်အတွင်း အရေးပါတဲ့ လူတွေအားလုံးနဲ့ တွေ့ဆုံဖို့လိုတယ်လို့ ထင်ပါတယ်။ အဓိကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားမူဝါဒတွေကို ပြောပြ နိုင် ဖို့။ ဒါအပြင် ဒီထက်ပိုအရေးကြီးတာက ပြည်တွင်းမှာ အချင်းချင်း ပိုမိုညှိနှိုင်းဆွေးနွေးရေးတွေ လုပ်လာနိုင်ရေး တိုက်တွန်း နိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာပြည်က ပြဿနာတွေ ပြေလည်ဖို့ရာ ပြည်တွင်းကလူတွေ အချင်းချင်း အဖြေရှာဖြေရှင်းမှ ရမယ့် ကိစ္စဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ အမေရိကန်က လုပ်ပေးလို့ မရနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ဒီလို အဖြေရှာ ညှိနှိုင်းကြဖို့ အားပေးကူညီဖို့ပဲ တတ်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေ နဲ့ ပါတီမှတ်ပုံတင်ရေးဥပဒေတွေအရ ဒေါ်အောင်ဆန်းစုကြည်အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ပါဝင်ခွင့်ပိတ်ပင်ထားပြီး အဓိက အတိုက်အခံပါတီ အန်အယ်လ်ဒီ အနေနဲ့ ဆက်လက်ရပ်တည်ရေးတောင် မရေမရာဖြစ်နေတာမို့ ဒီလို အင်အားစုတွေမပါဝင်တဲ့ ရွေးကောက်ပွဲ ဟာ အများလက်ခံယုံကြည်လောက်တဲ့ ရွေးကောက်ပွဲဖြစ်လာမလား။

Lary Dinger ။ ။ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအစိုးရက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ဒါဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံနိုင်မယ့် လွတ်လပ်မျှတတဲ့ စံနှုန်းတွေနဲ့အညီ ဖြစ်စေရမယ်ဆိုတာကို ဆိုလိုတယ်လို့ ကျနော်ယူဆတယ်။ ကျနော်အမြင်အရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဆိုတာ စစ်အစိုးရနဲ့ စစ်အစိုးရလိုလားတဲ့လူတွေ၊ ပါတီတွေ မကဘဲ အားလုံးပါဝင် ယှဉ်ပြိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ ဒီတော့ နိုင်ငံရေးအတိုက်အခံတွေ အများအပြား ထောင်ချခံထားရရင် ဒါမှမဟုတ် ဥပဒေတွေနဲ့ ပိတ်ပင်ခံထားရရင် ဒါက ပြဿနာတရပ် ဖြစ်လာပါလိမ့်မယ်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေသေးတယ်ဆိုတဲ့ အချက်ဟာ လာမယ့်ရွေးကောက်ပွဲကို အများ ယုံကြည်လက်ခံ လာနိုင်ရေးမှာ အဓိကပြဿနာကြီး ဖြစ်နေပါသေးတယ်။ အန်အယ်လ်ဒီ ပါတီကို ရပ်တည်ပါဝင်လာနိုင်ရေး အဟန့်အတား ဖြစ်စေနိုင်တဲ့ စည်းကမ်းသတ်မှတ်မှုတွေကို အခုအချိန်မှာ ပြေလည်အောင် ဖြေရှင်းသင့်ပါတယ်။ ဒါဟာ နေပြည်တော်မှာ ရှိတဲ့ စစ်အစိုးရနဲ့ ရွေးကောက်ပွဲ ပါဝင်ဖို့ ပြင်ဆင်နေတဲ့လူတွေ အနေနဲ့ပါ အလေးနက်ထား ညှိနှိုင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တွေ့ဆုံဆွေးနွေးကြပါဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရကြား ဆွေးနွေးမှုတွေ ကတော့ ပျောက်ကွယ်သွားတဲ့ အနေအထားရှိနေပြီ မဟုတ်ဘူးလား။

Lary Dinger ။ ။ အမေရိကန်အစိုးရဲက မြန်မာအစိုးရနဲ့ ဆက်ဆံညှိနှိုင်းရေးမူဝါဒကို ကျင့်သုံးလာရတဲ့အကြောင်းတွေထဲမှာ မြန်မာနိုင်ငံမှာ ဒေါ်စု နဲ့ စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုတွေ ပြန်စလာဖို့ ဆက်လက် ညှိနှိုင်း သွားဖို့ အကြောင်းတရပ် ပါဝင်တယ်လို့ ကျနော်ယူဆပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြီး ဆွေးနွေးလိုတဲ့အပြင် ဆွေးနွေးပွဲတွေကို တဆင့်မြှင့်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ တွေ့ဆုံလိုတဲ့ဆန္ဒရှိတယ်လို့ ကျနော်တို့ နားလည်းထားပါတယ်။ ဒီအထိတော့ ဖြစ်မလာသေးပေမဲ့ ကျန်တဲ့ဆွေးနွေးမှုတွေ ရှိခဲ့တယ်ဆိုတာကတော့ အပေါင်းလက္ခဏာလို့ ပြောလိုရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ကန့်သတ်မှုတွေအရဆိုရင် ပါတီမှတ်ပုံတင်ရေးကိစ္စကို စဉ်းစားမှာတောင် မဟုတ်ဘူးလို့ ပြောဆိုထားပြီဖြစ်တာမို့ ပါတီနိုင်ငံရေးနဲ့ အခုလို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရဘူးဆိုရင် သူရဲ့အခန်းကဏ္ဍက ဘယ်လိုရှိလာနိုင်မလဲ။

Lary Dinger ။ ။ ဒီကိစ္စဟာ ဒေါ်စုနဲ့ သူမရဲ့ ပါတီဝင်တွေကြား အသေအချာညှိနှိုင်းဆွေးနွေးရမယ့် အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါ တယ်။ ဒါကြောင့် ဒေါ်စုနဲ့ ပါတီခေါင်းဆောင်တွေ တွေ့ဆုံခွင့်ရရေးကို ကျနော်တို့ အတတ်နိုင်ဆုံး တောင်းဆိုပေးခဲ့ပါတယ်။ ဒါဟာ အာဏာပိုင်တွေအပါအဝင် အားလုံးအတွက် အကျိုးရှိစေမယ့်ကိစ္စပါ။ ဒီလို တွေ့ဆုံခွင့်ရမှ ရှေ့ဆက် ဘာဆက်လုပ်နိုင် မလဲ ဆုံးဖြတ်နိုင်ကြမှာပါ။ ဒေါ်စုအပေါ် ကျနော်အမြင် ပြောရရင်တော့ အင်မတန်ထူးခြားတဲ့ ပုဂ္ဂိုလ်တဦးပါ။ သူနဲ့ မတွေ့ခင် ကတည်းက ဒီလိုကြားသိထားရသလို တွေ့ခွင့်ရပြီးတဲ့နောက်မှာလည်း သူဟာ ထူးခြားပုဂ္ဂိုလ်တဦးအဖြစ် ပိုပြီး ယုံကြည်မိပါ တယ်။ သူဟာ နှလုံးရည်ပြည့်ဝသလို လက်တွေ့ကျတဲ့ နိုင်ငံရေးသမားတဦး ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စု နဲ့ မြန်မာ အာဏာပိုင်တွေအကြား အပြန်အလှန် နားလည်းညှိနှိုင်းပြီး မြန်မာနိုင်ငံပြည်သူတွေ အကျုးိဖြစ်ထွန်းအောင်လုပ်နိုင်ကြဖို့ အခွင့်အရေးရှိလာဖို့ပဲ ကျနော်ကတော့ မျှော်လင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ တဆက်တည်း မေးမြန်းခဲ့တာက နာဂစ်မုန်တိုင်းလွန်ကာလ မြန်မာစစ်အစိုးရ နဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေပါ။ ဆိုင်ကလုန်မုန်တိုင်း တိုက်ခိုက်ပြီးစကာလက နိုင်ငံတကာက ဝင်ရောက်ကူညီမှုတွေကို စစ်အစိုးရက ငြင်းဆန်ကန့်သတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လမ်းကြောင်း ဖွင့်ပေးလာတာကို တွေ့ရပါတယ်။ ဒါကို ပြည်တွင်းနိုင်ငံရေးသမားတချို့ နဲ့ လူမှု့ထောက်ပံ့ရေးအဖွဲ့တချို့က စစ်အစိုးရကို သဘောထားပြောင်းလဲနိုင်ရေး ချည်းကပ်နိုင်မယ့် အခွင့်အရေးတပေါက်အဖြစ် ရှုမြင်ကြတာမို့ သံမှူးကြီးအနေနဲ့ ဘယ်လို အမြင်ရှိပါသလဲ။

Lary Dinger ။ ။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာ အထောက်အပံ့တွေ အကြီးအကျယ်လိုနေပါတယ်။ ဒါကို ဆိုင်ကလုံး နာဂစ်အပြီး ကျနော်တို့ လက်တွေ့ပိုပြီး မြင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မြစ်ဝကျွန်းပေါ်နဲ့ ဆိုင်ကလုံးဘေးဒဏ် သင့်ခဲ့တဲ့ ဒေသတွေကို ကျနော်တို့ အကူအညီတွေပေးနေခဲ့တဲ့ အမေရိကန်ဒေါ်လာက (၈၄) သန်းရှိခဲ့ပါပြီ။ အမေရိကန်ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာနဲ့ ပေးအပ်တဲ့ ဒီအကူအညီတွေကို လိုအပ်တဲ့နေရာတွေမှာ တကယ်တမ်း ထိထိရောက်ရောက် ပေးအပ် ကူညီ လုပ်ကိုင်နိုင်ဖို့ ကျနော်တို့ အထူးသတိထား ဆောင်ရွက်နေပါတယ်။ လိုအပ်မှုတွေက ကြီးမားသလို မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်နိုင်ရေး အထောက်အကူဖြစ်စေနိုင်တာမို့ ဒီလုပ်ငန်းစဉ်တွေကို ဆက်ပြီးလုပ်သွားရမယ်လို့ ကျနော် မြင်တယ်။ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက်ပါ ကောင်းမွန်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေရရှိရေးကိစ္စမှာ မြန်မာစစ်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှု ကို သံမှူးကြီးက အောက်ပါအတိုင်း ရှင်းပြပြောဆိုပါတယ်။

Lary Dinger ။ ။ ဆိုင်ကလုံးဖြစ်တုန်းနဲ့ ဖြစ်ပြီးစကာလမှာတော့ ကျနော်မြန်မာပြည် မရောက်သေးပါဘူး။ ဒါပေမဲ့ အခုလို လုပ်ငန်းစဉ်တွေ ပုံမှန်ဖြစ်လာတဲ့ကာလမှာတော့ အခြေအနေက ကောင်းတယ်လို့ ယူဆတယ်။ သုံးပွင့်ဆိုင်အုပ်စု (Tri-Partite Core Group) ကုလသမဂ္ဂ၊ စစ်အစိုးရ နဲ့ အာဆီယံ တို့ ပူးပေါင်းကူညီလုပ်ဆောင်ရေးဟာ ပြင်ပအကူအညီတွေ ရယူလုပ်ဆောင်ရေး၊ ပြည်တွင်းဖြန့်ဖြူးရေးတွေကို အတော်လေး အထောက်အကူပြုပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီထက်ပို အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG