သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ပထမအကြိမ် အာဖဂန်ရောက်


တနင်္ဂနွေနေ့တုန်းက အာဖဂန်နစ္စတန် နိုင်ငံကို ကြိုတင် ကြေညာခြင်း မရှိဘဲ သွားခဲ့တဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ တနင်္လာနေ့ အစောပိုင်းမှာတော့ အာဖဂန်နစ္စတန် နိုင်ငံကနေ ပြန်လည်ထွက်ခွာ သွားပါပြီ။

သမ္မတအနေနဲ့ အာဖဂန်နစ္စတန် နိုင်ငံကို ပထမဆုံးသွားတဲ့ ခရီးစဉ်ဟာ ၆ နာရီတောင် မပြည့်ပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတနဲ့ ဝန်ကြီးအဖွဲ့ အနေနဲ့ အုပ်ချုပ်မှု တိုးတက်အောင် လုပ်ဖို့ လိုအပ်သလို အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်ပြီး ဥပဒေ စိုးမိုးရေးကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ရှိအောင် လုပ်ဖို့လိုတယ်လို့ အမေရိကန် သမ္မတက အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ကို တနင်္ဂနွေနေ့တုန်းက ပြောခဲ့ပါတယ်။

သမ္မတ ကာဇိုင်းကလည်း သူ့နိုင်ငံကို အခုလက်ရှိ အခြေအနေထက် ရှေ့ပိုရောက်အောင် လုပ်ဖို့ ကတိပေးခဲ့ပြီး လုံခြုံရေးကိုလည်း အာဖဂန်နစ္စတန် လုံခြုံရေး တာဝန်ရှိသူတွေကပဲ တဖြည်းဖြည်း လွှဲပြောင်း ယူသွားနိုင်အောင် လုပ်မယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ကာဘူးမြို့တော် မြောက်ပိုင်းမှာရှိတဲ့ ဘက်ဂရမ် (Bagram) စစ်အခြေစိုက် စခန်းမှာ အမေရိကန် စစ်တပ် အရာရှိတွေ၊ တပ်သားတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပြီး တာလီဘန်တွေကို နိုင်အောင် မတိုက်နိုင်သ၍ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ကတိပြု ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း ဝါရှင်တန်ကို မေလ ၁၂ ရက်နေ့မှာ လာရောက်မယ် ဆိုတာကိုလည်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG