သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ်


NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေအောက်မှာ နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကျင်းပတဲ့ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ NLD ပါတီ ပျက်ပြယ်သွားပြီလား၊ ရှေ့ဆက် ဘယ်လို ရပ်တည်မလဲဆိုတဲ့ မေးခွန်းတွေကို ဒီကနေ့ NLD ဗဟိုဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ NLD ခေါင်းဆောင်တွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပါတီရပ်တည်ရေးထက် ပါတီရဲ့ နိုင်ငံရေး ရှင်သန်ရေးကို ဦးစားပေးပြီး ဒီနေ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာပါတယ်။

“ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံတင်မည် မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်သည်။”

NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးသား ပါတီတခု ဖြစ်တယ်ဆိုတာကို ဦးဉာဏ်ဝင်းက အလေးအနက် ထည့်သွင်းပြောဆိုပြီး ထပ်မံ မှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့လည်း လက်ရှိ မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ ဥပဒေတွေအရ ထပ်ပြီး မှတ်ပုံမတင်ဘူးဆိုရင် NLD ဟာ နိုင်ငံရေးပါတီ အဖြစ်က ပျက်ပြယ်သွားပြီလား၊ ရှေ့ဆက်ရပ်တည်ရေးမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မလဲ၊ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကတော့ ပါတီ ပျက်ပြယ်တယ်လို့ မမှတ်ယူတဲ့အကြောင်း အခုလို ပြောပါတယ်။

“ပါတီက ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ မဝင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်၊ သို့မဟုတ် မှတ်ပုံတင်ခြင်း မပြုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်၊ ပါတီဝင်တွေကို ဒါဟာ အမိန့်ကြော်ငြာစာနဲ့ ပဲ့တင်ခြင်းပြုသည် ဆိုတာမျိုးဟာ ဒီမိုကရေစီနိုင်ငံမျိုးမှာ မရှိနိုင်တဲ့သဘော ဖြစ်တဲ့အတွက်၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင်သည်ပင်လျှင် ပျက်ပြယ်သွားပြီလို့ မမှတ်ယူပါဘူး။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဥပဒေအရ ပါတီ ဖျက်သိမ်းခံရတယ်ဆိုရင် ပါတီ ပျက်စီးခြင်းလို့ မယူဆတဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဦးတင်ဦးနဲ့ ဦးဉာဏ်ဝင်းက ပါတီဖျက်သိမ်းခံရနိုင်တဲ့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကိုယ့်ပါတီထောင်ထားတာ ကိုယ် ဘယ်တော့မှ မဖျက်ဘူး။ အဲဒါကို သူတို့က သူတို့ဘာသာသူတို့ စွမ်းပကားရှိလို့ လာပြီးတော့ ဖျက်တယ် ပြုတယ် ဆိုရင်လည်းပဲ သူတို့သဘောပဲပေ့ါ။”

“ဒေါ်အောင်ဆန်းစုကြည် စကားလေးကို ကျနော် ဖြည့်ပြောမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ဥပဒေအရ ပါတီ ဖျက်သိမ်းခံရရင် ပါတီ ပျက်စီးခြင်း မဟုတ်ပါဘူးတဲ့၊ ပျက်စီးခြင်းလို့လည်း မယူဆပါဘူး။”

“အေးအေးချမ်းချမ်းနဲ့ လှုပ်ရှားနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတာပါပဲ။”

ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ဆက်လက် ရပ်တည်ပြီး နိုင်ငံရေးတာဝန်တွေ ဆက်ပြီး ထမ်းဆောင်နိုင်ခွင့်ဟာ အခြေခံ အခွင့်အရေး ဖြစ်တယ်လို့ NLD ဘက်က ပြောပါတယ်။ ဒါပေမဲ့လည်း NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီ တရပ်ရဲ့ အခွင့်အရေးတွေကို အရင်တုန်းကရော အပြည့်အ၀ ရခဲ့ပါရဲ့လား၊ ရွေးကောက်ပွဲ ဥပဒေတွေကို သပိတ်မှောက်ထားတဲ့ နိုင်ငံရေးပါတီ တခုကို မြန်မာစစ်အစိုးရဘက်က အင်အားသုံး ဖျက်သိမ်းတာမျိုး၊ ဖမ်းဆီးတာမျိုးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို မကြုံရနိုင်ဘူးလား၊ ဒီလို မေးခွန်းထုတ်တာတွေနဲ့ ပတ်သက်လို့လည်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြန်လည် ဖြေကြားပါတယ်။

“ဖမ်းချင်လည်းဖမ်း၊ ဆီးချင်လည်းဆီး၊ ရိုက်ချင်လည်းရိုက်၊ နှက်ချင်လည်းနှက်၊ လုပ်ချင်တာ လုပ်ပါ။ ဒါပေမဲ့ ကျနော်တို့ ရပ်တည်ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ဆိုတာကတော့ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်သွားတဲ့နည်းကို ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်သွားခြင်းသည် ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထု တရပ်လုံး၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းနဲ့ တကွ နိုင်ငံတကာ ဒီမိုကရေစီ ချစ်မြတ်နိုးသူ အားလုံးက စာနာခြင်း၊ ထောက်ထားခြင်း၊ သနားခြင်း၊ ကူညီခြင်း စတဲ့ဟာတွေ ရရှိမှာ ဖြစ်ပါတယ်။

“သူတို့ ကူညီတာ၊ ထောက်ပံ့တာ၊ အားပေးတာကိုတော့ ကျနော်တို့က အားတခုအနေနဲ့ လုပ်ကြပြီး တညီတညွတ်တည်း ရှိနေတဲ့ ကျနော်တို့ အဓိက ဒီမိုကရေစီ အင်အားစုတွေသာလျှင် ပြည်သူလူထုနဲ့တကွ တိုင်းရင်းသား တရပ်လုံးရဲ့ အားသာလျှင် ကျနော်တို့ရဲ့အား ဖြစ်တယ်ဆိုတာကို ယုံကြည်စွာဖြင့် မမှိတ်မသုန် ချီတက်သွားကြမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ရွေးကောက်ပွဲ ဥပဒေပါ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ မတရားတဲ့ အချက်အလက်တွေကို မြန်မာစစ်အစိုးရဘက်က ပြင်ဆင်ညှိနှိုင်းလာတာကို စောင့်စားဖို့နဲ့ ကြေလည်အောင် ဆွေးနွေးသွားမယ် ဆိုတဲ့ သဘောထားကတော့ ဆက်ပြီး ရှိနေတဲ့အကြောင်း ဦးတင်ဦးက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG