သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ မှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ပြည်တွင်းပြည်ပ အမြင်အမျိုးမျိုး


မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအတိုင်း ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်တွေ အစည်းအဝေးက မှတ်ပုံမတင်ဘို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ အခုလို ဆုံးဖြတ်ချက်အပေါ် ပြည်တွင်းပြည်ပ နိုင်ငံရေး လှုပ်ရှားသူတွေကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

NLD ဌာနချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးက ပါတီမှတ်ပုံမတင်ဘို့ကို အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့ သိရပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ကတော့ တရားဝင် ကြေညာချက် မထုတ်ပြန်သေးပါဘူး။ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က အခုဆုံးဖြတ်ချက်ဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ ဆိုပါတယ်။

“လိုအပ်လို့ ချမှတ်လာပြီဆိုရင် ဒီမူတွေကို လိုက်နာရမယ်၊ စောင့်ထိန်းရမယ်။ မူဝါဒတခုဟာ ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ် ဖြစ်ရမယ် ဆိုပေမဲ့ အခြေခံမဲ့၊ အကြောင်းမဲ့တော့ မူတွေကို မစွန့်လွှတ်သင့်ဘူး။ အခုလည်းပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် CRPP မှာ ချမှတ်ထားတဲ့ မူဝါဒတွေ ရှိပါတယ်။ မူလ စထောင်ကတည်းက ၉၀ ရလဒ် အကောင်ထည် ဖော်ရေး၊ နောက်ဆုံးမှာတော့ ရွှေဂုံတိုင် ကြေညာစာတမ်း ဆိုတာလည်းပဲ တနည်းအားဖြင့် ပြောမယ်ဆိုရင် CRPP ပါ သဘောတူထားတဲ့ ဆုံးဖြတ်ချက် မူဝါဒတခု ဖြစ်ပါတယ်။ ဒါတွေကို စွဲစွဲမြဲမြဲ ကိုင်စွဲဖို့ လိုတယ်။ အခုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီမူဝါဒတွေက မသွေဖည်ဘူး၊ ဒီမူဝါဒတွေကိုပဲ စွဲစွဲမြဲမြဲ ရပ်တည်ထားတယ် ဆိုတဲ့သတင်းကို ကြားရတဲ့အတွက် CRPP အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့ မြင်ပါတယ်။”

ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရက်တစ်ပါတီ ဗဟိုအမှုဆောင် ဒေါ်ချိုချိုကျော်ငြိမ်းကတော့ အခွင့်အလမ်းတခု ဆုံးရှုံးသွားတယ်လို့ မြင်ပါတယ်။

“တကယ်လို့ NLD မပါလို့ အန်တီတို့လည်း မပါတော့ဘူး ဆိုပြီးတော့ ငုတ်တုတ်ထိုင်နေကြရင် အချိန်တန်လာရင် ဒီမဲက သိပ်တန်ဖိုးရှိတာနော်။ တိုင်းပြည်ကောင်းအောင်လည်း လုပ်နိုင်တယ်၊ ဆိုးအောင်လည်း အလှည့်အပြောင်း လုပ်နိုင်တယ်။ တန်ဖိုးရှိတဲ့မဲကို ပြည်သူတွေက အဲလောက် နားမလည်သေးဘူး။ အဲဒီ မဲပြားကြီး ကိုင်ပြီး ဘယ်ဗိုလ်ချုပ်ကို ပေးမှာလဲ၊ နိုင်ငံရေးသမား မဟုတ်လည်း ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကြိုက်ရင် ပေးနိုင်တယ်၊ အဲဒီ အခွင့်အရေးကို ရစေချင်ပါတယ်။”

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ လာမယ့် မေလ ၈ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါကတော့ ရွေးကောက်ပွဲဆိုတာ အပြောင်းအလဲတခု မဟုတ်တဲ့အတွက် အခုလို ဆုံးဖြတ်တာ မှန်ကန်တယ်လို့ ဆိုပါတယ်။

“ဒါ သင့်တင့်လျောက်ပတ်တဲ့ ဆုံးဖြတ်ချက်ပဲ။ ဘာလို့လဲဆိုတော့ အပြောင်းအလဲကို မဟုတ်ဘူး။ ဒီ နအဖ စစ်အစိုးရ တည်မြဲရေး၊ စစ်အာဏာရှင်စနစ် တည်မြဲရေး လုပ်နေတာ။ အပြောင်းအလဲ ရှိရင်တော့ တမျိုးပေါ့ဗျာ။ အခုဟာက အပြောင်းအလဲ မရှိတဲ့ အခါကျတော့ ဥပဒေဘောင်တွင်းတို့၊ နိုင်ငံရေးပါတီအဖြစ် ဆက်လှုပ်ရှားလို့ ဘာထူးတော့မလဲ။ အဲလို ဆက်လှုပ်ရှားမယ်ဆိုရင် မှတ်ပုံတင်လိုက်တာနဲ့ သူ့ဥပဒေအရက လိုအပ်တဲ့ ခေါင်းဆောင်တွေ၊ လိုအပ်တဲ့ အဖွဲ့ဝင်တွေဟာ အကုန်လုံး ထုတ်ပစ်ရမယ်။ ဆိုတဲ့အခါကျတော့ ဒီဟာ နအဖရဲ့ ဥပဒေကို ထောက်ခံတာမျိုး ဖြစ်သွားမယ်။ နအဖရဲ့ အစီအစဉ်ကို ထောက်ခံတာမျိုး ဖြစ်သွားမယ်။ အဲဒါကြောင့် ပြတ်ပြတ်ပဲ၊ မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အဲဒါ ပြီးတာပဲ။”

အခုဆုံးဖြတ်ချက်ကို ပြည်နယ်နဲ့တိုင်း စည်းရုံးရေး ကော်မတီ အများစုနဲ့ ဗဟိုအလုပ်အမှုဆောင် အများစုက သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ဒါဟာ ပြည်သူ့သဘောထားပဲလို့ ဆိုပါတယ်။

“ဒီကိစ္စဟာ ပြည်သူလူထု သဘောထားနဲ့ ကိုက်ညီတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သမိုင်းမှာ မှတ်ကျောက်တင်ခံရတဲ့ နိုင်ငံရေးပါတီကြီး တရပ်အဖြစ် ရပ်တည်နိုင်လိုက်ပြီ ဖြစ်တယ်လို့ ပြောချင်တယ်။ ပါတီရှိတာ မရှိတာ၊ ပါတီဖျက်ပစ်တာ မဖျက်ပစ်တာ သူတို့ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အမှတ်ရစေချင်တယ်။ ပါတီဖျက်တာက သူတို့ဖျက်တာ ဖြစ်တယ်၊ ပါတီ မပျက်ဖို့လိုတယ်၊ ဒါ အဓိကဖြစ်တယ်။

“ဒုတိယတချက် ပြောချင်တာကတော့ နအဖ စစ်အုပ်စုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းသည်ဖြစ်စေ၊ မဖျက်သိမ်းသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပျက်မှာမဟုတ်ဘူး။ ပြည်သူလူထုထဲမှာ အမြဲတမ်း တည်ရှိနေမှာ ဖြစ်တယ်။ တတိုင်းပြည်လုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်သွားမှာ ဖြစ်တယ်။

“အနှစ် ၂၀ လုံးလုံး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တိုင်းပြည်အတွက် ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်း၊ ပြေလည်ရာ ပြေလည်ကြောင်းတွေကို တစိုက်မတ်မတ် တောင်းဆိုခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုကို တစိုက်မတ်မတ် တောင်းဆိုခဲ့တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တစိုက်မတ်မတ် တောင်းဆိုခဲ့တယ်။ ဒါကို မတုံ့ပြန်တာ နအဖအစိုးရ ဖြစ်တယ် ဆိုတဲ့အကြောင်းကို ပြည်သူလူထုကို တင်ပြ ပြောဆိုသင့်တယ်၊ ပန်ကြားချက်တစောင် ထုတ်ပြန်သင့်တယ်လို့ ကျနော်ထင်တယ်။”

ဒါကတော့ NLD ပါတီ မှတ်ပုံမတင်ဘို့ ဆုံးဖြတ်လိုက်မှုအပေါ် ပြည်တွင်းပြည်ပက နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အမြင်တွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG