သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ ဖော်ဆောင်ဖို့ HRW အင်ဒိုနီးရှားကို တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ အာဆီယံ အသင်းကြီးရဲ့ ဦးဆောင်နိုင်ငံ တနိုင်ငံပီပီ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အခြေအနေကို ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုသင့်တယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ဟာ မနက်ဖြန် မြန်မာနိုင်ငံကို သွားဖို့ စီစဉ်ထားတဲ့ အချိန်မှာပဲ HRW လူ့အခွင့်အရေး အဖွဲ့ကနေ အင်ဒိုနီးရှား အစိုးရကို အခုလို တိုက်တွန်းလိုက်တာပါ။ ဒေသတွင်းက သြဇာကြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ၊ အထူးသဖြင့်ဆိုရင် အခု ရွေးကောက်ပွဲအတွက် ဥပဒေတွေဟာ နိုင်ငံတကာ စံနှုန်းအရ တရားမျှတမှု မရှိဘူးဆိုတာ ပြင်းပြင်းထန်ထန် ထောက်ပြသင့်တယ်လို့ HRW အဖဲွဲ့ကြီးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို တိုက်ရိုက် စာရေးသား ပေးပို့ခဲ့ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ အာဆီယံထဲမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် ဦးစီးဦးဆောင်ပြုဖို့ လိုလားတယ်လို့ HRW ရဲ့ မြန်မာ့အရေးဆိုင်ရာ ပြောခွင့်ရသူ ဒေးဗစ် မက်သီဆန် (David Mathieson) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာအစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ ဆွေးနွေး စကားပြောဆိုဖို့ ရှိတယ်ဆိုတာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောထားပြီးသားပါ။ ဒီအပေါ်မှာ ကျနော်တို့ ကြိုဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အသင်းကြီးရဲ့ ဦးဆောင်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံအနေနဲ့ ဒီရွေးကောက်ပွဲ ဥပဒေတွေဟာ မျှတမှု မရှိဘူး၊ အားလုံး ပါဝင်နိုင်ခွင့် မရှိဘူး ဆိုတာကို ပိုပြီး ပြင်းပြင်းထန်ထန် ပြောဆိုသင့်ပါတယ်။ ဒါကြောင့် မြန်မာလူထုရဲ့ ဒီမိုကရေစီ လိုလားမှုတွေကို မြန်မာစစ်အစိုးရ အနေနဲ့ လေးစား လက်ခံနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ဦးစီးဦးဆောင်ပြု ဖိအားပေး လုပ်ဆောင်သွားဖို့ ကျနော်တို့ တိုက်တွန်းတာပါ။”

EU ဥရောပသမဂ္ဂလိုမျိုး အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ထားသင့်တယ်လို့ HRW က အကြံပြုထားပါတယ်။ ဒါ့အပြင် လာမယ့် ဧပြီ ၈ ရက်၊ ၉ ရက် ဟနွိုင်းမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာ့အရေးကို အင်ဒိုနီးရှားအနေနဲ့ ဦးဆောင်ဆွေးနွေးပေးဖို့ တိုက်တွန်းပါတယ်။ အာဆီယံ ပဋိညာဉ်ပါ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေနဲ့ အခု မြန်မာနိုင်ငံတွင်း ဖြစ်နေတဲ့ အခြေအနေတွေဟာ ကိုက်ညီမှု မရှိဘူးလို့လည်း HRW က ထောက်ပြပါတယ်။

တကယ်တော့ အာဆီယံအနေနဲ့ ပြည်တွင်းရေး ဝင်မစွက်ရဘူး ဆိုတဲ့မူ ရှိပေမဲ့ ဒီ အာဆီယံ ပဋိညာဉ်ပါ လူ့အခွင့်အရေး တန်ဖိုးတွေကြောင့် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိတယ်လို့ HRW ပြောခွင့်ရသူ ဒေးဗစ် မက်သီဆန်က ယူဆပါတယ်။

“နာဂစ် ဆိုင်ကလုန်းမုန်တိုင်း အပြီးမှာ အာဆီယံ အသင်းကြီး အနေနဲ့ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝန် (Surin Pitsuwan) နဲ့ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဖွဲ့ပြီး ဝင်ရောက်စွက်ဖက် လုပ်ဆောင်နိုင်တယ် ဆိုတဲ့ သာဓကကောင်း ရှိပါတယ်။ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း အာဆီယံ အသင်းကြီး အနေနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဝေဖန်ပြောဆိုတာမျိုး လုပ်သင့်ပါတယ်။

“အခု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားမယ့် ခရီးစဉ်ဟာ ဒီအတွက် ဦးဆောင်ဦးရွက် လုပ်နိုင်မယ့် အခွင့်အလမ်းကောင်း ဖြစ်ပါလိမ့်မယ်။ မကြာခင်တုန်းကတော့ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ်က မြန်မာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အကောင်းမြင်သဘော ပြောခဲ့တာ ရှိထားပါတယ်။ ဒီအပေါ်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ပြန်ပြင်ဆင်ပြီး အာဆီယံကိုယ်စား တွန်းအားပေး၊ ဖိအားပေး ပြောဆိုနိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မနက်ဖြန် မြန်မာနိုင်ငံ သွားတဲ့အခါ မကြာခင်က မြန်မာအစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ အချက်အလက်၊ အခြေအနေတွေကို မေးမြန်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်က ပြောထားပါတယ်။ အထူးသဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ထည့်သွင်း ပါဝင်ခွင့်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းနေပါတယ်။

တချိန်က အင်ဒိုနီးရှားနိုင်ငံဟာ အာဏာရှင်လက်အောက် အတန်ကြာ နေခဲ့ရပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စတင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအတွေ့အကြုံနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အင်ဒိုနီးရှား ခေါင်းဆောင်တွေက ဖျောင်းဖျ နားချနိုင်မလား၊ လေ့လာသူ အတော်များများက ဒါကို မျှော်လင့်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG